အဆမတန်မြင့်တက်လာတဲ့ ကုန်စျေးနှုန်းကို ကြံ့ကြံ့ခံနေတဲ့ အညာကမိသားစုများ
2023.09.10
တရိပ်ရိပ်တက်လာတဲ့ ကုန်စျေးနှုန်းတွေဟာ မြန်မာတစ်ပြည်လုံးက အခြေခံလူတန်းစားတွေအတွက် အလွန်အမင်း အခက်တွေ့နေရပါတယ်။ အိမ်ရှင်မတွေဟာ နေ့တဓူဝ မိသားစုထမင်းဝိုင်းအတွက် အခက်ကြုံနေကြရပါတယ်။ အဲဒီအထဲမှာ မုံရွာမြို့က ဆေးလိပ်ခုံအလုပ်သမား ဒေါ်သိန်းလည်း အပါအဝင်ပါ။
မနက်ခင်းမှာ မြေးလေးကို လက်ဆွဲပြီး စျေးထဲရောက်နေတဲ့ ဒေါ်သိန်းတစ်ယောက် သူ့မိသားစုအတွက် အာဟာရပြည့်ဝတဲ့ထမင်းဝိုင်းတစ်ခုကို စီမံပေးနိုင်ဖို့ အတော့်ကို တွက်ချက်နေရပါတယ်။
“ညမနက်ကို နှစ်ပြည်ချက်ရတယ်။ ဒါတောင် လူစုံတက်စုံ ဝင်ငွေရှိမှသာ ဒီဆန်ကချက်နိုင်မှာ။ ဟင်းချက်စရာဆိုတာကလည်း ကြက်ဥပေါက်တောင် နေ့တိုင်း မစားနိုင်ဘူး။ အဲဒီလိုဖြစ်နေတာ။ ကြက်ဥပေါက် တစ်ထောင်ဖိုးကို လေးလုံးရတယ်။ အကောင်းဆို တစ်လုံးသုံးရာ ပေးရတယ်။ ဒါပေမဲ့ အကောင်းမစား နိုင်ဘူး။ ကျွန်မတို့မှာ မိသားစုများတော့။ အပေါက်ထဲကမှ ဝင်ငွေရှိရင်သုံးထောင်ဖိုး။ ဝင်ငွေမရှိရင် တစ်ထောင်ဖိုးကို မိသားစုမျှတစားရတာ”
ဒေါ်သိန်းပြောတဲ့ ကြက်ဥပေါက်ဆိုတာ ကြက်ဥအကွဲအအက်တွေကိုပြောတာပါ။ ဒေါ်သိန်းက ဆေးလိပ်ခုံမှာလုပ်တဲ့ ဆေးလိပ်သမဖြစ်ပါတယ်။ မိသားစုထဲမှာ သူနဲ့သူ့သမီးပဲ ပုံမှန်ဝင်ငွေရှိပြီး ကျန်တဲ့သူတွေက ကြုံရာကျပန်းလုပ်ကြရတဲ့အတွက် နေ့တိုင်းပုံမှန်ဝင်ငွေ မရှိတဲ့အကြောင်း ပြောပြပါတယ်။
“ကျွန်မတို့မိသားစုက ဆယ့်တစ်ယောက်ရှိတယ်။ ဝင်ငွေကတော့ လေးယောက်ရှိတယ်။ သမီးအငယ်လေးက ကွမ်းသီးဒိုင်မှာ လုပ်တာ။ တစ်နေ့ ငါးထောင်။ သားမက်နဲ့ အိမ်သားကတော့ ကြုံရာကျပန်းဆိုတော့ ခေါ်တဲ့သူရှိမှ လုပ်ရတာ။ အရင်က ဆေးလိပ်အလိပ်တစ်ထောင်ပြီးရင် ပိုက်ဆံလေးထောင်ရတယ်။ အရင်ကဆန်စျေးကလည်း အလွန်ဆုံး ကောင်းပေ့ဆိုတဲ့ ဆန်က နှစ်ထောင့်ငါးရာ၊ အညံ့ဆုံးက နှစ်ထောင်။ အဲဒီတုန်းက စားဝတ်နေရေးက ဖဲ့ရွဲ့ပြီး ဝယ်လို့ရသေးတာပေါ့။ အခု အလိပ်တစ်ထောင်ပြီးမှ ပိုက်ဆံလေးငါးထောင်။ ဆန်တစ်ပြည်က ခြောက်ထောင်၊ ဘယ်လိုမှ အဆင်မပြေသလိုဖြစ်နေရတယ်”
