ရှေးအစဉ်အလာထိန်းသိမ်းထားတဲ့ ဓနုရိုးရာကောက်ရိတ်သိမ်းပွဲ

RFA Burmese
2023.12.15
ရှေးအစဉ်အလာထိန်းသိမ်းထားတဲ့ ဓနုရိုးရာကောက်ရိတ်သိမ်းပွဲ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှာ ဓနုလူမျိုးများ ကောက်ရိတ်သိမ်းနေကြသည်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်တောင်ပိုင်းက ဓနုလူမျိုးတွေဟာ ခေတ်မီနည်းပညာတွေ၊ စက်တွေမသုံးဘဲ ရိုးရာဓလေ့အတိုင်းပဲ လယ်ယာလုပ်ကိုင်နေကြပါတယ်။

အခုမြင်နေရတာကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်မှာနေကြတဲ့ ဓနုလူမျိုးတွေရဲ့ ရိုးရာဓလေ့ကောက်ရိတ်သိမ်းပွဲ ဖြစ်ပါတယ်။

သူတို့ဟာ ရိုးရာအစဉ်အလာထိန်းသိမ်းချင်တာကြောင့် ကောက်ရိတ်သိမ်းတာကို ခေတ်မီစက်ပစ္စည်းတွေကိုမသုံးဘဲ လူလုပ်အားနဲ့ပဲ လုပ်ကြတယ်လို့ ဓနုလူမျိုး လယ်သမားတွေက ပြောပါတယ်။

"ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသက နှစ်မြို့နယ်ရှိတယ်ဗျ။ ပင်းတယနဲ့ ရွာငံပေါ့။ အဓိက လုပ်ကိုင်စားသောက်ကြတဲ့ ရှေးရိုးလုပ်ကိုင် စားသောက်ကြတဲ့ဟာတွေက စပါး၊ ခရမ်းချဉ်သီးနဲ့ ပြောင်းဖူး၊ ဒီထဲမှာ အဓိကစိုက်ပျိုးတာက စပါးပါ။ ဒီနေ့ကတော့ လူများများစုံစုံလင်လင်နဲ့ ကောက်ရိတ်သိမ်းပွဲလုပ်တဲ့နေ့လေးပေါ့။ ကိုယ့်ရိုးရာ အစဉ်အလာမပျက်အောင် ဝိုင်းပြီးလုပ်နေကြတာပေါ့။ တစ်ယောက်ကို လယ်စားခေါ်၊ လယ်စားဆပ်၊ အဲဒါမျိုးနဲ့ လုပ်သွားကြတာပေါ့ဗျာ"

လယ်စားခေါ် လယ်စားဆပ်တယ်ဆိုတာ သူ့လယ်ကို ကိုယ်က သွားလုပ်ပေးသလို၊ ကိုယ့်လယ်မှာလည်း သူကလာလုပ်ပေးတဲ့ အပြန်အလှန်ကူညီတဲ့ဓလေ့ ဖြစ်ပါတယ်။

ကောက်ရိတ်သိမ်းပွဲမှာ အမျိုးသမီးတွေက စပါးရိတ်ကြပြီး အမျိုးသားတွေက ကောက်ပုတ်ကြတယ်လို့ ဓနုလူမျိုး လယ်သမားကြီး ဦးဝင်းလှိုင်က RFA ကိုပြောပါတယ်။

"ကျွန်တော်တို့ ဓနုလူမျိုးတွေက ပင်းတယမြို့နယ်နဲ့ ရွာငံမြို့နယ်တို့မှာ နေထိုင်ကြပါတယ်၊ တောင်သူလယ်သမားတွေဟာ၊ မိရိုးဖလာအရ လယ်ရိတ်၊ လယ်ပုတ်ကို လူတွေနဲ့ပဲ လုပ်ကြတယ်။ စက်တွေမသုံးကြဘူး။ မိန်းကလေးတွေက လယ်ရိတ်ကြပါတယ်၊ ယောက်ျားလေးတွေက လယ်ပုတ်ပေါ့။ စက်တွေနဲ့ သုံးမယ်ဆိုလို့ရင် နွားစာတွေက ရှုံးသွားတယ်လေ၊ နွားစာအတွက်မရတော့ဘူး၊ နွားစားတွေရှားမှာစိုးလို့ လူနဲ့ပဲဒုက္ခခံပြီး လုပ်ကြတာပေါ့"

ကောက်ပုတ်တယ်ဆိုတာက စပါးစေ့ခြွေတာကို ပြောတာပါ။ စပါးစေ့ကို စက်နဲ့ခြွေတဲ့အခါ ကောက်ရိုးကောင်းကောင်းမရလို့ ကျွဲ၊ နွားတွေအတွက် အစာကောင်းကောင်းမကျန်ဘူးလို့ ဆိုလိုတာပါ။ သူတို့ရဲ့ စပါးစိုက်ခင်းတွေအများစုက တောင်လှေခါးလေးတွေအတိုင်း အထက်အောက်၊ အနိမ့်အမြင့်နဲ့ စိုက်ကွက်ကလေးတွေ ဖော်ကြပါတယ်။

"စက်တွေနဲ့ သုံးမယ်ဆိုလို့ရင် နွားစာတွေက ရှုံးသွားတယ်လေ၊ နွားစာအတွက်မရတော့ဘူး။ နွားစားတွေရှားမှာစိုးလို့ လူနဲ့ပဲဒုက္ခခံပြီး လုပ်ကြတာပေါ့"

