ရှေ့တန်းစစ်မြေပြင်က အမျိုးသမီးသူနာပြု

RFA Burmese
2024.09.24
ရှေ့တန်းစစ်မြေပြင်က အမျိုးသမီးသူနာပြု အမျိုးသမီး သူနာပြု မအိဇင်အား တွေ့ရစဉ်။
Citizen Photo

စစ်တပ်အာဏာမသိမ်းခင်က မွန်ပြည်နယ်က ဆေးရုံတစ်ရုံမှာ ၆ နှစ်လောက် သူနာပြုလုပ်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် မအိဇင်ဟာ အခုတော့ သထုံခရိုင် အမှတ် ( ၂ ) PDF တပ်ရင်းရဲ့ ဆေးတာဝန်ခံဖြစ်နေပါပြီ။

“ဒဏ်ရာရ ရဲဘော်တွေရှိလာရင် ညီမတို့ကို ပြန်ဆက်သွယ်တယ်။ ညီမတို့က Second Line လောက်မှာ နေရတယ်။ ဆက်သွယ်တဲ့အချိန်မှာ ညီမတို့ ရှေ့တန်းအထိသွားပြီး လူနာကိုသွားခေါ်ရတယ်။ ခေါ်ပြီးပြုစုတယ်။ ပြီးရင် ညီမတို့မှာက ဆေးရုံမရှိတဲ့အတွက် ဆေးရုံကို ပို့ပေးရတယ်။ ကြားမှာ ညီမတို့က တာဝန်ယူ ကုပေးထားရတယ်”

နိုင်ငံခြားကို ပညာတော်သင်သွားဖို့ ရည်မှန်းချက်ရှိခဲ့တဲ့သူ့အတွက် စစ်တပ်အာဏာသိမ်းမှုက သူ့ရဲ့ ဘ၀ကို မထင်မှတ်ဘဲ ပြောင်းလဲသွားစေခဲ့တာပါ။

“လူငယ်တော်တော်များများရဲ့ အဓိက ရည်မှန်းချက်ကတော့ အာဏာရှင် အမြစ်ပြတ်ဖို့ဆိုတာဖြစ်သွားတယ်"

ဆန္ဒပြတဲ့သူတွေကို စစ်တပ်ကပစ်ခတ်ဖြိုခွင်းလို့ သပိတ်အဖွဲ့ဝင် တစ်ယောက်ကျဆုံးသွားတာကို မြင်လိုက်ရတဲ့နောက်မှာတော့ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပြပါတယ်။ တောထဲရောက်တဲ့အခါ သူက တိုက်ခိုက်ရေးမှာ ပါချင်ပေမဲ့လည်း ဆေးကုပေးနိုင်တဲ့သူ နည်းတာကြောင့် ကုသမှုအပိုင်းမှာ တာဝန်ယူနေရပါတယ်။


ဆက်နွှယ်သော သတင်းများ

အချစ်နဲ့စစ် - တိုက်ပွဲကြားက ဘဝခရီးသစ်

ဆေးကောလိပ်ဖွင့်ဖို့ ကြိုးစားနေတဲ့ CDM ခွဲစိတ်ဆရာဝန်

အနာဂတ်အတွက် တိုက်ပွဲဝင်နေတဲ့ မျိုးဆက်သစ်လူငယ်များ


ဒဏ်ရာရလာတဲ့သူတွေကို အချိန်မီအသက်ကယ်တင်နိုင်ဖို့ အရေးပေါ်ကုပေးထားရပြီး၊ အဲဒီကတဆင့် နောက်တန်းဆေးရုံကို ပို့ပေးရပါတယ်။ အဲဒီလိုပို့တဲ့အခါ စစ်ကောင်စီတပ်နဲ့ တွေ့မှာကို သူတို့ စိုးရိမ်ရပါတယ်။

“ညီမတို့က လူနာကို ဆေးရုံရောက်ဖို့ သွားရတဲ့လမ်းရှိတယ်။ အဲဒီလမ်းက စကစရော ညီမတို့ရော သုံးတဲ့ လမ်းတစ်ခုကို ဖြတ်ပြီးသွားရတာရှိတယ်။ ဆေးရုံရောက်ဖို့ဆိုရင်ပေါ့နော်။ အဲဒီလမ်းကို ဖြတ်သွားရတဲ့ အချိန်ဆိုရင်တော့ ရင်တမမနဲ့ပဲ။ စစ်ကောင်စီ စစ်ကြောင်းနဲ့တိုးရင် လက်နက်အင်အား အပြည့်စုံ မရှိဘူး။ ညီမတို့ ဆေးတပ်သားတွေက လက်နက်မရှိတဲ့အခါ တကယ်တမ်း စစ်ကြောင်းနဲ့ တွေ့ရင် လူနာနဲ့ ညီမတို့ ဘယ်လိုပြေးရမလဲဆိုတဲ့ စိတ်ပူပန်မှုမျိုးရှိတယ်”

