ဧရာဝတီတိုင်းက ခုံး(ဂုံး)၊ ခရုကောက်သူတွေ စျေးကောင်းမရတော့လို့ ခက်ခဲနေ
2023.08.25

ရာသီဥတုကလည်း မှိုင်းညို့ညို့နဲ့ ခါးလယ်လောက်ရှိတဲ့ ရေအနက်မှာ လှိုင်းဒဏ်၊ လေဒဏ်ကိုအံတုပြီး ဝမ်းရေးအတွက် ခုံး(ဂုံး)၊ ခရုကောက်နေကြသူတွေထဲမှာတော့ အသက် ၅၈ နှစ်အရွယ် ဦးမြင့်ဆွေတို့ ဇနီးမောင်နှံလည်း ပါဝင်ပါတယ်။
ဦးမြင့်ဆွေဟာ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် သဘော့အိုင်ကျေးရွာမှာ နေထိုင်လာတာ အနှစ်လေးဆယ်လောက် ရှိပါပြီ။ သူတို့မိသားစု ဒီရွာမှာပဲ ခုံး(ဂုံး) ခရုကောက်တာ၊ ပင်လယ်မှာ ငါးပုစွန်ဖမ်းတာတွေကို ရာသီအလိုက် လုပ်ကိုင်စားသောက်လာတာ နှစ်ပေါင်း နှစ်ဆယ်ကျော်နေပါပြီ။
သူတို့ဟာ လှိုင်းကြားလေကြားမှာ ခုံး(ဂုံး)၊ ခရုတွေကို ဂျစ်နဲ့ဆွဲယူပြီး ရလာတာတွေကို ပီနံအိတ်ထဲထည့်၊ ကမ်းရောက်တဲ့အခါမှာတော့ လှေပေါ်က ပစ်ချရသလို အဲဒီ ခုံး(ဂုံး)၊ ခရုအိတ်တွေကို ရေထဲငုပ်ပြီးသယ်ယူရတာက ဦးမြင့်ဆွေရဲ့ နေ့စဉ်အလုပ်တစ်ခုပါ။
ခုံး(ဂုံး)၊ ခရုတွေ စျေးမကောင်းတော့ပေမယ့် စားဝတ်နေရေးအတွက် ဒီအလုပ်ကိုပဲ လုပ်နေရတယ်လို့ ဦးမြင့်ဆွေက ပြောပါတယ်။
"ခုံး(ဂုံး)တစ်အိတ်ကို ဘယ်လောက်သန်စွမ်းနေပါစေ မလုပ်ဖူးတဲ့လူတစ်ယောက် တွေ့တာတွေ့ မြင်တာမြင်နေတယ် အဲဒီ ခုံး(ဂုံး) တစ်အိတ်ကို မ မဖူး၊ မကိုင်ဖူးတဲ့သူ မကြည့်လိုက် တော်တော်လေးကို လေးပါတယ်။ တော်တော် ဒုက္ခရောက်ပါတယ်။ ဦးလေးတို့လည်း ဒီလိုပေါ့နော်။ အခု ငါးဆယ်ကျော်ဖြစ်နေပေမယ့် အလုပ်တစ်ခုလို လုပ်သာလုပ်ရတယ် ညကျရင် ကိုယ်တွေလက်တွေ တအားနာတာ။ ခြေထောက်တွေအောင့်၊ ခြေဖဝါးတွေအောင့် အဲလို။ ဒါပေမဲ့ မရှိတော့လည်း လုပ်စားနေရတာ"
အရင်ကတော့ ရလာတဲ့ ခုံး(ဂုံး)၊ ခရုတွေကို အလုံးလိုက်လာဝယ်တဲ့ ခရုဒိုင်ကြီးတွေ ရှိပါတယ်။ ဒီနှစ်တွေမှာ လာဝယ်တဲ့သူ မရှိတော့ဘဲ စျေးကွက်ကလည်း ကျဆင်းလာတာကြောင့် အရင်ကတစ်နေ့ကို ဝင်ငွေ ငါးသောင်းလောက် ရနေရာကနေ အခုတော့ တစ်နေ့ကို ငွေကျပ် တစ်သောင်းကျော်လောက်ပဲ ရတော့တယ်လို့ ဆိုပါတယ်။
