သစ်တောပြုန်းတီးမှုကို လျှော့ချပေးတဲ့ လောင်စာလုပ်ငန်း

RFA Burmese
2024.07.04
သစ်တောပြုန်းတီးမှုကို လျှော့ချပေးတဲ့ လောင်စာလုပ်ငန်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် သစ်တောပြုန်းတီးမှုကို လျှော့ချပေးနေသည့် တစ်နိုင်တစ်ပိုင် လောင်စာလုပ်ငန်းအား ၂၀၂၄ ခုနှစ်၊ ဇွတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ထင်းမီးသွေးသုံးစွဲတဲ့ လုပ်ငန်းတော်တော်များများဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး အစားထိုး လောင်စာခဲတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ သစ်တောပြုန်းတီးစေတဲ့ ထင်းမီးသွေးတွေနေရာမှာ အစားထိုးသုံးစွဲလာတဲ့ တစ်နိုင်တစ်ပိုင် လောင်စာခဲလုပ်ငန်း ၅၀ ထက်မနည်း မန္တလေးမြို့မှာရှိပါတယ်။

ထင်းမီးသွေးအကျေအမှုန့်ကို အဓိကထားပြီး မြေကြီး၊ လွှစာမှုန့်၊ ကျောက်မီးသွေး ချော်ရည်အကျတွေနဲ့ ပေါင်းစပ်ရပြီး လောင်စာခဲဖြစ်အောင် လက်ရိုက်ပုံစံခွက်လေးတွေနဲ့ လောင်စာခဲ ထုတ်လုပ်ရတာပါ။

"ကိုယ်ပိုင် တစ်နိုင်တစ်ပိုင်လေး အိမ်တွင်းလုပ်ငန်းလေး ဖြစ်တဲ့အတွက် လူတိုင်းတော့ ထလုပ်လို့ရတာပေါ့"

မန္တလေးမြို့မှာ တစ်နိုင်တစ်ပိုင်လုပ်ကိုင်တဲ့ လောင်စာလုပ်ငန်း အနည်းဆုံး ၅၀ လောက်ရှိပြီး အဲဒီထဲမှာ ကိုအောင်ကျော်စိုးရဲ့ မဟာဧရာ လောင်စာလုပ်ငန်းလည်း တစ်ခုအပါအဝင်ပါ။

"ဒီဟာ စွန့်ပစ်ပစ္စည်းတွေကို ပြန်လုံးရတာပေါ့။ အများသောအားဖြင့် မီးသွေးဆို ကြေတာကလည်း တကယ်တမ်းက သုံးမရတော့ဘူးလေ ဆိုင်တွေမှာကျတော့။ အကြေမှုန်တွေဆိုတာ ပြန်သုံးလိုမရတော့တဲ့ဟာတွေကို ကျွန်တော်တို့က သုံးလို့ရအောင်ဆိုပြီးတော့ ပြန်ပြီးပေါင်းစပ် ပြန်လုံးပြီးတော့ သုံးလို့ရအောင်ပြန်ထုတ်တာပေါ့"

ကိုအောင်ကျော်စိုးက ၂၀၀၆ ခုနှစ်လောက်ကတည်းက မိဘတွေနဲ့အတူ ဒီလုပ်ငန်း လုပ်ကိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ကိုယ်ပိုင်လုပ်ငန်းခွဲ စတင်ခဲ့တာပါ။

လောင်စာခဲတွေကို နေအပူမှာ အခြောက်လှန်းရတာမို့ မိုးရာသီမရောက်ခင်လေးမှာ လောင်စာခဲရနိုင်သလောက် လုပ်ထားရပါတယ်။

လောင်စာခဲတွေကို ထင်းမီးသွေးနေရာမှာ အစားထိုးအသုံးပြုကြတဲ့အတွက် သစ်တောပြုန်းတီးမှုကို လျှော့ချပေးရာရောက်တယ်လို့ ရဲရဲတောက် လောင်စာလုပ်ငန်းရှင် ဦးမြင့်သိန်းက ပြောပါတယ်။

"သစ်ပင်တစ်ပင် ဖြစ်မှုကလည်း မလွယ်ဘူး။ ဒီ လောင်စာတောင့်တို့၊ လောင်စာခွေတို့ အစားမရှိရင် ဒီသစ်ပင်တွေက ရှိသမျှ ပြုန်းတီးလာမှာ။ အဲတော့ ပြုန်းတီးလာမယ့် အတိုင်းအတာ မဖြစ်ရအောင် သူကနေပြီး အစားထိုး ဝင်လာခဲ့တာပဲ။ မီးသွေး ကိုယ်စားပေါ့ကွာ။ မီးသွေးက သစ်ပင်လည်း ပြုန်းတီးတယ် စျေးလည်းကြီးတယ်။ ဒါတွေက စျေးသက်သာတယ်ဆိုပြီးတော့ ဒါတွေကို အားပြုသုံးကြတယ်"

စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ ကြက်မွေးမြူရေးလို အချိန်ကြာကြာ မီးသုံးရတဲ့လုပ်ငန်းတွေမှာ ဒီလောင်စာခဲတွေကို မဖြစ်မနေ အသုံးပြုနေကြပြီလို့ ဒီလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ထင်းမီးသွေးတစ်အိတ်ကို ငွေကျပ် တစ်သောင်းကျော်ပေးရပြီး ပမာဏတူညီတဲ့ လောင်စာခဲတစ်အိတ်ကိုတော့ ငွေကျပ် လေးထောင်ကျော်ပဲ ပေးရပါတယ်။

