ရန်ကုန်တိုက်ခန်းထဲက တောတောင်ရေမြေ
2024.01.10
အခု တွေ့ရတဲ့ မြင်ကွင်းလေးက ရန်ကုန်မြို့ရဲ့ တိုက်ခန်းတစ်ခန်းထဲမှာပါ။ ပုပ္ပားတောင်၊ ဦးပိန်တံတားနဲ့ ပြင်ဦးလွင်မြို့ရဲ့ ပြယုဒ်နာရီစင်ကိုလည်း ဒီအခန်းထဲမှာတွေ့နိုင်ပါတယ်။
ဒါတွေက အပင်အစစ်၊ ကျောက်တုံး အစစ်တွေနဲ့ ဖန်တီးထားတာပါ။ ဒီအရာတွေကို ဖန်တီးနေကြသူတွေကတော့ အသက် ၃၂ နှစ်အရွယ် ကိုသူရိန်နဲ့ အသက် ၂၆ နှစ်အရွယ် မစုသဒ္ဒါဟိန်းတို့ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က The Labs ဆိုတဲ့ နာမည်နဲ့ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၃၂ ရပ်ကွက်၊ စိမ်းလဲ့သာယာလမ်းက တိုက်ခန်းတစ်ခန်းမှာ လူငယ်ဝန်ထမ်းတွေနဲ့အတူ လွန်ခဲ့တဲ့နှစ်ကစလို ဖန်တီးရင်း ပြခန်းဖွင့်ထားတာ ဖြစ်ပါတယ်။
“လူသားတွေကို အကျိုးပြုတဲ့အပင်တွေကို တတ်နိုင်သလောက် အားလုံးထိန်းသိမ်းသင့်နေပြီ”
ဝါသနာအရ စလုပ်ကိုင်ရင်း အခုတော့ ဝင်ငွေပါ ရရှိလာခဲ့ပြီလို့ ကိုသူရိန်က ပြောပါတယ်။
“အပင်လေးတွေကို ဒီလိုလုပ်လို့ ရပါလား၊ ဒီအပင်လေးတွေကြောင့် ဒီခံစားမှုတွေကို ကျွန်တော်တို့ အလွယ်တကူ ရနိုင်ပါလား။ ပြီးရင် ဒီဟာလေးတွေကို အသုံးပြုပြီးတော့ ကျွန်တော်တို့ဘဝ ရပ်တည်ဖို့အတွက်ရော ငွေကြေးတစ်ခုကို ရှာဖွေလို့ရပါလား ဆိုတာကို ကျွန်တော့်အနေနဲ့ သိစေချင်တာပေါ့နော်။ ဝါသနာကို ဝါသနာအတိုင်း မဟုတ်ဘဲနဲ့ ဝင်ငွေပြောင်းနိုင်တဲ့ အနေအထားထိ ရောက်အောင် ကျွန်တော့်အနေနဲ့ ဖန်တီးမယ်”
ဖန်တီးတဲ့အခါ မြန်မာနိုင်ငံရဲ့ ရေ၊ မြေ၊ ရာသီဥတု ကွဲပြားမှုကြောင့် အပင်နဲ့၊ ရေညှိပင်တွေ ခြောက်သွေ့ပျက်စီးတာတွေ ကြုံခဲ့ရတာပါ။ နောက်ပိုင်း အတွေ့အကြုံကနေ သင်ယူလုပ်ကိုင်ရင်း အခုတော့ ရေလောင်းစရာ၊ မြေဩဇာ ကျွေးစရာမလို၊ လုံးဝ ထိန်းသိမ်းစရာ မလိုတော့တဲ့ အခြေအနေထိ ဖန်တီးထားနိုင်ပြီလို့ ပြောပြပါတယ်။
သူတို့လိုတဲ့ အပင်နဲ့ ရေညှိတွေကို ထိုင်းနဲ့ တရုတ်နိုင်ငံက မှာယူတင်သွင်းရပါတယ်။ အသွင်အပြင် အရွယ်အစားနဲ့ ဖန်တီးထားတဲ့ပုံစံပေါ် မူတည်ပြီး ကျပ်နှစ်သောင်းခွဲကနေ အမြင့်ဆုံး ကျပ်သိန်း ရှစ်ဆယ်ကျော်ထိ ကုန်ကျတယ်လို့ ပြောပါတယ်။ နောက်ထပ် ကျပ်သိန်း နှစ်ရာကျော်တန်အထိ ဖန်တီးဖို့လည်း ရှိနေတယ်လို့ ကိုသူရိန်က ပြောပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အပင်မျိုးစိတ်တွေကို သုံးနိုင်အောင်လည်း စမ်းသပ်သွားမယ်လို့ သူက ဆိုပါတယ်။
