အခက်အခဲတွေကြားက စစ်ဘေးဒုက္ခသည်တွေကို ဆေးဝါးကုသနေတဲ့ ဆရာဝန်တစ်ဦး
2021.07.23
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကယားပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် ပြည်သူ တစ်သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ဇွန်လ ပထမပတ်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ရှောင်စခန်းတွေမှာ ပရဟိတဆရာဝန်အဖြစ် ကူညီပေးနေတဲ့ ကယားပြည်နယ်တစ်နေရာက ဒေါက်တာ ပြည့်ဖြိုးကျော်က ဆေးကုသရင်း ကြုံတွေ့ရတဲ့ အခြေအနေတွေကို RFA ကို ပြောပြပါတယ်။
“အခု ကျနော်ရောက်လာတယ်။ ရောက်လာပြီးတော့ တာဝန်ယူထားတဲ့ ဧရိယာတွေတော့ ရှိတာပေါ့နော်။ ပုံမှန်လည်း ပတ်သွားဖို့ အစီအစဉ်ရှိတယ်။ သူတို့ဆီတခေါက်ရောက်သွားတဲ့ အချိန်ကျတော့ ကျနော်က မှာခဲ့တာပေါ့ ဒီဆေး ဒီဆေး သောက်ထား။ နောက်တခေါက်ပြန်လာလို့ရှိရင် လိုရင် ပြန်ညှိပေးမယ်လို့ ပြောတော့ သူတို့က လာဦးမှာလားတဲ့။ ကျနော်က လာမှာပေါ့လို့ ပြောတော့ သူတို့က မယုံနိုင်ဘူး မျှော်လင့်မထားဘူး”
စစ်ဘေးရှောင်ဒုက္ခသည်တွေ အများဆုံး ခံစားရတာက Psychological Trauma လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရတဲ့ လက္ခဏာတွေဖြစ်တယ်လို့ ဒေါက်တာ ပြည့်ဖြိုးကျော်က ဆိုပါတယ်။
“အဓိကက စိတ်ပိုင်းဆိုင်ရာ Trauma တော်တော်များတယ်။ လူနာတွေ တွေ့လိုက်ရင် ညအိပ်မပျော်ကြဘူး။ အရင်ကတည်းက ဒီဘက်ဒေသက အရမ်းမဖွံ့ဖြိုးဘူးလေ။ မဖွံ့ဖြိုးဘူးဆိုတော့ အနေအစားဆင်းရဲတာ သူတို့ နေနိုင်တယ်။ သူတို့ Complain သိပ်မတက်ဘူးပေါ့နော်။ ရသလောက်လေးနဲ့ တင်းတိမ်ရောင့်ရဲနိုင်တယ်။ ပြဿနာက Psychological Trauma က တော်တော်ဆိုးတာ။ လာလိုက်လို့ရှိရင် ညအိပ်မပျော်ဘူး။ ဘာဖြစ်လို့လည်းဆိုရင် လက်နက်ကြီးသံ ကျကတည်းက အိပ်မပျော်တာ။ဘာလို့လဲဆိုတော့ သူတို့နေတဲ့ နေရာတွေက လက်နက်ကြီးနဲ့ အပစ်ခံထားရတာလေ။ တချို့ဆိုလို့ရှိရင်လည်း မိသားစုဝင်တွေ လက်နက်ကြီးမှန်လို့ သေသွားတာတွေရှိတယ်”
ရိုးစင်းတဲ့ တိုင်းရင်းသားတွေကို ကုသရင်း ဘာသာစကားအခက်အခဲကြား ကြုံခဲ့ရသမျှ အခြေအနေကိုလည်း ခုလိုပဲ ပြောပြပါတယ်။
