လုပ်ငန်းအများစုရပ်ဆိုင်းလိုက်ရတဲ့ စားဖားမွေးမြူရေး
2024.03.14
“တစ်ခါတစ်လေလည်း ဒီလိုပဲ ဖားကျန်းမာရေး ပိုပြီးတော့ ကောင်းအောင်ပေါ့။ နည်းနည်း သန်မာလာအောင်ပေါ့။ ကိုယ်လက်လှုပ်ရှားမှုလေးဖြစ်သွားအောင် ဒီလိုလေး နည်းနည်းလေး လေ့ကျင့်ခန်းလေးတွေနဲ့ နှိုးဆွပေးရတယ်။ အလုပ်ကလည်းမရှိတော့ ရှိတဲ့အလုပ်လေးနဲ့ပဲ ဒီလိုပဲ လုပ်ကိုင်နေရတာပဲဗျာ။ ဈေးကွက်လဲမကောင်း ဒီနှစ်ကျမှ အစာဈေးကလည်း မြင့်ပေါ့။ အဲတော့ ဒီရှိတဲ့အလုပ်နဲ့ပဲ ကျွန်တော်တို့လဲ ကြံ့ကြံ့ခံပြီးတော့ လုပ်နေရတာ”
ဖားတွေကို ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးရင်း ပြောပြနေသူက ရန်ကုန်တိုင်း၊ သုံးခွမြို့၊ သဲကုန်းကျေးရွာမှာ စားဖားမွေးမြူရေး လုပ်ကိုင်နေတဲ့ အသက် ၅၅ နှစ်အရွယ် ဦးကျော်ကျော်ပါ။ အရင်က မိုးဦးစကာလမှာသာ ရနိုင်တဲ့ ရှားပါးလှတဲ့ စားဖားကို ၁၂ လ ရာသီလုံးရအောင် ခရမ်း၊ သုံးခွဒေသ အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် တစ်ကြောမှာ စီးပွားဖြစ် အပြိုင်အဆိုင် မွေးမြူခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၃ ခုနှစ် ကစလို့ အစာစရိတ်ကြီးမြင့်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဈေးကွက်ပျက်သွားခဲ့ပြီး လုပ်ငန်းရပ်ဆိုင်းလိုက်ရသူတွေ ပိုများလာခဲ့တယ်လို့ ဆိုပါတယ်။
အခုတော့ စားဖားမွေးမြူသူက ဦးကျော်ကျော်အပါအဝင် အနည်းငယ်လောက်ပဲ ကျန်ပါတော့တယ်။ တရုတ်စပ်၊ ထိုင်းစပ်၊ ဒေသမျိုးရင်းစပ် စားဖားအကောင်ရေ ခုနှစ်ထောင်ထိ ရောနှောမွေးခဲ့သူဖြစ်ပြီး အခုတော့သူ့မှာလည်း အကောင်ရေ လေးထောင်ခန့်ပဲ ကျန်ပါတယ်။
“ကျွန်တော်တို့ ဒီနယ်ဘက်မှာတော့ ဖားမွေးမြူရေးနဲ့ပတ်သက်ပြီးတော့ အရှုံးပေါ်တာတွေများသွားတယ်။ အရှုံးပေါ်တွေများသွားတဲ့အခါကျတော့ လုပ်ငန်းတွေလဲ အားလုံးတော်တော်များများ ရပ်ဆိုင်းသွားတယ်။ ကျွန်တော်ကတော့ လက်ရှိ ရှိနေတဲ့ဖားကိုပဲ ရောင်းမကုန်တဲ့အတွက်ကြောင့် ဆက်လက်ပြီးတော့ မွေးနေရတယ်။ မထူးဇာတ်ခင်းနေရတယ်ပဲ ဆိုပါတော့။ ဘယ်မှလဲသွားပြီးတော့ အရောင်းအဝယ်တွေက ပို့လို့လည်း မရတော့ ကျွန်တော်တို့ အရပ်ဒေသမှာပဲ ဒေသစားသုံးကုန်အဖြစ်နဲ့ပဲ ရောင်းချရပါတယ်”
အခုတော့ စားဖားကို ကုန်ကြမ်းအဖြစ်မရောင်းတော့ဘဲ ကုန်ချောအဖြစ် ကြော်လှော်ထုပ်ပိုးပြီး ဒေသတွင်း စားသောက်ဆိုင်နဲ့ ထမင်းဆိုင်တွေကို ကျယ်ကျယ်ပြန့်ပြန့်တင်ပို့ရောင်းချနိုင်ဖို့ ပြင်ဆင်နေတာပါ။
ဦးကျော်ကျော်ရဲ့ ဇနီးဖြစ်သူ အသက် ၄၈ နှစ်အရွယ် ဒေါ်သီသီမိုးက ဒိုင်ခံကြော်လှော်ပြီး ထုပ်ပိုးပေးနေတာဖြစ် ပါတယ်။