"အလုပ်အကိုင်က မကောင်းကြဆိုတော့ ရောင်းရချရတာက ဒီလောက် မကောင်းဘူး။"
အရင်က သူတို့မိသားစုလိုက် ခုံး(ဂုံး)၊ ခရုကောက်ကြပေမယ့် အရွယ်ရောက်လာတဲ့ သားသမီးတွေကတော့ ဒီအလုပ်ကို စွန့်လွှတ်ပြီး မြို့မှာ အလုပ်လုပ်နေကြပါပြီ။
ခုံး(ဂုံး)၊ ခရုကောက်လာတာ နှစ်ပေါင်းများစွာကြာလာပေမယ့် သူတို့ဘဝ မတိုးတက်လာတော့လို့ ဦးမြင့်ဆွေရဲ့ဇနီး ဒေါ်သန်းသန်းဦးက စိတ်ပျက်နေပါပြီ။
"အသက်ကြီးလာတော့လည်း လုပ်ရတာ စိတ်ဓာတ်တွေ ကျလာပြီလေ။ ပင်ပန်းတယ် ခရုကောက်ရတာလေ။ တော်တော် ဒုက္ခတွေလည်း ရောက်တာပေါ့။ လှေကောင်းမှ မကောင်းတဲ့အခါကြရင်တော့ တော်တော်မှ ဒုက္ခရောက်တယ်။ တစ်ခါတစ်လေ လှေတွေဘာတွေ မကောင်းလို့ မိုးလေဝသချရင် မြုပ်သေးတယ်လှေက။ မြုပ်ရင်လည်း ခုံး(ဂုံး)အိတ်တွေ အကုန်လုံး ချခဲ့ရတာပေါ့။ လူကြီးပဲ အဲလိုလာရတယ်။”
ဦးမြင့်ဆွေတို့ မိသားစုလိုပဲ ဘိုကလေးမြို့နယ် သောင်တာကျေးရွာက ပင်လယ်ကမ်းစပ်ကို လာပြီး ခုံး(ဂုံး)၊ ခရုကောက်ကြသူတွေဟာ ကဒုံကနိကျေးရွာနဲ့ ဧရာကျေးရွာအုပ်စုက အခြေခံလူတန်းစား အများစု ပါဝင်သလို လပွတ္တာမြို့နယ်က ဒေသခံတွေလည်း ပါဝင်ပါတယ်။
ဒီအလုပ်က ဝမ်းရေးအတွက် ဖူလုံပေမယ့် ငွေပိုငွေလျှံမရတာကြောင့် ပင်ပန်းတာသာ အဖတ်တင်ကျန်ခဲ့တယ်လို့ ဧရာကျေးရွာမှာ နေထိုင်တဲ့ ကိုစိန်ကုလားက ပြောပါတယ်။
"ခါတိုင်းကတော့ ရာသီပွင့်လင်းတော့ နည်းနည်းတော်သေးတယ်လေ။ ရောင်းရချရတာ။ ပိုက်ဆံတွေ ဘာတွေပေါတော့။ ခုဟာက ပြောမယ်ဆိုရင် ရာသီကမပွင့်လင်း။ ဟုတ်တယ် မဟုတ်လား။ အလုပ်အကိုင်က မကောင်းကြဆိုတော့ ရောင်းရချရတာက ဒီလောက် မကောင်းဘူး။ တစ်နေ့တစ်နေ့ လုပ်တာရတဲ့ဟာက ဘယ်လိုပြောမလဲဆိုတော့ ဒီစားတာသောက်တာနဲ့ပဲ ကုန်သွားတာပဲ။ အပြီးသတ်တော့ ပင်ပန်းပြီး မောပြီး ကျန်ခဲ့တာပဲ။"
ဒီလို ခုံး(ဂုံး)၊ ခရုကောက်သူတွေဟာ အရင်လို ဝင်ငွေမကောင်းတော့ပေမယ့် နေ့စဉ်စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့ ဒီအလုပ်ကိုပဲ ဆက်ပြီးလုပ်ကိုင်နေကြရဆဲ ဖြစ်ပါတယ်ခင်ဗျာ။