ခေတ်ဆိုးခေတ်ကျပ်ကြားက တစ်ပိုင်တစ်နိုင်အလှူရှင်များ

ဂျူလိုင်မျိုး (ဝါရှင်တန်ဒီစီ)
2021.10.01
ခေတ်ဆိုးခေတ်ကျပ်ကြားက တစ်ပိုင်တစ်နိုင်အလှူရှင်များ အလှူလက်ခံရန် တန်းစီစောင့်ဆိုင်းနေကြသူများ။
Photo: RFA

 မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တစ်နေ့ထက်တစ်နေ့ ဒေါ်လာဈေးတွေက တဟုန်ထိုးတက် အလုပ်အကိုင်တွေက ရှာဖွေရခက်လာပြီး ဆင်းရဲ ချမ်းသာမရွေး စီးပွားရေး ပိုကျပ်တည်းလာနေပါတယ်။ ဒီဒဏ်ကို ခါးစည်းခံနေကြရသူတွေထဲ အများစုက လက်လုပ်လက်စား အခြေခံလူတန်းစားတွေပါ။ ရန်ကုန်မြို့က ရပ်ကွက်လေးတစ်ခုမှာတော့ ဒီလိုစားဝတ်နေရေး မပြေလည်သူတွေကို ထမင်းဘူးလေးတွေ စီစဉ်ပြီး ဖွယ်ဖွယ်ရာရာ လှူဒါန်းပေးနေတဲ့ အလှူတစ်ခု ရှိနေပါတယ်။ ဒီအလှူမှာ လူအယောက် ၄ဝဝ ကျော်အတွက် မနက်စာ အပါအဝင် စားစရာတွေကို အလှူရှင်တွေကိုယ်စား နေ့စဉ်လိုလို ချက်ပြုတ်လှူဒါန်းပေးနေကြတာပါ။

"အလှူခံတဲ့သူတွေက မနက်စာကို ကျနော်တို့ ပုံမှန် ၇ နာရီ လှူတယ်ဆိုရင် သူတို့က ၄ နာရီလောက်ကတည်းက ရောက်တာ။ လာထိုင်စောင့်နေကြတာ။ အိမ်ရှေ့လေးတွေမှာ ပေါ့နော်။ ဖိနပ်ကလေးတွေ နေရာဦးတယ်။ အုတ်ခဲလေးတွေ နေရာဦးတယ်။ ဟိုအိမ်ရှေ့ ဒီအိမ်ရှေ့လေးတွေမှာ စောင့်နေကြတာပေါ့"

ကိုဗစ်ပထမလှိုင်းကစပြီး တနိုင်တပိုင် အလှူလုပ်ရာက တဖြည်းဖြည်းနဲ့ နေရာအနှံ့က အလှူရှင်တွေက သူတို့အတွက်ပါ ချက်ပြုတ်လှူဒါန်းပေးဖို့ တောင်းဆိုလာတာကြောင့် ဒီလိုလှူဖြစ်လာတာပါလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဦးဆောင်လှူဒါန်းပေးနေသူက RFA ကို ပြောပါတယ်။

"အရင်တုန်းကတော့ ကိုယ့်လမ်းထဲက လူနဲ့ ကိုယ့်လမ်းပတ်ဝန်းကျင် ကိုယ့်ရပ်ကွက်က လူတွေပဲများတာပေါ့။ အခုနောက်ပိုင်းကျတော့ တခြားရပ်ကွက်ကလူတွေပါ ပါလာတော့ လူသုံးလေးရာစာလောက် ဖြစ်သွားတာ။ တချို့ရက်တွေဆို ပိုပြီးများတယ်။ ၅ဝဝ နီးပါးလောက် ဖြစ်သွားတဲ့ ရက်တွေတောင် ရှိတယ်"

