မုန့်သည်ဖြစ်သွားတဲ့ ဖက်ရှင်ဒီဇိုင်နာ

RFA Burmese
2024.04.21
မုန့်သည်ဖြစ်သွားတဲ့ ဖက်ရှင်ဒီဇိုင်နာ ထိုင်းနယ်စပ်မြို့ ရပ်ကွက်တစ်ခုတွင် မုန့်များလှည့်လည်ရောင်းချနေသည့် ဒီဇိုင်နာ မစံပယ်ဖူး။
Photo: RFA

ထိုင်းနယ်စပ်တစ်နေရာမှာ မြို့ပတ်ပြီး မနက်ခင်းစားဖွယ်ရာတွေကို လှည့်လည်ရောင်းချနေတဲ့သူကတော့ တစ်ချိန်က ဖက်ရှင်ဒီဇိုင်နာတစ်ဦးအနေနဲ့ ရပ်တည်ခဲ့တဲ့ ဒီဇိုင်နာ မစံပယ်ဖူးပါ။

ဒီဇိုင်နာနဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ သူ့ရဲ့ဘဝဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အရာရာ ပြောင်းလဲခဲ့ပါတယ်။

“ကိုယ့်ကိုယ်ကိုယ်လည်း လက်မခံနိုင်ဘူး။ ငါဘယ်လိုဖြစ်သွားတာလဲ။ ကျွန်မစျေးသည် ဖြစ်သွားလိမ့်မယ်လို့ တစ်ခါမှလည်း မတွေးခဲ့ဘူး။ အော်တောင် မအော်ရဲဘူး။ စျေးရောင်းဖို့။ ဒါပေမယ့် ကျွန်မဘဝ ရပ်တည်ဖို့အတွက် အားတင်းပြီး အော်တယ်။ ဘယ်တော့မှ စမူဆာရောင်းမယ်၊ အီကြာကွေးရောင်းမယ်ဆိုပြီး တွေးကို တွေးမထားဘူး။ ကျွန်မဘ၀ တော်တော်ပြောင်းလဲသွားတယ်။ ဘ၀က ၄၀ ကျော်မှ သုညကနေ ပြန်စရတယ်"

အာဏာမသိမ်းခင်က မစံပယ်ဖူးဟာ အထည်ချုပ်လုပ်ငန်းနဲ့ သင်္ကန်းပရိက္ခရာဆိုင်ဖွင့်ထားပြီး ဖက်ရှင်ဒီဇိုင်နာ အလုပ်နဲ့ရပ်တည်ခဲ့တဲ့ လုပ်ငန်းရှင်တစ်ဦးပါ။ အရင်က နိုင်ငံရေးကို စိတ်မဝင်စားခဲ့တဲ့သူဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို လုံးဝလက်မခံနိုင်တဲ့အတွက် တော်လှန်ရေးမှာ ပါဝင်လာခဲ့တာပါ။

“၂၀၂၁ အာဏာသိမ်းပြီနောက်ပိုင်း မတရားတာကိုမြင်တော့ ကျွန်မမနေနိုင်တော့ဘူး။ ဒီတော့ နိုင်ငံရေးမှာ ကျွန်မလှုပ်ရှားမိတယ်။ CDM တွေကို ထောက်ပံ့မှုလုပ်တယ်။ အနားပတ်ဝန်းကျင်မှာမရှိတဲ့ သူတွေကို ကူညီတယ်။ လှူဒါန်းတယ်။ ဆန်တွေ ဆီတွေ လှူဒါန်းတယ်။ တခြားထောက်ပံ့မှုတွေလုပ်တယ်။ အဲဒါကို စစ်တပ်က သိသွားပြီးတော့ ကျွန်မကို လိုက်တယ်။ ကျွန်မအိမ်ကို စစ်ကားသုံးစီးနဲ့ လာ၀ိုင်းတယ်။ အဲဒီတော့ ကျွန်မ ထွက်ပြေးရတယ်။ ထွက်ပြေးတဲ့အချိန်မှာ ကျွန်မဆိုင်ကို သူတို့ ချိတ်ပိတ်လိုက်တယ်"

မစံပယ်ဖူးဟာ တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့အတွက် စစ်ကောင်စီက လိုက်လံဖမ်းဆီးခဲ့တာကြောင့် ထိုင်းနယ်စပ်ကို ခက်ခက်ခဲခဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ သူထိုင်းနယ်စပ်ကို ရောက်ရှိချိန်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် မိသားစုဝင်တစ်ဦးသေဆုံးခဲ့ရပြီး နာရေးအတွက်တောင် အိမ်ကိုမပြန်နိုင်ခဲ့ပါဘူး။

