ရန်ကုန်မှာ နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းနေရတဲ့ ကလေးတွေရဲ့ ပညာရေး

2022.01.06
Share on WhatsApp
Share on WhatsApp
ရန်ကုန်မှာ နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းနေရတဲ့ ကလေးတွေရဲ့ ပညာရေး Zoom Meeting နဲ့ စာသင်နေတဲ့ ကလေးငယ်တစ်ဦးကို တွေ့ရစဉ်
Photo: RFA

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းတာကို မလိုလားတဲ့ ပြည်သူတွေကြားမှာ အပြန်အလှန် တိုက်ခိုက်မှု တွေ ရှိနေလို့ ကျောင်းသားမိဘတွေဟာ သူတို့သားသမီးတွေကို စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေဆီ မပို့ရဲဘဲ ဖြစ်နေကြပါတယ်။

စစ်ကောင်စီရဲ့ ပညာရေးကို ငြင်းဆန်လာကြတဲ့ ကျောင်းသားမိဘတွေဟာ သားသမီးတွေရဲ့ ပညာရေးအတွက် အွန်လိုင်းသင်ကြားရေးလို၊ အိမ်ကို ဆရာ ခေါ်သင်တာမျိုးလိုနဲ့ အခြေအနေတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းလာကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ဖူးဖူးကတော့ စစ်ကောင်စီကို CDM လုပ်ထားတဲ့ ဆရာမတွေကို အားနာလို့ သားဖြစ်သူကို ကျောင်းမပို့ဘဲ အွန်လိုင်းကနေ စာသင်ကြားခိုင်းတယ်လို့ RFA ကို အခုလို ပြောပါတယ်။

"အခုကတော့ Zoom Meeting နဲ့ ကလေးကို ကျုရှင်ထားတယ်၊ ပြီးရင် အပြင်က ဆရာမကို အိမ်မှာ ခေါ်သင်ပေးတယ်ရှင့်။ ပညာရေးနောက်ကျမှာတော့ လူတိုင်းစိုးရိမ်ကြပါတယ်။ ဒါပေမဲ့ ဒီအခြေအနေကြီး မှာတော့ လူတိုင်း နည်းတူပေါ့။ အဓိကကတော့ အမှန်တရား လိုချင်တယ်။ အဲဒါကြောင့် ကိုယ်တတ်နိုင်တဲ့ ဘက်က ကိုယ့်သား၊ သမီး နောက်မကျအောင် လုပ်ရမှာပဲလေ။ အနည်းဆုံးတော့ ကိုယ်လည်း တက္ကသိုလ် က ဘွဲ့ရထားတာ ဆိုတော့ တတ်နိုင်သလောက် သင်ပေးတယ်။ အဓိကကတော့ အင်္ဂလိပ်စာ ဆိုရင် Story Book လေးတွေ ဖတ်ပြတယ်။ ပြီးရင် Private က ထုတ်တဲ့ စာအုပ်လေးတွေ ဝယ်ပြီး သင်ပေးဖြစ်တယ် ပေါ့"

ဖွင့်လှစ်သင်ကြားနေတဲ့ ကျောင်းတွေမှာလည်း ဆရာ၊ ဆရာမ မလုံလောက်သလို ကျောင်းတက်သူ ရာခိုင်နှုန်း လည်း နည်းနေတဲ့အတွက် စစ်ကောင်စီပညာရေးဟာ စာရွက်ပေါ်မှာပဲ အဖွင့်ပြနိုင်တယ်လို့ ပညာရေး လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် CDM ဝင်သွားတဲ့ ပညာရေးဝန်ထမ်းတွေနေရာမှာ အစားထိုးခန့်အပ်ထားတဲ့ ဆွဲခန့်တွေကြောင့် ပညာရေး ကဏ္ဍကို အယုံအကြည်မရှိဘူးလို့ ဦးသန်းဝေက ပြောပါတယ်။

"ပညာရေးစနစ်က အခုလက်ရှိ CDM ဝင်ထားတဲ့ ဆရာမတွေကအစ ပညာရေးဌာနရဲ့ ကျောင်းကနေ ထွက်လာတယ်။ ကျွမ်းကျွမ်းကျင်ကျင် သင်နိုင်ကြတယ်။ ဒီနေ့ စစ်ကောင်စီကခန့်တဲ့ လူတွေက တချို့ ဆွဲခန့်တွေလည်း ပါတယ်။ တချို့ကျတော့လည်း အခွင့်သာလို့ နေရာဝင်ယူတယ်လို့ပဲ မြင်တယ်။ အဲဒါ ကြောင့် မိဘတွေက ကျောင်းကို မပို့ကြတော့ဘူး။ သူတို့ကို မယုံလို့ မထားတာ"

kayah-refugee-education.jpg
(ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ထိန်းချုပ်နယ်မြေထဲက စစ်ဘေးဒုက္ခသည်စခန်းက ကလေးတွေ စာသင်ကြားနေစဉ်) Photo: RFA