အလှူရှင်ရှိတဲ့ရက်တွေ လူ ၄ဝဝ ကျော် ၅ဝဝ နီးပါးရဲ့ မနက်စာအတွက် ဆန်တစ်အိတ်ကျော် ချက်ရပြီး မနက် နေ့လယ် ညစာ သုံးနပ်စာလုံး လှူတဲ့သူရှိတဲ့နေ့ဆို ဆန်သုံးအိတ်ချက်ရတယ်လို့လည်း သူက ဆိုပါတယ်။ ထမင်း တနပ်စာအတွက် ၃ သိန်းကနေ လေးသိန်းအတွင်း ကုန်ကျပြီး တတ်နိုင်သလောက် ဖွယ်ဖွယ်ရာရာ စီစဉ်ပေးဖြစ်တဲ့အကြောင်းလည်း ပြောပြပါတယ်။

"အလှူရှင်ရှိတဲ့ရက်တွေဆို တပတ်စာ တပတ်စာ ကြိုတင်ပြီး မီနူး ရေးရတယ်ပေါ့။ တချို့အလှူရှင်တွေကျတော့လည်း ဒီမနက်မှာ ကြာဇံကြော် ကျွေးပေးပါ။ ခေါက်ဆွဲကြော်ကျွေးပေးပါ ဆိုတာမျိုးလေးတွေ ရှိတယ်။ တခါတလေကျလို့ရှိရင် မနက်စာ နေ့လယ်စာ ညစာ သုံးကြိမ်ရှိတာမျိုးတွေလည်း ရှိတယ်လေ။ အဲ့လိုမျိုးဆိုရင် နေ့ခင်းကို ကြက်သားနဲ့ ကျွေးတယ်ဆိုရင် ညနေကို ဝက်သားလေးပေါ့။ ဝက်သားမစားတဲ့သူဆိုရင် ညနေကို ငါးကြော်လေးဖြစ်ဖြစ် ကြိုစီစဉ်ပေးထားတယ်ပေါ့"

အရင်က ငါးပိရည်၊ တို့စရာ စုံစုံလင်လင်နဲ့ ခုံခင်းပြီး စနစ်တကျ ကျွေးမွေးလှူဒါန်းခဲ့ပေယ့် အခုတော့ အခြေအနေအရပ်ရပ်ကြောင့် ထုပ်ပိုးပြင်ဆင်ပြီးပဲ လှူရတော့ကြောင်းလည်း ဆိုပါတယ်။

"ရာသီဥတုနဲ့ ဒီရောဂါတွေနဲ့ နိုင်ငံရေး အခြေအနေနဲ့ကျတော့ အဲ့လိုမျိုးကျွေးလို့ မရတော့ဘူး။ မရတော့ ထုပ်ပိုးရတာပေါ့။ ထုပ်ပိုးရတဲ့ အခါကျတော့ ဖွယ်ဖွယ်ရာရာကြီး စီစဉ်လို့ မရတော့ဘူး။ ဥပမာ- တို့စရာတွေ ဘာတွေ တအားအများကြီး မစီစဉ်ပေးနိုင်တော့ဘူး။ တခါတလေကျလို့ရှိရင် ကျနော်တို့က မနက်စာအတွက် ၃ နာရီခွဲ လေးနာရီလောက် ထ ချက်ရတာမျိုးရှိတယ်။ ၃ နာရီခွဲ ချက်မယ်ဆိုရင် ကျနော်တို့က ၂ နာရီလောက်ကတည်းက ထပြီး ပြင်ဆင်ရတာပေါ့နော်။ ချက်ပြီးသွားလို့ ရှိရင် မနက်စာကို ထုပ်ပိုးပြီးတော့ဝေ။ ပြီးရင် နေ့လည်စာအတွက် တခါ ဆက်ချက်။ မီးကတော့ မနက်မီး ညမီး ဆက်နေတာပေါ့"

ကပ်ရောဂါကာလနဲ့ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုတွေကြား သူ နေ့စဉ်မြင်တွေ့နေရတဲ့ အခြေခံလူတန်းစားတွေရဲ့ အခက်အခဲတွေကိုလည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဦးဆောင်လှူဒါန်းပေးနေသူက အခုလိုပဲ ပြောပြပါတယ်။