“ ကျနော် သူတို့နဲ့ စကားပြောရတာ နည်းနည်းခက်တယ်။ သူတို့ဘာသာစကား ကျနော်မပြောတတ်ဘူးဆိုတော့။ စကားပြန်နဲ့ပဲ ပြောရတော့ သူတို့လာလို့ရှိရင် အိပ်မပျော်ဘူးဆိုတဲ့ အကြောင်းကို ထည့်မပြောဘူး။ မပြောတတ်ဘူး။ ဘာဖြစ်ဆိုရင် တကိုယ်လုံး ညောင်းတယ်။ ကိုက်တယ်။ မူးတယ်။ ခြေဖျားလက်ဖျားတွေ အေးတယ်။ နှလုံးတွေ တုန်တယ် ပြောတယ်။ ဘယ်ကတည်းက စဖြစ်တာဆိုတာလဲ မပြောတတ်ဘူး။ နောက် ဘယ်တုန်းက စဖြစ်တာလဲ ရွာမှာနေတုန်းကလား။ ဒီစခန်းရောက်မှလား။ ဆိုတော့ စခန်းရောက်မှ ဖြစ်တာ။ ချွတ်ခနဲ အသံကြားတာနဲ့ လန့်နိုးပြီး တညလုံး အိပ်မပျော်တော့ဘဲ တညလုံး ငုတ်တုတ်ထိုင်နေရတာ။ အဲ့လို နှိုက်နှိုက်ချွတ်ချွတ်မေးမှ သိရတာ။ လာတဲ့လူနာ ထက်ဝက်ကျော်က လက္ခဏာတွေက အကုန်အတူတူပဲ”
ဒီလိုလူနာတွေအပြင် ဆေးရုံဆေးခန်းကို လွှဲပေးမှရမယ့် လူနာတွေ ရှိပေမယ့်လည်း လမ်းခရီးကြမ်းတမ်းတာ၊ စခန်းလုံခြုံရေး စိုးရိမ်ရတာကြောင့် အခက်ကြုံရတယ်လို့လည်း ပြောပါတယ်။
တောတောင်တွေရောက်နေတဲ့ စစ်ရှောင်တွေအတွက် ရေရရှိဖို့က မလွယ်ကူဘူးတာကြောင့် အစစအရာရာ အဆင်မပြေကြဘူးလို့လည်း သူက ပြောပါတယ်။
“အခုရှောင်လာတဲ့ ဒေသတွေက တောင်ပေါ်ဒေသတွေဆိုတော့ ရေမရှိဘူး။ ရေမရှိတော့ တွင်းတူးတယ်။ မိုးကာခင်းပြီး မိုးရေခံရတယ်။ အဲ့ဒီမိုးရေကိုပဲ ကြည်တဲ့နေရာက သောက်။ တော်တော်များများက ကြိုပဲ ကြိုသောက်လိုက်ကြတာ။”
ဒီလို ရေရှားပါးတာကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့ အနာတွေကို အမြစ်ပြတ်အောင် သွားရေးလာရေး ခက်ခဲနေတာကြောင့် ကုသပေးချင်ပေမယ့် မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ရေရှားပါးတဲ့အပြင် လျှပ်စစ်မီးလည်း မရှိတာကြောင့် ကုသရာမှာသုံးတဲ့ ပစ္စည်းကိရိယာတွေကို ထင်းမီးနဲ့ ပြုတ်ပြီး သုံးနေရကြောင်းလည်း ဆိုပါတယ်။
“တခါတလေကျရင်လည်း ဖြစ်ရင် ပေးစရာဆေး မရှိဘူး။ အဲ့အခါကျတော့ ရက်ချိန်းပေးပြီး ရောဂါကိုမှတ်ထားတယ်။ လူနာကို မှတ်ထားတယ်။ နောက်တခါ ကျနော်လာရင် အဲ့ဒီဆေးဝယ်ခဲ့မယ်။ ဝယ်ပြီးရင် ပြန်လာပေးမယ် အဲ့လိုပေါ့နော်”
စစ်ရှောင်တွေဟာ ရိက္ခာအတွက် တောထဲက မျှစ်တွေချိုးပြီး ဖြစ်သလို စားနေကြပြီး စစ်ရှောင်တွေဆီကို ရိက္ခာပို့ဖို့ ကြိုးစားရင်လည်း စစ်ကောင်စီတပ်တွေက လမ်းမှာ ဖြတ်တောက်တားဆီးနေတာကြောင့် ရိက္ခာတိုက်ရိုက်ပို့ဖို့လည်း မလွယ်ဘူးလို့ ဒေါက်တာ ပြည့်ဖြိုးကျော်က ပြောပါတယ်။