ကျောင်းပြင်ပ ပညာရေးအတွက် အင်္ဂလိပ်စာ၊ ဓာတုဗေဒနဲ့ ရူပဗေဒဘာသာရပ်တွေကို ဆရာခေါ် သင်ကြား ကြတာ အများဆုံး ဖြစ်နေပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုရယ်ကြောင့် ကလေးငယ်တွေဟာ စာသင်ခန်းနဲ့ နှစ်နှစ်နီးပါး ဝေးကွာ သွားတဲ့အပြင်၊ အွန်လိုင်းသင်ကြားရေး ဖြစ်တဲ့အတွက် ကလေးတွေရဲ့ အာရုံစူးစိုက်မှု အခြေအနေကို အကဲခတ်လို့ မရတာကြောင့် လက်ရှိသင်ကြားရေးပိုင်းတွေမှာတော့ အခက်အခဲတွေ ရှိနေတယ်လို့ အွန်လိုင်းကနေ စာသင်ပေးနေတဲ့ ဆရာမ မျိုးမျိုးက ပြောပါတယ်။

"ကျမသင်ပေးနေတဲ့ ကျောင်းသား၊ ကျောင်းသူ အများစုဟာဆိုရင် အင်္ဂလိပ်စာ၊ သင်္ချာ၊ ဇီဝဗေဒ၊ ရူပဗေဒတွေပါ သင်တာများတယ်။ အခုလက်ရှိ မြန်မာပြည် ပညာရေးအခြေအနေက နိုင်ငံခြားပညာရေးကို သွားဖို့ ဒီနိုင်ငံက ပညာရေးဟာ လုံးဝကို အဖက်ဆယ်မရအောင် ဖြစ်သွားပြီ။ ပိုက်ဆံရှိတဲ့ သူအများစုက သူတို့သားသမီးတွေကို ဒီနိုင်ငံရဲ့ပညာရေးမှာ ဆက်သင်ဖို့ မဖြစ်တော့ဘူးဆိုပြီး နိုင်ငံခြားပညာရေးကို တတ်ရောက်ဖို့ အစပျိုးသင်ကြားနေတာ ရှိတယ်။ တချို့မိဘတွေကျတော့ စာသင်းကျောင်းမှာ စစ်ကောင်စီတပ်သားတွေရှိတော့ စိတ်မချလို့ ကျောင်းမပို့ဘဲ အိမ်မှာခေါ်သင်တာတွေရှိတယ်"

ဒါ့အပြင် စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာတော့ စစ်ကောင်စီရဲ့ စာသင်ကျောင်းတွေက ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့လအတွင်း နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာတော့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အင်္ဂလိပ်၊ ဇီဝဗေဒနဲ့ ဓာတုဗေဒဘာသာရပ်တွေမှာ အမှတ်ကောင်းရင် တက္ကသိုလ်ဝင်တန်းတွေကို ဆေးတက္ကသိုလ် ဝင်ခွင့်ပေးမယ်လို့ ပြောကြားခဲ့ပါသေးတယ်။

"နိုင်ငံရေးပင်စည် မခိုင်မာသရွေ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကိစ္စရပ်တွေဟာ အညွှန့်တလူလူ တက်ဖို့က မျှော်လင့်လို့ မရသေးဘူး"

ကိုဗစ်ရောဂါကြောင့် ရပ်တန့်နေတဲ့ ပညာရေးကဏ္ဍဟာ အာဏာသိမ်းမှုကြောင့် အညွန့်ကျိုးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ်က အတွင်းရေးမှူးဟောင်း ဆရာ ဦးကျော်မင်းခန့်က ပြောပါတယ်။

"ကျနော်တို့အနေနဲ့ ဘာဖြစ်စေချင်တာလဲဆိုတော့ နိုင်ငံရေးပရောဂတွေကြားထဲမှာ ကိုဗစ်ရောဂါတွေ ကြားထဲမှာ ပြန်ပြီးတော့ အဖတ်ဆယ်ဖို့အတွက် မြန်မာ့ပညာရေးဟာ တော်တော်လေး အဖတ်ဆယ်ရမယ်။ တော်တော်လေး လုပ်ယူရမယ်။ အရှိန်ရနေတဲ့ ပညာရေးဟာ အညွှန့်ကျိုးတဲ့ အနေအထားကို ရောက်သွားတယ်။ နိုင်ငံရေးက ပင်စည်ဆိုရင် နိုင်ငံရေးမှာ တည်ဆောက်ထားတဲ့ စီးပွားရေး လူမှုရေး၊ ပညာရေးကိစ္စရပ်တွေက အညွန့်ကျိုး ကုန်ကြတာပဲ။ ဒါ‌‌‌ကြောင့် နိုင်ငံရေးပင်စည် မခိုင်မာသရွေ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကိစ္စရပ်တွေဟာ အညွှန့်တလူလူ တက်ဖို့က မျှော်လင့်လို့ မရသေးဘူး"

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်သူတွေထဲမှာ ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍက လူအများဆုံး ဖြစ်နေပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသူ၊ ကျောင်းသားပေါင်း ၁၁ သန်း ကျော် ရှိတယ်လို့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ရဲ့ စာရင်းမှာဖော်ပြထားပါတယ်။

စစ်ကောင်စီလက်အောက်ခံပညာရေးကဏ္ဏရဲ့ ပြည်ထောင်စုဝန်ကြီး အစည်းအဝေးတစ်ခုမှာတော့ စာသင်ကျောင်းနဲ့ တက္ကသိုလ်၊ ကောလိပ်တွေ ပုံမှန်ပြန်ဖွင့်နိုင်ဖို့ အလေးထားဆောင်ရွက်နေတယ်လို့ ဆိုပေမယ့် အဲဒီပြောဆိုချက်က လက်တွေ့မှာတော့ ရာနှုန်းပြည့် မအောင်မြင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့