" ဒီမှာထမင်းလာယူတဲ့ လူတန်းစားတွေကျတော့ သူတို့မှာ မနက်ချက်ပြီးသွားရင် ညနေချက်ဖို့အတွက် ဆန်ကိုလေ ထဘီပေါင်ရတယ်။ ဒန်အိုးသွားပေါင်ရတယ်။ ခြင်ထောင်တွေ စောင်တွေ ပေါင်ရတယ်။ အဲ့လိုမျိုးတွေ ရှိတယ်။ မနက်ဆိုလို့ရှိရင် ခြင်ထောင်တွေ စောင်တွေ လိပ်ပြီး အပေါင်ဆိုင်ကို သွားတယ်။ အပေါင်ဆိုင်မှာ အဲ့ဒီခြင်ထောင်တွေ စောင်တွေ ပေါင်ပြီးတော့ ထမင်း ဟင်း ချက်ရတယ်။ တနေကုန်စားဖို့အတွက်ကို။ ညနေယောကျာ်း ပြန်လာတော့မှ အဲ့ခြင်ထောင်လေးတွေ သွားရွေးပြီး ညကို အိပ်ရတယ်။ နေ့တိုင်းပုံမှန် လည်ပတ်နေသူတွေရှိတယ်။ အဲ့လိုမျိုး"

အခုလို အကြပ်အတည်းကာလမှာ ဒီလိုအလှူလေးတွေဟာ အလုပ်အကိုင်မရှိတဲ့ သူတို့တတွေအတွက် ကောက်ရိုးတမျှင်ဖြစ်နေပြီး အလှူမရှိတဲ့နေ့တွေမှာ ဝမ်းရေးခက်ခဲနေရကြောင်း အလှူလက်ခံသူတစ်ဦးက ဆိုပါတယ်။

"မနက်ကတည်းက ညနေအလှူမရှိဘူးလို့ ပြောရင်တော့ တော်တော်လေးကို စိတ်ညစ်ရတယ်။ မိသားစုအတွက်က ညမနက်အတွက် ဆန်တပြည်နဲ့ နှစ်လုံးချက်ရတယ်။ မိသားစု ကိုးယောက်ကို။ တကယ်လို့ အလှူမရှိရင် အိမ်ဘေးနားက ဆန်လေး ချေးပြီး ချက်ရတယ်။ ပိုက်ဆံတွေကကျ ချေးဖို့မလွယ်ဘူးလေ။ ဟင်းကျတော့လည်း ငါးပိရည်တခွက်နဲ့ ကန်စွန်းရွက်လေး ဘာလေးပေါ့။ ကန်စွန်းရွက်ကျတော့ သားအမိတွေ ဝါးတရာဘက်ကို သွားခူးကြတယ်။ အဲလို သားအမိတွေ လည်ခူးပြီးမှ ကြော်လှော်စားကြတယ်"

လှူဒါန်းနေတုန်း ကြုံတွေ့ရတဲ့ အခက်အခဲအမျိုးမျိုးကြောင့် ရပ်ကွက်ထဲမှာ မလှူတော့ဘူးလို့ အခါခါစိတ်ကူးမိပေမယ့် အခုလို လိုအပ်နေသူတွေကို မျက်နှာ မလွှဲရက်တာကြောင့် ဆက်လုပ်နေရကြောင်းလည်း အမည်မဖော်လိုတဲ့ ဦးဆောင်လှူဒါန်းပေးနေသူက RFA ကို ပြောပါတယ်။

"သူတို့က ဒီနေ့ထမင်းယူပြီးသွားရင် မနက်ဖြန်ရော ရှိလား။ မနက်ဖြန်ဆို ဘယ်အချိန်တွေရှိလဲလို့ မေးရင် ကျနော်က မနက်ဖြန်ဆို မနက်ပိုင်းဆို ဘာနဲ့ရှိတယ်။ နေ့လည်ပိုင်းဆို ဘာနဲ့ရှိတယ်။ ညဆို ဘာနဲ့ရှိတယ် ပြောရတယ်။ ကျနော် အဲလိုမျိုး ဒီနေ့မှာ အလှူမရှိဘူး ပြောရမှာ ကျနော်တအား စိတ်မကောင်းဖြစ်ရတာ။ အဲ့လိုပြောလိုက်တာနဲ့ သူတို့မျက်နှာလေးတွေက ငယ်သွားတယ်။ ဒုက္ခပါပဲ။ ဆရာကြီး ထမင်းမလှူလို့ရှိရင် ကျမတို့တော့ ရေသောက်ဗိုက်မှောက်ပြီး အိပ်ရတော့မှာပဲ ဆိုပြီး။ အဲ့လိုမျိုးကျ ကျနော်က ငိုချင်တယ်"