“ဖားရောင်းတော့လဲ ဈေးကွက်တွေက ကျ၊ ကျတဲ့အတွက် အဲဒါကြောင့်မို့ ဒီလိုလေး ချက်ပြုတ်ပြီးတော့ စားသောက်ဆိုင်တွေကို ပို့ပြီးတော့ နည်းနည်းလေး ဝင်ငွေခုမိမလားလို့ အဲလိုလေးလုပ်တယ်။ အဲလိုလေးလည်း ဖြန့်ဖြူးပေးတယ်။ ပါဆယ်လေးမှာရင်လဲ ချက်ပြုတ်ပို့ပေးတယ်။ အဲလိုလေးတွေလုပ်တော့ ကိုယ့်အတွက် တော့ တစ်သောင်းခွဲတော့ ခုမိတယ်။ ဒီအတိုင်းရောင်းတာဆိုရင်တော့ ခုနစ်ထောင်၊ ရှစ်ထောင်ပဲရတယ်လေ။ အလုပ်အကိုင်ကလည်း ခြံထဲဒါလေးပဲရှိတာဆိုတော့ ဒါလေးပဲဖြစ်အောင်လုပ်နေရတာ”
အရင်ကတော့ ဒီဒေသထွက်မွေးမြူရေးဖားတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်နဲ့ ရန်ကုန်၊ မန္တလေးဈေးကွက်ထဲထိ တင်ပို့ရောင်းချခဲ့ကြတာပါ။ အခုတော့ ဈေးကွက်လုံးဝမရှိတော့တဲ့အပြင် ၂၀၂၁ ခုနှစ်ဝန်းကျင်မှာ စားဖား တစ်ပိဿာကျပ် ကျပ်တစ်သောင်းခွဲခန့် ဈေးရခဲ့ပေမဲ့ အခုတော့ ကျပ်ခုနစ်ထောင်ခန့်သာ ဈေးရပါတယ်။
ဖားကိုကျွေးတဲ့ ရေပေါ်ငါးစာဆိုရင် ၂၀၂၁ ခုနှစ်မှာ တစ်အိတ်ကို ကျပ်သုံးသောင်းခန့်ရှိခဲ့ပေမဲ့ ၂၀၂၃ ခုနှစ် ကစပြီး ကျပ်ခုနစ်သောင်းခွဲဝန်းကျင်ထိ ဈေးမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ကိုယ်ပိုင်မြေပေါ် စားဖားအကောင်ရေ တစ်ထောင်မွေးရင် ကုန်ကျစရိတ်က ဖားပေါက်တစ်ကောင် ကျပ်နှစ်ရာအပါအဝင် အစာစရိတ်၊ လုပ်အားခအပါဆိုရင် ကျပ် ၁၁ သိန်းဝန်းကျင်ရှိနေပါတယ်။
အရှုံးပေါ်လို့ လုပ်ငန်းဖျက်သိမ်းလိုက်ပြီးနောက် တစ်နိုင်တစ်ပိုင် ငွေနှင်းမှိုပြောင်းစိုက်နေတယ်လို့ စားဖားမွေးမြူရေးကို ခုနစ်နှစ်ကျော် လုပ်ကိုင်ခဲ့တဲ့ သုံးခွမြို့က အသက် ၄၈ နှစ်အရွယ် ဦးမိုးရဲဝင်းက ပြောပါတယ်။
“အခုဆိုရင် ဒီကန်တွေကတော့ အလကားပဲပေါ့နော်။ ဒါမျိုးဖားတွေ၊ မျိုးဖား အထီးကောင်တွေ၊ အမကောင်တွေ မွေးမြူထားတဲ့နေရာတွေပေါ့။ ဟိုဘက်က ခြံတွေဆိုရင်လဲ အသားတိုးမွေးတဲ့ခြံတွေရော၊ သားဖောက်တဲ့ ခြံတွေ ရောပေါ့။ ဒီအတိုင်းပဲ ပစ်ထားတာပေါ့ဗျာ။ ဒီမွေးမြူရေးအလုပ်ကတော့ အကုန်လုံး ရပ်လိုက်တာပေါ့နော်။ ဒါ တစ်ပိုင်တစ်နိုင် ကိုယ့်အိမ်တွင်းအသုံးစရိတ်လေး၊ ငွေနှင်းမှိုလေးစိုက်တယ်။ ဒီလောက်ပါပဲ။ ကြက်ဖောက်၊ ဖားဖောက်ပေါ့နော် အဲလုပ်ငန်းတွေကအစ အကုန်ရပ်လိုက်ပြီဗျ”
ဦးမိုးရဲဝင်းက စီးပွားဖြစ် ဖားမွေးမြူရေးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးခဲ့သူလည်း ဖြစ်ပါတယ်။
လက်ရှိမှာ စားဖားမွေးမြူရေးတင်မကဘဲ တခြားမွေးမြူရေးနဲ့ စိုက်ပျိုးရေးလုပ်ကိုင်သူတွေလည်း စရိတ်စက ကြီးမြင့်မှု၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ ဈေးကွက်မကောင်းတာတွေကြောင့် အရှုံးတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။