လမ်းခရီးကြန့်ကြာမှုနဲ့ အခက်အခဲတွေကြောင့် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးလိုက်ရတဲ့ အသက်တွေလည်းရှိတယ်လို့ သူက ပြောပါတယ်။ ဒီကြားထဲမှာ အတူတူနေထိုင်စားသောက်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်သူငယ်ချင်း တစ်ယောက် သူ့လက်ပေါ်မှာတင် ဆုံးသွားတာက သူ့အတွက် စိတ်ဒဏ်ရာကျန်ရစ်ခဲ့ပါတယ်။

“ညီမသွားတဲ့အချိန်မှာ သူ ရှော့ရနေပြီ။ အဲဒီရဲဘော်က ညီမတို့နဲ့ အတူတူနေ၊ အတူတူစားကြတဲ့ အနီးကပ်ရဲဘော် ဖြစ်နေတယ်။ သူဒဏ်ရာရသွားတော့ အရေးပေါ်ကုသမှုတွေလုပ်ပြီး ဆေးရုံသွားတဲ့အချိန် ညီမလက်ပေါ်မှာပဲ သူဆုံးသွားတယ်။ အဲဒါက ညီမအတွက်တော့ အရမ်းကြီး စိတ်ဒဏ်ရာရသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါဒီအလုပ်နဲ့ မတန်ဘူးလား။ ဒီတာဝန်ကို ငါမယူနိုင်ဘူးလားဆိုပြီး အဲလိုဖြစ်သွားတယ်။ ဒီလူကို မကယ်လိုက်နိုင်ဘူး။ အဲလိုဖြစ်သွားတယ်”

အမျိုးသမီး သူနာပြု မအိဇင်အား တွေ့ရစဉ်။ (Citizen Photo)
အမျိုးသမီး သူနာပြု မအိဇင်အား တွေ့ရစဉ်။ (Citizen Photo)

သူ့ကိုယ်တိုင်လည်း လက်နက်ကိုင် တော်လှန်ရေးမှာ ပါနေတဲ့အတွက် မိသားစုက အမွေပြတ်စွန့်လွှတ်တာ ခံထားရပါတယ်။

“အရင်တုန်းကဆိုရင်တော့ အခက်အခဲပဲဖြစ်ဖြစ်၊ ဝမ်းနည်းတာပဲဖြစ်ဖြစ် အိမ်ကိုပြောပြနေကျ။ အမြဲတမ်းရင်ဖွင့်နေကျဆိုတော့ အခုကျတော့ အခက်အခဲ တစ်ခုခုဖြစ်ရင်လည်း ကိုယ့်ဘာသာပဲ ဖြေရှင်းရတာဆိုတော့ စိတ်မကောင်းဖြစ်တာတွေတော့ ဖြစ်တာပေါ့”

အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေကို နောက်မျိုးဆက်တွေ မခံစားရအောင် အဆုံးထိ တိုက်ထုတ်သွားမယ်၊ တော်လှန်ရေးကာလမှာ အသက်မသေဘဲ ကျန်ခဲ့ရင်တော့ သူ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်မယ်လို့ မအိဇင်က မျှော်မှန်းထားပါတယ်။

“လူငယ်တော်တော်များများရဲ့ အဓိက ရည်မှန်းချက်ကတော့ အာဏာရှင် အမြစ်ပြတ်ဖို့ဆိုတာဖြစ်သွားတယ်။ ကိုယ်တွေရဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေက အနောက်ရောက်သွားတယ်။ အဓိက ရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်ပြုတ်ကျဖို့ကို ဦးစားပေးလုပ်ရတယ်။ ညီမရဲ့ ရည်မှန်းချက်ဆိုတာကတော့ ဒီဟာပြီးမှပဲ ပြန်ပြီးမျှော်လင့်လို့ရမယ့် အခြေအနေမျိုးဖြစ်သွားတယ်။ အကယ်၍ မသေခဲ့ရင်ပေါ့”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။