ဒီပြခန်းလေးကို ပူးတွဲ တည်ထောင်တဲ့သူဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် မစုသဒ္ဒါဟိန်းကတော့ လူသားတွေကို အကျိုးပြုတဲ့ အပင်တွေကို တတ်နိုင်သလောက် အားလုံး ထိန်းသိမ်းသင့်နေပြီလို့ ပြောပါတယ်။
“အပင်လေးတွေ အသစ် ထွက်လာရင် ကိုယ်က ကြည်လည်း ကြည်နူးတယ်။ ထပ်ပြီးတော့လည်း သူတို့ကို ဂရုစိုက်ချင်စိတ်တွေ ပိုဖြစ်တယ်ပေါ့နော်။ ညီမရဲ့စိတ်က အပင်ကိုခုတ်တာပဲဖြစ်ဖြစ်၊ အပင်ကိုဖြတ်တာပဲဖြစ်ဖြစ် အရမ်းမုန်းတာ။ အဲဒီလိုမျိုးပေါ့နော် ဆိုတဲ့အခါကျတော့ ဒီအပင်လေးတွေကိုလည်း ထိန်းသိမ်းစေချင်တယ်။ ခံစားချက်ကတော့ ဒီအပင်လေးတွေ ရှိနေရင်ကို ပျော်တယ်။ အဲဒီလို ပုံစံမျိုးပေါ့နော်။ အပင်မရှိရင် တစ်မျိုးပဲ တစ်ခုခု လိုနေတယ်လို့ ခံစားရတယ်”
သူတို့ အရင်က အလှမွေးငါးတွေ မွေးမြူ ရောင်းချခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အပင်တွေနဲ့ တောတောင် သဘာဝတွေကို စိတ်ဝင်စား ချစ်မြတ်နိုးရာကနေ ဒီလိုဖန်တီးဖို့ ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။ အခုတော့ လူငယ်ဝန်ထမ်း ၁၃ ဦးနဲ့အတူ ဝါသနာအဖြစ်ကနေ စီးပွားဖြစ် လုပ်ကိုင်နေကြပါပြီ။
အသက် နှစ်ဆယ်အရွယ် ကိုသီဟစိန်မှန်ကတော့ တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းမှု သဘောကိုဆောင်တဲ့ ပုံစံမျိုးတွေကို သူ့အနေနဲ့ အဓိက ဦးစားပေး ဖန်တီးဖြစ်တယ်လို့ ပြောပါတယ်။
“တိတ်ဆိတ်ငြိမ်သက်တဲ့ သဘောတို့၊ အေးချမ်းမှု သဘောတို့ ရအောင်လို့ အဓိကတော့ လုပ်ဖြစ်တယ်ဗျ။ ဥပမာ ကျွန်တော်တို့လုပ်ပြီး ဖန်တီးပြီးသွားရင် ကိုယ့်ကြည့်လိုက်တဲ့ ကန်လေးကို ကိုယ်ပေးချင်တဲ့ မက်ဆေ့ကို တကယ် ရောက်ရဲ့လားပေါ့နော်။ အဲဒါကို ကိုယ်တိုင်အနေနဲ့တော့ ပြန်ကြည့်ရတယ်ဗျ။ ဥပမာ - ရေဖြန်းလိုက်ရင် တကယ် မိုးရွာနေသလိုပေါ့။ တောထဲကနေ ရေသေး သေးလေးတွေ ကျလာတာတို့၊ စိတ်ကို ပေါ့ပါးသွားစေတယ်ဗျ”
ဒီလို တောတောင်ရေမြေတွေကို ပုံစံတူ ဖန်တီးရတာ တာဝန်ကြီးပြီး အမှားအယွင်းတွေလည်း မကြာခဏ ကြုံရတယ်လို့ အသက် ၁၈ နှစ်အရွယ် ကိုအောင်ဇေယျနိုင်က ဆိုပါတယ်။