လောင်စာခဲသုံးတာက ကုန်ကျစရိတ်သက်သာသလို အသုံးလည်းတည့်တယ်လို့ လက်ဖက်ရည် အဖျော်ဆရာ ကိုချစ်စန်းမောင်က ပြောပါတယ်။

"လောင်စာရဲ့ အားသာချက်ကတော့ မီးကို ဒီတိုင်းလွှတ်ထားလို့ရတယ်။ လှည့်ကြည့်စရာ မလိုဘူး။ လေးဆယ့်ငါးမိနစ်၊ နာရီဝက်လောက်ကတော့ လှည့်မကြည့်ရဘူး။ မီးသွေးကတော့ ခဏခဏကြည့်နေရမယ်။ အကုန်လည်း မြန်မယ်။ မီးသွေးဆိုရင် ကျွန်တော်တို့ ဆိုင်ဆိုရင် တစ်အိတ်ကျော်ကျော်ပေါ့ သုံးရတယ်။ လောင်စာကလည်း တစ်အိတ်လောက်တော့ သက်သာတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်ကတော့ သက်သာတယ်"

ဒီလုပ်ငန်းကို အနည်းဆုံး လူနှစ်ယောက်ရှိရုံ၊ ငွေအရင်းအနှီး အနည်းဆုံး ခြောက်သောင်းလောက်ရှိရုံနဲ့ တစ်နိုင်တစ်ပိုင် စလုပ်ကိုင်နိုင်ပြီလို့ ဒီလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။

လောင်စာစက် ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ ကိုဝဏ္ဏက "အရင်းအနှီးကတော့ အနည်းဆုံးဆိုရင် ပိုက်ဆံ ခြောက်သောင်းလောက်ကနေပြီးတော့ ခြောက်ဆယ်လောက်ထိ သုံးလို့ရမယ်။ ပိုက်ဆံ ခြောက်သောင်းလောက်ရှိပြီဆိုကတည်းက ဒီလောင်စာရိုက်တဲ့ မိုခွက်လေးတွေဝယ်ပြီးတော့ ကိုယ့်ဟာကို တစ်နိုင်တစ်ပိုင် စမ်းရိုက်လို့ရပြီ။ အဲဒီကမှ နည်းနည်းတွင်ကျယ်လာပြီဆိုရင် စက်တွေတစ်ခုပြီးတစ်ခု ဝယ်ရမှာပေါ့နော်။ စက်လုံးဝမသုံးတဲ့သူကျတော့ အရင်းအနှီး ခြောက်သောင်းကနေ တစ်သိန်းခွဲ၊ နှစ်သိန်း၊ သုံးသိန်း၊ လေးသိန်း၊ ငါးသိန်းလောက် အတောအတွင်းမှာ တစ်နိုင်တစ်ပိုင်လေး စလုပ်လို့ရပြီ" လို့ ပြောပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက် သစ်တောဦးစီးဌာနရဲ့ စာရင်းတွေအရ ၂၀၁၅ ခုနှစ်မှာ သစ်တောဖုံးလွှမ်းမှုဟာ နိုင်ငံဧရိယာရဲ့ ၄၂.၉၂ ရာခိုင်နှုန်းရှိခဲ့ပြီး ကမ္ဘာ့နှစ်စဥ် သစ်တောပြုန်းတီးမှုအများဆုံး နိုင်ငံစာရင်းရဲ့ အဆင့် ၃ မှာ ရှိခဲ့ပါတယ်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် သစ်တောပြုန်းတီးမှုကို လျှော့ချပေးနေသည့် တစ်နိုင်တစ်ပိုင် လောင်စာလုပ်ငန်းအား ၂၀၂၄ ခုနှစ်၊ ဇွတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် သစ်တောပြုန်းတီးမှုကို လျှော့ချပေးနေသည့် တစ်နိုင်တစ်ပိုင် လောင်စာလုပ်ငန်းအား ၂၀၂၄ ခုနှစ်၊ ဇွတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)

၂၀၂၀ ပြည့်နှစ်မှာတော့ သစ်တောဖုံးလွှမ်းမှုက ၄၂.၁၉ ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့ နှစ်စဥ်သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံစာရင်းမှာ အဆင့် ၇ မှာ ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ တိုင်းပြည်မတည်ငြိမ်တဲ့ကြားမှာ သစ်တောပြုန်းတီးမှု ပိုဆိုးဝါးလာတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ထောက်ပြကြပါတယ်။

တစ်နိုင်တစ်ပိုင်လုပ်ငန်းလုပ်ရင်း သစ်တောပြုန်းတီးမှုကို လျှော့ချပေးရာလည်းရောက်၊ ပုံမှန်ဝင်ငွေလည်းရတဲ့ လောင်စာလုပ်ငန်းလုပ်ကိုင်ဖို့ ကိုအောင်ကျော်စိုးက အားပေးပါတယ်။

"ရင်းနှီးမှုကတော့ တအားကြီး မများဘူး။ ကိုယ်ပိုင် တစ်နိုင်တစ်ပိုင်လေး အိမ်တွင်းလုပ်ငန်းလေး ဖြစ်တဲ့အတွက် လူတိုင်းတော့ ထလုပ်လို့ရတာပေါ့။ မဲတာတို့၊ နည်းနည်းလေး ပင်ပန်းတာတို့၊ နေရာကျယ်ပြန့်မှုလေး နည်းနည်းလောက်ရှိရင် လှမ်းစရာလေးရှိရင်တော့ ဒါလေးက မဆိုးဘူးလို့ ပြောရမှာပေါ့"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။