အာဏာသိမ်းပြီးတဲ့နောက် လခစားဝန်ထမ်းတွေပါ အလုပ်မရှိတော့လို့ ချေးဖို့ငှားဖို့ အဆင်မပြေတော့တာကြောင့် ဒီအလှူမှာ လာတန်းစီကြတဲ့သူတွေလည်း ရှိပါတယ်။

"အာဏာပြောင်းပြီးတဲ့အချိန်ကြပ်တည်းတာတော့ လုပ်သူက တစ်ယောက်တည်း စားသူက ခြောက်ယောက်။ လခစားဝန်ထမ်းဖြစ်သူတွေ အလုပ်တွေ ပိတ်ထားတော့ စားဝတ်နေရေး ခက်ခဲတာပေါ့။ လခစားဆိုတော့ ပုံမှန်ဆင်းနေရင် ချေးငှားစားလို့ရတယ်လေ။ အခုက ပိတ်ထားတော့ ဘယ်မှ ချေးလို့ငှားလို့ မရဘူး။ ချေးလို့ငှားလို့ရရင်တော့ အဆင်ပြေတာပေါ့။ မရှိရင်တော့ ဒီတိုင်းပဲ နေရတာပေါ့"

ဒီလိုခက်ခဲလာကြတဲ့အခါ ဒီအလှူမှာ ပေးတာကို ရမှ ပြေလည်ရတော့မယ့် အခြေအနေမျိုးတွေအထိ ဖြစ်လာတယ်လို့ အမည်မဖော်လိုတဲ့ ဦးဆောင်လှူဒါန်းပေးနေသူက ဆိုပါတယ်။

"တအားကြပ်တည်းလာကြတော့ ဒီတထမင်းထုပ်ကို ရမှ ဖြစ်မယ့်လူမျိုးတွေရှိတယ်။ တချို့ကျတော့လည်း ဒီထမင်းထုပ်ကို ယူပြီးတော့ တခြားနေရာမှာ ပြန်ရောင်းတာမျိုးတွေရှိတယ်။ ကျနော့်ဆီကရတဲ့ ထမင်းဟင်း တစုံကို ၇ဝဝ နဲ့ ပေးဝယ်တဲ့သူတွေရှိတယ်။ ကလေးအမေတွေက လမ်းထိပ်မှာစောင့်တယ်။ ကလေးတွေက မိုးကာအကျီတွေနဲ့ လာတိုးတယ်။ လမ်းထိပ်ရောက်လို့ သူ့အမေကို အဲ့အထုပ်ပေးပြီးပြီဆိုရင် အကျီကိုချွတ်ပြီးတော့ နောက်တခါပြန်လာတိုးတယ်။ အဲ့ဒီတော့ ဘယ်လိုလုပ်ရလဲဆိုတော့ လက်သန်းကို မင်တို့ရတယ်။ လက်မကို မင်တို့ရတယ်။အခုဆို။ သူတို့တွေကိုလေ"

ဒီအလှူတွေ ဖြစ်မြောက်ဖို့ နေရာအရပ်ရပ်က လှူဒါန်းလာတာတွေကို လူအင်အား ၂ဝ ကျော်နဲ့ ချက်ပြုတ်ပြင်ဆင်ပြီး အင်တိုက်အားတိုက် လုပ်နေကြပေမယ့် တချို့ရက်တွေမှာ လူများလွန်းတာကြောင့် လှူဖို့သတ်မှတ်ထားတဲ့ ထမင်း၊ ဟင်း အစုံလိုက်မရသွားကြသူတွေလည်း ရှိတယ်လို့လည်း သူက ဆိုပါတယ်။ ဒီလိုအခက်အခဲတွေကြားကပဲ ဆက်လက်လှူဒါန်းနေတဲ့ ဒီအလှူတွေက လိုအပ်နေတဲ့ အခြေခံလူတန်းစားတွေအတွက် အကြပ်အတည်းကြားက အိုအေစစ်လေးတစ်ခုလို ဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။