သေဆုံးသူ ဒေါ်ကြီးမြင့်ဈာပန သားဖြစ်သူ နိုင်ငံရေးအကျဥ်းသား ပို့ဆောင်ခွင့်မရ

အင်းစိန်ထောင်ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူ ရှစ်ဦးထဲက နိုင်ငံရေးအကျဉ်းသား ကိုလင်း ထက်နိုင် (ခ) ကိုဂျိမ်းရဲ့ မိခင် အသက် ၅၅ နှစ်အရွယ် ဒေါ်ကြီးမြင့်ရဲ့ ဈာပနအခမ်းအနားကို ရန်ကုန်မြို့က နေအိမ်မှာ အောက်တိုဘာ ၂၁ ရက် ဒီနေ့ ပြုလုပ်ခဲ့ပြီး ကျီစုသုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
သားကို ထောင်ဝင်စာလာပို့ရင်း ရုတ်တရက် အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့ မိခင်ဖြစ်သူရဲ့ နောက်ဆုံး ခရီးကို ရန်ကုန်တစ်မြို့တည်းမှာဖြစ်ပေမယ့် ထောင်ထဲက ကိုလင်းထက်နိုင် လိုက်ပါပို့ဆောင်ခွင့်၊ ကန်တော့ခွင့် မရခဲ့ပါဘူး။
နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကြောင့် မကြာခဏဖမ်းဆီးခံနေရတဲ့ သားဖြစ်သူကို ဒေါ်ကြီးမြင့် က ဘယ်ထောင်ရောက်ရောက်၊ ဘယ်နှနှစ်ကျကျ မေတ္တာမပျက် ထောင်ဝင်စာ အမြဲပို့ခဲ့သူ ဖြစ်တယ်လို့ ကွယ်လွန်သူ ဒေါ်ကြီးမြင့်ရဲ့ အစ်မဖြစ်သူ ဒေါ်မြင့်မြင့်စိန်က ပြောပါတယ်။
“သူ့သားနဲ့ တွေ့ချင်လွန်းလို့ အစောကြီးသွားတယ်။ အစောကြီးသွားလို့လည်း ဒီလိုဖြစ်သွားတယ်လို့ ပြောရမှာပေါ့လေ"
အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ရုံးထုတ်လာမယ့်သားကို တွေ့ချင်စောနဲ့ အင်းစိန် ထောင်မှာ အစောကြီး သွားစောင့်ခဲ့လို့ ဒီလိုအဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာလို့ ဒေါ်မြင့်မြင့်စိန် က ပြောပါတယ်။
“သူ့သားနဲ့ တွေ့ချင်လွန်းလို့ အစောကြီးသွားတယ်။ အစောကြီးသွားလို့လည်း ဒီလိုဖြစ် သွားတယ်လို့ ပြောရမှာ ပေါ့လေ။ သူ့သားနဲ့သွားတွေ့ဖို့ ညကတောင် အိပ်လို့မပျော်ဘူး တဲ့။ ကိုယ့် ညီမတစ်ယောက်လုံး ဆုံးရှုံးရတာဆိုတော့ ခံစားရတာပေါ့။ နောက်ပြီး တော့ ထောင်ဝင်စာ ပို့ဖို့လည်း မပို့နိုင်တော့ဘူး။ အဲဒီအတွက် ပိုဝမ်းနည်းတယ်။ သူက သူ့သား ကို ထောင်ဝင်စာတွေ့ နေကျလေ။ သူမရှိတော့ဘူးဆိုတော့ ဝမ်းနည်းတယ်”
သူ့အတွက် ထောင်ဝင်စာလာပို့ရင်း မိခင်ဖြစ်သူ အခုလို အသက်ဆုံးရတာကြောင့် ထောင် ထဲက ကိုလင်းထက်နိုင် လည်း ယူကျုံးမရဖြစ်ပြီး စိတ်ထိခိုက်နေမှာကို ဒေါ်မြင့်မြင့်စိန် က စိုးရိမ်နေပါတယ်။
ဗကသ ဗဟိုကော်မတီဝင်ဟောင်းဖြစ်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်း ဟာ စစ်အစိုးရနဲ့ အရပ်သားအစိုးရ အဆက်ဆက်လက်ထက် မတရားမှုတွေကို ဆန့်ကျင်တွန်းလှန်ခဲ့တာကြောင့် ၂၀၀၈ ကနေ ၂၀၁၁ အထိ ပထမအကြိမ်၊ ၂၀၁၅ က နေ ၂၀၁၆ အထိ ဒုတိယကြိမ်၊ ၂၀၂၀ ကနေ ၂၀၂၁ အထိ တတိယအကြိမ်နဲ့ အခု စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဇွန်လမှာ စတုတ္တအကြိမ် ဖမ်းဆီးခံထားရတာ ဖြစ်ပါ တယ်။