“သူတို့ (စစ်တပ်) ပစ်လိုက်တာပေါ့နော်။ ထိပ်တည့်တည့်ကိုပစ်လိုက်ပြီး သေသွားရတာ။ အလောင်းတောင်ပြန်မပေးဘူး။ ကျွန်မမိသားစုဝင်တစ်ဦး ဆုံးရှုံးသွားချိန်မှာ ကျွန်မအိမ်ကိုအရမ်းပြန်ချင်တယ်။ ကိုယ့်ရဲ့ သွေးသားဆိုတော့ အိမ်ပြန်ချင်တယ်။ ဒါပေမယ့် ကျွန်မပြန်ခွင့်မရှိဘူး။ ပြန်လို့မရဘူး။ အိမ်ကလည်း ပြောတယ်။ တစ်ယောက် ဆုံးရှုံးပြီးသွားပြီ။ နင်မလာနဲ့ပေါ့နော်။ နင်လာရင်လည်း နင့်ကို ထပ်ဆုံးရှုံးရလိမ့်မယ်။ အမေတို့ရဲ့နာရေးကို သားသမီးတွေ စုံစုံလင်လင်နဲ့ နာရေးကို ချပေးရမယ်လို့ အမေတို့ တွေးထားတာ။ ဒါပေမယ့် အမေတို့သားသမီးတွေရဲ့ နာရေးကို အမေမပို့ချင်ဘူးဆိုပြီးပြောတော့ ကျွန်မမသွားရဘူး"

သူဟာ ထိုင်းနယ်စပ်ကို ရောက်ခါစက အလုပ်မရှိတာကြောင့် ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတချို့ကို ထုခွဲရောင်းချပြီး စားဝတ်နေရေးကို ဖြေရှင်းခဲ့ရပါတယ်။ ရောင်းချဖို့ ပစ္စည်းကုန်သွားတဲ့အခါမှာတော့ နေထိုင်စားသောက်ရေး အတွက် ရရာအလုပ်ကြမ်းတွေကို လုပ်ကိုင်ခဲ့ရပြီး နောက်ဆုံးမှာတော့ စျေးရောင်းတဲ့အလုပ်ကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“မနက်စောစော လေးနာရီခွဲလောက်ဆိုထပြီးတော့ ကိုယ်ရောင်းမဲ့ ပစ္စည်းတွေကို စျေးထဲသွားယူတယ်။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် တချို့ဆိုင်တွေကလည်း ဝယ်နေကျဆိုတော့ သူတို့က ထုတ်ပြီးတော့ ထားပေးထားတယ်။ အဲဒီကနေပြီးတော့ ရပ်ကွက်တွေ လှည့်ရောင်းတယ်။ ဗမာများများရှိတဲ့ အစုအဖွဲ့တွေနား လိုက်လှည့် ရောင်းတယ်။ စျေးရောင်းပြီးတော့ပဲ ရတဲ့အမြတ်လေးနဲ့ ဘ၀ကို ခက်ခက်ခဲခဲ ဒီမှာပဲ ရပ်တည်နေရတယ်"

ppk001.jpg

တရားမဝင်နေထိုင်နေမှု၊ ဘာသာစကားမကျွမ်းကျင်မှုအပြင် ကိုယ်မကျွမ်းကျင်တဲ့နယ်မြေမှာ လှည့်လည် စျေးရောင်းရတာ မစံပယ်ဖူးအတွက် အခက်အခဲတွေ အများကြီးရှိပါတယ်။ တစ်ခါတရံ လမ်းမှားပြီး မုန့်မကုန် တဲ့နေ့တွေမှာ ထမင်းမစားရဘဲ အဲဒီမုန့်တွေပဲ ထိုင်စားခဲ့ရချိန်တွေ ရှိတယ်လို့ သူကဖွင့်ဟပါတယ်။

“တစ်ခါတလေကျရင် ဒီနိုင်ငံက လမ်းတွေကို မသိဘူးလေ။ မသိတော့ လမ်းတွေဘာတွေ လည်သွားတာတွေရှိတယ်။ အဲဒီလိုလည်သွားတဲ့အချိန် ကျွန်မမုန့်တွေက မကုန်သွားတော့ဘူး။ အဲဒီမုန့်တွေကို ပြန်ပြီး တွန်းပြီး ပြန်လာရတယ်။ အဲလိုနေ့တွေဆိုရင် အရမ်းဝမ်းနည်းတယ်။ ငါ့ဘဝကြီးက ဘာကြီးလဲ ငါဘယ်လို ဖြစ်သွားတာလဲ ဆိုတဲ့အတွေးမျိုးဝင်တယ်"

မစံပယ်ဖူးဟာ ကိုယ်တိုင်စားဝတ်နေရေးခက်ခဲခဲ့တာကြောင့် တော်လှန်ရေးကြောင့် ရှောင်တိမ်းလာခဲ့ရတဲ့ ဘ၀တူတွေကိုလည်း စားဝတ်နေရေးဖြေရှင်းနိုင်ဖို့ သူ့လိုပဲ စျေးရောင်းနိုင်အောင် ကူညီပေးပါတယ်။

အာဏာသိမ်းတာကို လက်မခံနိုင်တဲ့အတွက် တရားတဲ့ဘက်မှာရပ်တည်ပြီး ယုံကြည်ရာလမ်းကို ရဲရဲလျှောက် လာတဲ့ ဖက်ရှင်ဒီဇိုင်နာ မစံပယ်ဖူးဟာ တစ်နေ့တော့ အဆင်ပြေသွားမှာပါဆိုတဲ့စိတ်နဲ့ လမ်းတွေပေါ် လှည့်လှည် စျေးရောင်းရင်းနဲ့ပဲ ဘ၀ကို ကြိုးစားရပ်တည်နေဆဲ ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
စစ်ဘေးကြောင့် ရန်ကုန်ကိုရောက်လာတဲ့ ငပလီကောက်ညှင်းထုပ်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။