ဒေါ်သိန်းတို့လိုအခြေခံလူတန်းစားတွေအဖို့ ဆန်၊ ဆီ၊ ဟင်းစားနဲ့ ချက်ပြုတ်ဖို့ ထင်း စတာတွေအတွက် နေ့စဉ်ပုံမှန်ဝင်ငွေရှိဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ထမင်းနှပ်မှန်အောင်မစားနိုင်တဲ့ဘဝ ရောက်သွားနိုင်တယ်လို့ပြောပါတယ်။
“တစ်နေ့ နှစ်သောင်းကျော် ဝင်ငွေမရှိဘဲနဲ့ ကျွန်မတို့မိသားစုက အငတ်ဘေးတောင်ကြုံရမယ့် အနေအထားဖြစ်နေပြီ။ မြေးလေးတွေက မုန့်ဖိုးတောင်းလိုက် အမေကြီး ဘာလေးချက်ပေးပါဦးဆိုရင် ကျွန်မမှာ ချက်မကျွေးနိုင်တော့ စိတ်ထဲလဲ မကောင်းဘူး။ သူတို့မှာ အမြဲလက်ဖက်သုတ်၊ ကြက်ဥကြော်နဲ့။ ကြက်ဥကြော်တောင် ပုံမှန်မကျွေးနိုင်ဘူး။ အဲလိုဖြစ်နေတာ”
ကိုယ့်အရပ်ဒေသမှာ အလုပ်အကိုင်မကောင်း၊ ဝင်ငွေမကောင်းလို့ အလုပ်အကိုင်ကောင်းတဲ့ နေရာဒေသတွေဆီ ပြောင်းရွှေ့ဖို့ဆိုတာလည်း စစ်ကိုင်းတိုင်း မှတ်ပုံတင်နဲ့လူတွေ ခရီးသွားတဲ့အခါ အစစ်အဆေးတင်းကျပ်လွန်းတာကြောင့် အခက်တွေ့ရတယ်လို့ဆိုပါတယ်။
“ကိုယ့်လုပ်ငန်းကိုင်ငန်း အဆင်မပြေလို့ တခြားနယ်တွေ ပြောင်းမယ်ဆိုတော့ မှတ်ပုံတင်လမ်းကြောတွေက စစ်၊ အစစ်အဆေးတွေကများတော့ ဘယ်မှ ခရီးထွက်ဖို့ မလွယ်ဘူး။ တချို့နယ်တွေမှာဆို ငါးမျဉ်းစောင်းမို့ အစစ်အဆေးများလို့ ဘယ်ဧည့်သည်မှတောင် လက်သင့်မခံတာကြောင့် ကျွန်မတို့မှာ ဘယ်မှတည်းခိုခွင့်လဲ မရှိခဲ့ဘူးပေါ့”
အခုလို စားသောက်ကုန်စျေးတွေတက်၊ အလုပ်အကိုင်ရှား၊ ဝင်ငွေနည်းတဲ့ ဘဝနဲ့ မိသားစုထမင်းနှစ်နပ်အတွက် ဝမ်းဝအောင် နေ့တိုင်းဖြတ်သန်းနေရတဲ့အခါ အခုထက် ပိုကျပ်တည်းလာရင် ဘယ်လိုရင်ဆိုင်ကြမလဲ၊ ကျန်းမာရေးတစ်ခုခုဖြစ်လာရင်ဘယ်လို လုပ်ကြမလဲဆိုတဲ့ အတွေးမဝင်အောင် မနည်းကြိုးစားနေကြရပါတယ်။ ဒါကြောင့် ဖြစ်လာသမျှဘဝမှာ ဆုတောင်းဖို့တစ်ခုသာ တတ်နိုင်တော့တယ် လို့ဆိုပါတယ်။
“ တချို့ဆို စားဝတ်နေရေးအဆင်မပြေတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေမယ့် ပုံစံမျိုးတွေ ဖြစ်လာနိုင်တယ်ပေါ့နော်။ ကျွန်မတို့ကတော့ တိုင်းပြည်ကြီး အေးချမ်းသွားမှသာ စားဝတ်နေရေးလဲ အကုန်လုံး အဆင်ပြေမယ်လို့ကျွန်မတို့စိတ်ထဲတွေးတာ ပေါ့နော်။ ဒါကြောင့် တိုင်းပြည်ကြီးလဲ အေးချမ်းပါစေလို့။ ဘုရားရှိခိုးတိုင်းလည်း အမြဲတမ်းအေးချမ်းပါစေ၊ သာယာပါစေလို့ ဘုရားရှိခိုးတိုင်းမေတ္တာပို့ပေးတယ်။ ဆုတောင်းပေးတယ်"