သားဖြစ်သူ ထောင်အကြိမ်ကြိမ် ကျနေချိန်တစ်လျှောက်လုံး ဝေးလံတဲ့ထောင်တွေကို အပို့ခံရရင်တောင် မိခင် ဒေါ်ကြီးမြင့်က တစ်ခါမှ မညည်းညူဘဲ ထောင်ဝင်စာ လိုက်ပို့လေ့ ရှိတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အခုတော့ ကိုလင်းထက်နိုင်အတွက် ကြီးမားတဲ့ ကောင်းကင်ကြီး ပြိုကျသွားပြီလို့ ကိုလင်း ထက်နိုင်ရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုသီဟဝင်းတင် က ဝမ်းနည်းစကား ဆိုပါတယ်။
“၂၀၁၅ မှာ ဂျိမ်း အဖမ်းခံရတော့လည်း ဒီအတိုင်းပဲ။ သူ့ဘဝတစ်လျှောက်လုံးက သူ့သား ကို ထောင်ဝင်စာပို့တာနဲ့ အချိန်ကုန်နေရတာ။ ဒီကြားထဲ သူ့သား ဝရမ်းပြေးတဲ့အချိန်ကျ ရင်လည်း သူ့မှာ ဒုက္ခခံရတယ်ပေါ့နော်။ အဲလိုအနေအထားမျိုးနဲ့ မမျှော်လင့်ဘဲ အမေကြည်အနေနဲ့ ဖက်စစ်စစ်တပ်ရဲ့ ယုတ်မာမှုကြောင့် ဆုံးသွားရတယ်။ ဆုံးသွားတဲ့ အနေအထားမျိုးမှာ ဂျိမ်းအနေနဲ့ကတော့ သူ့အတွက် ကြီးမားတဲ့ ကောင်းကင်ကြီး ပြိုကျ သွားတယ်။ သူ ဒီလိုမျိုး ခံစားရပါလိမ့်မယ်”
ကိုလင်းထက်နိုင်ဟာ ၂၀၁၅ ခုနှစ် အကျဉ်းချခံထားရချိန်မှာ ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ပြီး အခု ၂၀၂၂ ခုနှစ် လေးကြိမ်မြောက် အဖမ်းခံထားရချိန်မှာ မိခင်ဖြစ်သူ အသက်ဆုံးခဲ့တာမို့ မိဘနှစ်ပါးစလုံးရဲ့ နောက်ဆုံးခရီးတွေကို သူ လိုက်ပါပို့ဆောင်ခွင့် မရခဲ့ပါဘူး။
ကိုလင်းထက်နိုင်ရဲ့ ဇနီး မဖြိုးဖြိုးအောင် ကလည်း သူနဲ့ဘဝတူ တက်ကြွတဲ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတစ်ဦးဖြစ်တာကြောင့် အခုချိန်မှာ ထွက်ပြေး တိမ်းရှောင်နေရပါ တယ်။ ဒီအဖြစ်အပျက်တွေဟာ ကိုလင်းထက်နိုင်ရဲ့ ဘဝတစ်လျှောက်လုံး ဖြေသိမ့်လို့မရနိုင် တော့မယ့် စိတ်ဒဏ်ရာတွေ ဖြစ်သွားနိုင်တယ်လို့ သူတို့နှစ်ဦးစလုံးရဲ့ နိုင်ငံရေးလုပ်ဖော် ကိုင်ဖက် ဒေါ်နှင်းနှင်းမွှေး က ပြောပါတယ်။
“ထောင်ဝင်စာမလာတာ ကြာလို့ရှိရင် မိသားစုဝင်တွေက အဆင်ပြေရဲ့လား၊ ကျန်းမာ ရေး ကောင်းရဲ့လား၊ စီးပွားရေး အဆင်ပြေရဲ့လား၊ လုံခြုံရေးရော ကောင်းရဲ့လား ဒီလို မျိုး စိတ်ပူပန်လေ့ရှိပါတယ်။ အခုဖြစ်စဉ်ကတော့ အဲဒါထက်ကို အဆပေါင်းများစွာ ပိုပြီး ဆိုးရွားပြင်းထန်တဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့ ကိုဂျိမ်းစိတ်ထဲမှာ ဘယ်လိုခံစားရမလဲ ဆိုတာ ကျမတို့ မတွေးရဲ၊ မတွေးရက်ပါဘူး။ စိတ်ထဲမှာ တော်တော်ကို ပဲ တစ်သက်လုံး ဖြေမရတဲ့ ဒဏ်ရာအနာတရတွေ ဖြစ်သွားနိုင်ပါတယ်”
အောက်တိုဘာ ၂၀ ရက် မနေ့ က ဒေါ်ကြီးမြင့် ရဲ့ ရုပ်အလောင်းကို အင်းစိန်ဆေးရုံကနေ ထုတ်ယူချိန်မှာ ကိုလင်းထက်နိုင်က မိခင်ကို နောက်ဆုံးအကြိမ် ကန်တော့ခွင့် တောင်းခဲ့ပေ မယ့် ထောင်အာဏာပိုင်တွေဘက်က လုံခြုံရေးအကြောင်းပြပြီး ခွင့်မပြုခဲ့ဘူးလို့ မိသားစုဝင် တွေက ပြောပါတယ်။

ဒီလို ထူးခြားတဲ့ အဖြစ်ဆိုးမျိုးမှာတော့ မိခင်ဖြစ်သူကို နောက်ဆုံးအကြိမ် ကြည့်ရှုကန်တော့ ခွင့်ကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ခွင့်ပြုပေးသင့်တယ်လို့ အနိုင်ငံရေး အကျဉ်းသူဟောင်း ဒေါ်ခင်စန္ဒာ က ပြောပါတယ်။