“လူငယ်ဆိုတော့ စိတ်က လူငယ်တိုင်းနီးပါးက စိတ်က လက်တစ်ဆစ်လောက်ပဲရှည်ကြတာဆိုတော့ ဒီကောင်လုပ်ဖို့က နည်းနည်းလေး ခက်တော့ ခက်တာပေါ့။ ဒါပေမဲ့လည်း သည်းခံပြီးလုပ်ရတာပေါ့။ ဝါသနာပါရင်တော့ ဒီအတိုင်းပဲ။ သေးသေးလေးတွေ တစ်ခါတလေကျရင် ကျွန်တော် စိတ်မရှည်တော့လို့ သေးသေးလေးတွေ ဖြတ်တာဆိုရင် မညီရင် အဲဒါ သုံးလေးခုလောက် ဖြတ်ပြီးမှ ကိုယ့်ကိုယ်ကို ပြန်ထိန်းပြီး ပြန်ဖြတ်ရတယ်”
လက်ရှိ ခရီးသွားဖို့ မလွယ်တဲ့ မြို့ပြက လူတွေအတွက် စိတ်ဖိအားတွေကို လျှော့ချဖို့ ဒီလို သဘာဝ တောတောင်ငယ်တွေက အသုံးဝင်လိမ့်မယ်လို့ အသက် ၂၂ နှစ်အရွယ် Dade က ပြောပါတယ်။
“ကျွန်တော်တို့ အခု လောလောဆယ် ကြုံနေရတာက မွန်းကျပ်မှုတွေနဲ့၊ မြို့ပြမှာဆိုတော့ သိတဲ့အတိုင်းပဲ သဘာဝကြီးကို သွားပြီး ထိတွေ့ဖို့ကျတော့လည်း အဆင်မပြေဘူး။ အခက်အခဲ အများကြီး ရှိတယ်ပေါ့နော်။ ကျွန်တော်တို့ လူတိုင်းမှာတော့ ဖိအားဆိုတာ အနည်းနဲ့ အများတော့ ရှိမှာပဲ။ အဲဒီလို ဖြစ်တဲ့အချိန်ဆိုရင် ဒီလိုမျိုး Terrarium (အပင်ကန်) လေးတွေ၊ Paludarium (အပေါ်ပိုင်း ကုန်းမြေ၊ အောက်ပိုင်း ရေပြင်ရှိတဲ့ကန်) လေးတွေ ကြည့်လိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့စိတ်ကို လုံးဝ ပေါ့ပါးစေမှာ။ တကယ့် အပြင်သဘာဝကို ရောက်သွားမယ့်အတိုင်း ခံစားရမှာ”
The Labs ကို တည်ထောင်သူ ကိုသူရိန်ကတော့ ဒီပညာရပ်နဲ့ပတ်သက်ပြီး တတ်စွမ်းသလောက် မျှဝေသွားဖို့ စီစဉ်ထားသလို အထူးသဖြင့် ကလေးငယ်တွေကို အဓိက ဦးစားပေး မျှဝေသွားဖို့ စိတ်ကူးထားတယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်က အမြဲတမ်း အကောင်းဆုံး ဖြစ်ဖို့ကိုပဲ ကြိုးစားမှာ။ အဲဒီအတွက် ကျွန်တော်က နောက်တစ်ဆင့် ထပ်တက်ဖို့အတွက်က Business (စီးပွားရေး လုပ်ငန်း) သွားမှဖြစ်မယ်။ ပြီးတော့ ကျွန်တော်တို့ ထပ်သွားမယ့် ကိစ္စရပ်တွေလည်း ရှိတယ်။ ဒါ ဘာတွေလဲ ဆိုတော့ Workshop (အလုပ်ရုံ ဆွေးနွေးပွဲ)လုပ်ပြီးတော့ ကျွန်တော်တို့ အတူတူ မျှဝေမယ်။ ပြီးရင် ကလေးလေးတွေ၊ ကလေးလေးတွေကို ကျွန်တော်တို့ ဒီ သဘာဝတရားနဲ့ ထိတွေ့ဖို့ပေါ့နော်။ ပြီးတော့ ဒီသဘာဝတရားကို ဘယ်လို စီးပွားရေးလုပ်ငန်း ပြောင်းမလဲ ဆိုတာလေးတွေ ကျွန်တော့်အနေနဲ့ အခြေခံအားဖြင့် ပြောပြချင်တာလေးတွေ ရှိတယ်။ မျှဝေပေးချင်တာတွေ ရှိတယ် ကလေးလေးတွေကို။ ဘာဖြစ်လို့လဲဆိုတော့ ကလေးလေးတွေ ဘဝမှာ ငယ်စဉ်ကနေ ကြီးတဲ့အထိမှာ သူတို့ သင်ကြားလေ့လာတာထဲ တစ်ခုမပါလာဘူး။ အဲဒါ ဘာလဲဆိုတော့ Business (စီးပွားရေး လုပ်ငန်း) ပါ”