“ဖြတ်ပစ်တယ်ဆိုတာ ဒီဘက်ကို လာမယ်လို့ သိတာနဲ့ အဲဒီကားတွေ ချက်ခြင်းလှည့်ပြန်။ ကားထဲမှာ ပစ္စည်းအများကြီးတွေ့ရင် ချက်ခြင်းတား အဲ့လိုပေါ့နော်’
သူတို့မရောက်ခင် အချိန်မှာတင်ပဲ စစ်ရှောင်စခန်းအတွက် ရိက္ခာသွားသယ်လို့ ပစ်သတ်ခံလိုက်ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံအတွင်း ကိုဗစ် ကူးစက်သေဆုံးမှုတွေ မြင့်တက်နေပေမယ့် စစ်ရှောင်စခန်းတွေမှာတော့ ပြင်းထန်တဲ့ လူနာတွေ မရှိသေးကြောင်းလည်း ဆိုပါတယ်။ လွိုင်ကော်မှာတော့ ကူးစက်လူနာတွေရှိနေပေမယ့် စစ်ရှောင်တွေဘက်တော့ အဝင်အထွက်ကန့်သတ်ထားတာ၊ ဝင်လာသူတွေကို အနေအထိုင်ကန့်သတ် (Quatantine) ဝင်ခိုင်းထားတာတွေကြောင့် အခုအချိန်မှာတော့ ဖျားနာသူအနည်းအကျဉ်း ရှိပေမယ့် အတည်ပြုလူနာ မရှိသေးဘူးလို့ ပြောပါတယ်။
“မရှိသေးဘူးဆိုပေမယ့် တကယ့်တကယ်တမ်း ရောက်လာရင် အကုန်သေမှာပဲ။ ကျနော်တို့ ဘယ်လိုမှ ထိန်းနိုင်စရာအကြောင်းမရှိဘူး။ ဖြစ်လာရင်လည်း ဘယ်လိုမှ ကာကွယ်နိုင်စရာ အကြောင်းမရှိဘူး။ လက်ဆေးဖို့လည်း ရေမရှိဘူး”
မြို့မှာ နေထိုင်ကြီးပြင်းလာရတဲ့ ဆရာဝန်တယောက်အနေနဲ့ စစ်ဘေးရှောင်တွေရဲ့ ဘဝကို အရင်အချိန်တွေက ထဲထဲဝင်ဝင် မစာနာမိတာကြောင့် နောင်တရမိတယ်လို့လည်း ဒေါက်တာ ပြည့်ဖြိုးကျော်က ပြောပြပါတယ်။
“ဒီဘက်က ဖြစ်တဲ့ဟာတွေကို ကိုယ်တိုင်မရောက်မချင်းကို ဒါမျိုးတွေရှိတယ်ဆိုတာ ပြည်မမှာနေတဲ့သူတွေ မခံစားမိနိုင်ဘူးပေါ့နော်။ တချိန်လုံးတွေ့တယ်။ ရခိုင်မှာ ဘာဖြစ်တယ်။ရှမ်းမှာ ဘယ်လိုဖြစ်တယ်။ ဖတ်ရတယ်။ မခံစားမိဘူး။ ပြည်မမှာနေတုန်းက တဆင့်တော့ကြားတယ်။ ဒါပေမယ့် အော် စိတ်မကောင်းဖြစ်ပါတယ်လေ ဆိုတာနဲ့ပဲ ပြီးသွားတယ်ပေါ့နော်”
ဖေဖော်ရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်၊ ကရင်၊ ချင်း၊ ကယားနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ စစ်ရေးပဋိပက္ခတွေ တိုးလာနေပြီး၊ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၊ ထိုင်းနိုင်ငံနယ်စပ် တစ်လျှောက်မှာ စစ်ပြေးဒုက္ခသည် ၈၅၉၀၀၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၁၅၀၀၀ နဲ့ ကချင်နဲ့ ချင်းပြည်နယ် တွေမှာ နှစ်သောင်းကျော်စီရှိတယ်လို့လည်း UNHCR အဖွဲ့က မေလက အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။