“ဂျိမ်းအတွက်တော့ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ တကယ်ဆိုလို့ရှိရင် ဖခင်ရော၊ မိခင် ရော ဆုံးတဲ့အခါမှာ တွေ့ခွင့်မရခဲ့ဘူး။ ဒီတစ်ကြိမ် တစ်ခါလောက်တော့ ပေးတွေ့သင့်တယ် ပေါ့နော်။ မိခင်ကို နောက်ဆုံးအကြိမ် ကန်တော့ခွင့်ပေးသင့်တယ်လို့ ထင်တယ်ပေါ့။ ဒါပေမဲ့ ဒီစစ်အစိုးရက မပေးခဲ့တဲ့အတွက် အများကြီးလည်း ဝမ်းနည်းမိတယ်။ ကျမတို့ နိုင်ကျဉ်း တွေက အများကြီး ဆုံးရှုံးမှုတွေက များနေပြီ။ မတန်တော့ဘူး ဖြစ်နေပြီ”
ဒေါ်ကြီးမြင့် သေဆုံးမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့အတွက် ကျန်ရစ်သူ မိသားစု ဝင်တွေအတွက် ပိုပြီး ဖြေမဆည်နိုင် ဖြစ်ရတယ် လို့ ၈၈-မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမင်းဇေယျာ က ပြောပါတယ်။
“ပေးဆပ်မှုဆိုတာ အဲဒါလည်း ပါတာပေါ့နော်။ သေတဲ့လူကတော့ သေသွားတယ်။ ကျန်တဲ့လူ ကတော့ လွမ်းဆွေးခဲ့ရတယ်၊ သို့သော် ဒါတွေက သာမန် ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့အတွက်ကြောင့် ပိုပြီးဖြေမဆည်နိုင်ဘူး။ ဒါတွေကို နောက်နောင်မဖြစ်ဖို့၊ ဘယ်အရာမဆို အပေးရှိတယ်၊ အယူရှိ တယ်၊ ဒါပေမဲ့ အပေးတိုင်း၊ အယူတိုင်းမှာ တန်ဖိုးရှိဖို့၊ ရလဒ်ကောင်းတွေ ကောင်းကောင်းထွက်ဖို့ အတွက်ကိုတော့ ကျနော်တို့ ဝိုင်းဝန်းကြိုးစားကြဖို့ လိုမယ် ဆိုတဲ့ အသိ၊ သတိလေးတွေကို ထည့်ကြပါလို့ ကျနော် ထပ်ပြီး ပြောချင်ပါတယ်”
အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက အင်းစိန်ထောင် ထောင်ဝင်စာပို့တဲ့ဂိတ် အတွင်း၊ အပြင် နှစ်နေရာစလုံးမှာ ပါဆယ်ထုပ်တွေတစ်ဆင့် မိုင်းပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသား ကိုလင်းထက်နိုင်ရဲ့ မိခင် ဒေါ်ကြီးမြင့် အပါအဝင် ရှစ်ဦး သေဆုံးပြီး နောက်ထပ် ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း Special Task Agency of Burma (STA) အဖွဲ့က အောက်တိုဘာ ၁၉ ရက် ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ ၂၀၂၂ ခုနှစ် ဇွန်လကစလို့စလို အခု အောက်တိုဘာလအထိ တိုက်ခိုက်မှုပေါင်း ကိုးကြိမ် ပြုလုပ်ခဲ့ကြောင်း တယ်လီဂရန် ချန်နယ်ကနေ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့က ကမာရွတ်မြို့နယ် ဟံသာဝတီလမ်းနဲ့ ဗဟိုလမ်းထောင့်ရှိ စည်ပင်ရဲဝင်းအတွင်း စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်မြို့တော် စည်ပင်ဝန်ကြီး၊ ဥက္ကဋ္ဌနဲ့ မြို့တော်ဝန်အဖွဲ့တို့ကို STA က ဖောက်ခွဲတိုက်ခိုက်ရာမှာ စည်ပင် ဝန်ထမ်းနှစ်ဦးနဲ့ အရပ်သား နှစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။
ဩဂုတ်လ ၃၀ ရက်နေ့ကလည်း တောင်ဒဂုံမြို့နယ်၊ ၁၈ ကွေ့မှတ်တိုင် လမ်းဆုံမှာ ရဲနဲ့ စစ်သားတွေ လိုက်ပါလာတဲ့ Double Cab ကားကို တိုက်ခိုက်ခဲ့ရာမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းစိန်ထောင် တိုက်ခိုက်မှုမှာ အရပ်သား သေဆုံးထိခိုက်မှု အများဆုံးဖြစ်တာကြောင့် ဒီလုပ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားတဲ့ အဖွဲ့အတော်များများက ပြစ်တင်ရှုတ်ချထားပါတယ်။