ရန်ကုန်မြို့မှာ စီးပွားဖြစ် လုပ်ကိုင်လာတဲ့ ဇီဝဇိုးငှက် မွေးမြူရေး
2024.02.27
တနင်္သာရီတိုင်း မြိတ်ကျွန်းစုနဲ့ ဧရာဝတီတိုင်း ပုသိမ်အနောက်ဘက်ကမ်းခြေအလွန်ကျွန်းတွေမှာ ကျင်လည် ကျက်စားတဲ့ ဇီဝဇိုးငှက်လေးတွေကို ရန်ကုန်မြို့မှာ စီးပွားဖြစ်မွေးမြူလာကြပါပြီ။
ဦးစိုးနိုင် - TOP ဇီဝဇိုးငှက်နှင့် ငှက်သိုက်လုပ်ငန်း။ ။ “ ရာသီဥတုအပြောင်းအလဲလေး အနည်းငယ် လည်း ရှိလာတဲ့အတွက် သူတို့က ဒီဘက်ကို ရွှေ့ပြောင်းလာတာပေါ့။ ဒီဘက်မှာလည်း သူတို့နေရ ထိုင်ရတာ အဆင်ပြေတဲ့အတွက် သူတို့ ပင်လယ်ကို မပြန်ကြ တော့ဘူး။ ရန်ကုန်ကိုတော့ လွန်ခဲ့တဲ့ လေးနှစ်ကစပြီး ငှက်အိမ်တွေ တည်ဆောက်လာကြတာ အခု ဆိုရင် အလုံးသုံးရာလောက်ရှိပြီ။ ဒီနှစ်ထဲမှာ ရန်ကုန်ထဲမှာ အလုံးတစ်ရာကျော်လောက် ဆောက်ဖြစ်လိမ့်မယ်”
သန်လျင်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံတို့မှာ နှစ်ထပ်ကနေ လေးထပ်ထိ ငှက်နေမယ့် အိမ်တွေ ဆောက်လုပ်မွေးမြူနေကြပြီလို့ သူက ပြောပါတယ်။
"သူတို့မယူတဲ့ အသိုက်ကိုမှ အန်တီတို့က ခွာတာ။ ဒါကြောင့်မို့လို့ သူတို့က အန်တီတို့ကိုလာပြီး အကျိုးပြုတာ"
ဇီဝဇိုးငှက်တွေက ၁၅ နှစ်ထိ သက်တမ်းရှည်ပြီး တစ်ခါ ဥရင် နှစ်လုံးနဲ့ တစ်နှစ်ကို သုံးကြိမ်ထိ သားပေါက်ပါတယ်။ မှောင်ပြီး ရာသီဥတုအေးတဲ့နေရာတွေမှာ နေထိုင်သားပေါက်ကြတဲ့အတွက် သူတို့ကို မွေးမယ်ဆိုရင် တိုက်အိမ်ကို နှစ်ထပ် အနည်းဆုံး ဆောက်လုပ်ရပါတယ်။ အဲဒီနှစ်ထပ်တိုက်တစ်လုံးကိုတော့ အနည်းဆုံး ကျပ်သိန်းရှစ်ရာလောက် ကုန်ကျနိုင်မှ တိုက်အိမ်အရည်အသွေးရော ရာသီဥတု အပူအအေးပါ အဆင်ပြေတယ်လို့ ပြောပါတယ်။ သူတို့ကို အစာမကျွေးရပေမယ့် ရေနွေးငွေ့ပေးတာမျိုးနဲ့ နှစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်တာမျိုး လုပ်ပေးရပါတယ်။
တိုက်အသစ်တွေမှာ ငှက်တွေလာနေအောင်လည်း ငှက်ကလေးအသံ၊ ငှက်မိတ်လိုက်တဲ့အသံတွေကို အသံဖမ်းပြီး စပီကာလေးတွေနဲ့ တစ်ရက်လုံး ဖွင့်ပေးထားရပါတယ်။ အသံမမှန်ရင်တော့ ငှက်လေးတွေ မလာပါဘူး။
ဇီဝဇိုးငှက်တွေက ဥအုပြီး သားဖောက်ဖို့ သူတို့ရဲ့ အာခေါင်ထဲက အာစေးနဲ့ အသိုက်လုပ်ကြတာပါ။ ဥကနေ အကောင်ပေါက်ပြီး ပျံသန်းသွားတဲ့အခါမှာတော့ သူတို့ရဲ့ အသိုက်ကို ပြန်မသုံးတော့ဘဲ စွန့်ပစ်ထားခဲ့တာကြောင့် အဲဒီအသိုက်ဟောင်းတွေကိုခွာယူပြီး ရောင်းကြတာ ဖြစ်ပါတယ်။