ဓနုတွေက မိသားစုတစ်နှစ်စာ စားဖို့သောက်ဖို့ လုံလောက်အောင်ပဲ စိုက်ကြတယ်လို့ အသက် ၇၀ ကျော် လယ်သမားကြီး ဦးထွန်းရွှေက RFA ကိုပြောပါတယ်။

"စားဖို့သောက်ဖို့ပဲ စိုက်တယ်၊ ပိုလျှံမှပဲရောင်းပြီး အလှူလုပ်ကြတယ်။ ဓနုလူမျိုးတွေက ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် အလှူလည်း လုပ်ကြတယ်လေ၊ မပိုလျှံရင်တော့ မရောင်းဘူးပေါ့။ ကိုယ်စားဖို့လေးပဲ စိုက်ကြတာ"

ဓနုလူမျိုးတွေဟာ ကောက်သိမ်းခဆိုပြီး အခကြေးငွေမယူကြဘဲ၊ ကိုယ့်လယ်သူ့လယ် အလှည့်ကျစနစ်နဲ့ ကောက်သိမ်းပွဲလုပ်ကြတာလို့ ကောက်လှိုင်းတွေ ထမ်းပို့ပေးနေတဲ့ ကိုအောင်နိုင်လင်းက ပြောပါတယ်။

"ကိုကျော်သန်းအခင်းပြီးလို့ရှိရင် ကိုစိုးမြင့်လင်းအခင်း၊ ကိုစိုးမြင့်လင်းပြီးမှ နောက်နေ့ ကျွန်တော့်အခင်း၊ အဲဒီလိုလယ်စားခေါ်၊ လယ်စားဆပ်တဲ့ပုံစံမျိုးနဲ့ လုပ်သွားကြတာပေါ့။ စက်တွေနဲ့မလုပ်ကြဘူး။ ရိုးရာဓလေ့ကို ထိန်းသိမ်းတဲ့အနေနဲ့ ဘိုးဘွားဘီဘင်တွေ လုပ်လာတဲ့ဓလေ့အတိုင်းပဲ လုပ်နေကြတာပါ ခင်ဗျ"

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှာ ဓနုလူမျိုးများ ကောက်ပုတ်နေကြသည်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ နေ့က တွေ့ရစဉ်။ (Photo: RFA)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှာ ဓနုလူမျိုးများ ကောက်ပုတ်နေကြသည်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ နေ့က တွေ့ရစဉ်။ (Photo: RFA)

လယ်အစားပြန်လုပ်ပေးဖို့ လယ်မရှိတဲ့သူတွေကိုတော့ ကောက်ရိတ်သိမ်းခပေးရပါတယ်။ ရိတ်သိမ်းပွဲမှာတော့ သန်မာတဲ့ လူငယ်၊လူလတ်တွေက ကောက်လှိုင်းတွေ သိမ်း၊ စပါးစေ့ခြွေတဲ့နေရာကို သယ်ပေးကြပါတယ်။ သက်ကြီးပိုင်းတွေက အဲဒီမှာ စပါးစေ့ ခြွေကြပါတယ်။

နောက်ထပ် ရိုးရာတစ်ခုကတော့ လယ်ပိုင်ရှင်က စိုက်တဲ့နေ့ရော၊ ကောက်ရိတ်သိမ်းပွဲ လုပ်တဲ့နေ့မှာပါ သူ့လယ်ကို ဝိုင်းလုပ်ပေးတဲ့သူတွေကို ထမင်းဟင်းနဲ့ ကျွေးမွေးဧည့်ခံပြီး၊ အဖျော်ယမကာသောက်တတ်တဲ့သူတွေကို ညပိုင်းမှာပွဲလုပ်ပေးတယ်လို့ လယ်ပိုင်ရှင် မမြင့်မြင့်အေးက ပြောပါတယ်။

"စိုက်တဲ့နေ့မှာလည်း ထမင်းတွေ၊ ဟင်းတွေ ကျွေးတယ်။ ဓနုလူမျိုးတွေရဲ့ ဓလေ့ထုံးစံပေါ့။ ရိတ်တဲ့နေ့မှာလည်း ကျွေးကြတယ်၊ ရိတ်သိမ်းပြီး ပုတ်တဲ့နေ့မှာလည်း ကျွေးကြတယ်။ ဓနုလူမျိုးတွေက ဒီဓလေ့ထုံးစံကို လုပ်ကြပါတယ်"

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ပြည်သူတွေဟာ စစ်ဖြစ်နေတဲ့ဒေသကလူတွေလို ဒုက္ခမရောက်ကြပေမယ့် စိုးရိမ်စိတ်တွေနဲ့ နေကြရပါတယ်။

စစ်အာဏာသိမ်းတဲ့ နောက်ဆက်တွဲအကျိုးကြောင့် စရိတ်စကတွေ၊ မျိုးစပါးစျေးနဲ့ သီးစားကြေးတွေ၊ လုပ်အားခတွေ နှစ်ဆကျော်လောက်တက်သွားတဲ့ဒဏ်တွေကို ခံစားနေရတယ်လို့ ပြောကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
ရန်ကုန်မြို့ အထပ်မြင့်တိုက်တွေပေါ်က ပင့်ကူလူသားများ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။