ဦးကျော်တိုး - ပိုင်ရှင်၊ နန်းထိုက်ရတနာ ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်း ။ ။ “ဒါ အကုသိုလ် အလုပ် မဟုတ်ဘူး။ သူတို့မနေမှ ကျွန်တော်တို့ ခွာရတာပေါ့။ လူတွေကတော့ အကုသိုလ် အလုပ်လို့ ပြောကြတယ်။ ကျွန်တော်လက်တွေ့လုပ်တဲ့သူကျတော့ အဲလိုမဖြစ်ဘူးဗျ။ ဒီအသိုက်လုပ်ပြီးရင် ဥ အုတယ်ဗျာ။ ဥက နှစ်လုံး အုတယ်။ နှစ်လုံး အုပြီးရင် သူက အကောင်ပေါက်လာတယ်။ အကောင်ပေါက်လာပြီး သူတို့က အစာရှာ ထွက်တယ်။ ထွက်ပြီးရင် သူတို့က ဒီအသိုက်ကို မယူတော့ဘူးဗျ”
စွန့်ပစ်ခဲ့တဲ့ ငှက်သိုက်တွေကို အချိန်မီမခွာရင်တော့ အရောင်ပြောင်းသွားတဲ့အတွက် ငှက်တွေ စွန့်ပစ်သွားပြီဆိုတာနဲ့ အချိန်မဆိုင်းဘဲ ခွာယူမှ အဆင်ပြေတယ်လို့ ဆိုပါတယ်။
မွေးမြူတဲ့သူတွေက တစ်လကို နှစ်ပိဿာထက်မနည်း ရကြပါတယ်။ မသန့်စင်ရသေးတဲ့ ငှက်သိုက် တစ်ပိဿာကိုတော့ ကျပ် ၂၅ သိန်းဝန်းကျင်ရသလို သန့်စင်ပြီးသားဆိုရင် ကျပ် သိန်းသုံးဆယ်ကျော်ကနေ ၄၅ သိန်းကျော် ဈေးရတယ်လို့ ဆိုပါတယ်။
ဦးကျော်တိုးရဲ့ ဇနီးဒေါ်ခင်ယုဆွေကတော့ ဒီအလုပ်က ငှက်နဲ့ လူသားတွေအတွက် နှစ်ဖက်စလုံး အကျိုးရှိတယ်လို့ ယုံကြည်ပါတယ်။
ဒေါ်ခင်ယုဆွေ - ပိုင်ရှင်၊ နန်းထိုက်ရတနာ ဇီဝဇိုးငှက်မွေးမြူရေးလုပ်ငန်း။ ။ “သူတို့အတွက်လည်း ကိုယ် ဘာမှမလုပ်ပေးရဘူး။ အဆောက်အအုံပဲ အကုန်အကျခံပြီး ဆောက်ပေးထားတာ။ သူတို့တွေ ပျော်ပါစေ၊ နေပါစေဆိုတဲ့ စေတနာ၊ မေတ္တာနဲ့ ထားထားတာ။ ဟာ လောဘနဲ့ သူ့ဆီက ငါရ ရမယ် ဒလဟော မခွာဘူး။ သူတို့မယူတဲ့ အသိုက်ကိုမှ အန်တီတို့က ခွာတာ။ ဒါကြောင့်မို့လို့ သူတို့က အန်တီတို့ကိုလာပြီး အကျိုးပြုတာ။ အန်တီတို့ လူလည်းမနေဘူး။ သုံးထပ်တိုက်ကြီး ဆောက်ပြီးတော့ ငှက်တွေချည်းပဲ၊ ဇီဝဇိုးငှက်တွေချည်းပဲ သီးသန့်ထားထားတာ”
ဇီဝဇိုးငှက်ရဲ့ မစင် (ငှက်ချေး) တစ်အိတ်က ကျပ်သုံးသောင်းဈေးရှိပြီး အဲဒီမစင်ကို ဇီဝဇိုးငှက် စမွေးမယ့် တိုက်သစ်တွေမှာ အနံ့အဖြစ်သုံးတာနဲ့ မြေဩဇာအဖြစ်သုံးတာလို့ ဆိုပါတယ်။ ဒီငှက်သိုက်တွေကို တရုတ်နိုင်ငံက အဓိကဝယ်နေပါတယ်။
ဦးစိုးနိုင် - TOP ဇီဝဇိုးငှက်နှင့် ငှက်သိုက်လုပ်ငန်း။ ။ “ကျွန်တော်တို့ တရုတ်ပြည်ပို့ရင်တော့ အခု လောလောဆယ်တော့ ၄၇ သိန်းလောက်နဲ့ ပို့ရပါတယ် တစ်ပိဿာကိုပေါ့နော်။ အမှန်တကယ်ကတော့ တရုတ်ပြည်ထဲမှာ ပေါက်ဈေးက သိန်းတစ်ရာကျော်တယ်ဗျ။ သိန်းတစ်ရာကျော်တယ်ဆိုတာ အခုလောလောဆယ်တော့ ကျွန်တော်တို့က တရားဝင်ပို့လို့ မရဘူး။ အဲတော့ အောက်လမ်းကနေ သွားကြတဲ့အတွက် ကျွန်တော်တို့က ၄၇ သိန်းပဲရတယ်”
ဒါကြောင့် နှစ်နိုင်ငံသဘောတူညီချက်နဲ့ တရားဝင်ပို့ခွင့်ရမယ်ဆိုရင် မြန်မာပြည်က ဇီဝဇိုးမွေးမြူရေး သမားတွေအတွက် စီးပွားရေးအလားအလာကောင်းမယ်လို့ မျှော်လင့်နေကြပါတယ်။