စက်သုံးဆီအခက်အခဲကြောင့် ဖျာပုံမြို့နယ်က ရေလုပ်ငန်းတွေထိခိုက်

RFA Burmese
2023.12.18
စက်သုံးဆီအခက်အခဲကြောင့် ဖျာပုံမြို့နယ်က ရေလုပ်ငန်းတွေထိခိုက် ဖျာပုံမြို့နယ်၊ အဖောင်ကျေးရွာရှိ ကျားဖောင်လုပ်ငန်းမှရရှိသည့် ပုစွန်များအား နေလှန်းနေသည့်လုပ်ငန်းခွင်တစ်ခုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။
RFA

သွင်းကုန်လုပ်ငန်းရှင်တွေလိုတဲ့ နိုင်ငံခြားငွေရဲ့ တစ်စိတ်တစ်ပိုင်းကို စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က အရင်လို ရည်ညွှန်းစျေးနဲ့ မရောင်းတော့တဲ့အတွက် စက်သုံးဆီဝယ်ယူတင်သွင်းဖို့ အခက်အခဲဖြစ်ပြီး ဆီရှားသွားတာလို့ သိရပါတယ်။

စက်သုံးဆီ သွင်းကုန်လုပ်ငန်းရှင်တွေကို အရင်က တင်သွင်းမှုရဲ့ ၄၀ ရာခိုင်နှုန်းအတွက် လိုအပ်တဲ့ငွေကို အမေရိကန် တစ်ဒေါ်လာ ၂၁၀၀ ကျပ်နှုန်းနဲ့ ရောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ရပ်လိုက်တာပါ။ ဒါကြောင့် စက်သုံးဆီသွင်းကုန်သမား တွေဟာ ဒေါ်လာကို အပြင်မှာ ပေါက်စျေးအတိုင်းဝယ်ပြီး တင်သွင်းရမှာဖြစ်တဲ့အတွက် ဒေါ်လာဝယ်ရတာ ခက်နေသလို၊ ဝယ်တဲ့အခါမှာလည်း စျေးတက်ပြီး စက်သုံးဆီရှားတာနဲ့ ကြုံနေရတာပါ။

"ကျွန်တော်တို့ မဝယ်နိုင်တဲ့စျေးကျရင်တော့ လုပ်ငန်းမကိုက်ရင်တော့ ရပ်ဆိုင်းရမှာပေါ့နော်"

ဒီဂယက်က ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ရေလုပ်ငန်းနဲ့ အသက်မွေးကြတဲ့သူတွေ ကိုလည်း ထိခိုက်သွားပါတယ်။

အသက် ၅၃ နှစ်အရွယ် ဦးမျိုးမင်းသူက ကျားဖောင်လုပ်ငန်းကို လုပ်လာတာ ၃၅ နှစ် ရှိပါပြီ။ သူ့မှာ မိသားစု ခြောက်ယောက်ရှိပြီး ဖျာပုံမြို့နယ် အဖောင်ရွာမှာ နေပါတယ်။ သူ့လုပ်ငန်း အတွက် တစ်လကို ဒီဆယ် ပီပါ ၂၀ လောက်အထိ သုံးရပါတယ်။ အရင်က ဒီဇယ် တစ်ပီပါ ကို ငွေကျပ် ငါးသိန်းကျော်နဲ့ ဝယ်လို့ရပေမယ့် ရက်ပိုင်းအတွင်း ကျပ် ကိုးသိန်းလောက်အထိ ဖြစ်သွားသလို လိုသလောက်ဝယ်လို့ မရတဲ့အခြေအနေနဲ့ ရင်ဆိုင်းနေရတာပါ။ ဒါကြောင့် သူတို့ရွာက ငါးဖမ်းစက်လှေတချို့ ရပ်နားထားရ တာရှိသလို သူကိုယ်တိုင်လည်း သင်္ဘောအခေါက်ရေ လျှော့လိုက်ရတယ်လို့ ပြောပါတယ်။

"ဒီဇယ်ဝယ်လို့ရရင်တော့ ပြဿနာမရှိဘူးလေ။ သူ့စျေးနှုန်းနဲ့သူ။ ကျွန်တော်တို့ မဝယ်နိုင်တဲ့စျေးကျရင်တော့ လုပ်ငန်းမကိုက်ရင်တော့ ရပ်ဆိုင်းရမှာပေါ့နော်။ ဝယ်တာကတော့ အခုနေမှာတော့ နှစ်လုံး၊ သုံးလုံး။ ကျွန်တော် တို့က တစ်ခါထွက်မှ လေး ငါးလုံးပဲကုန်တာကိုး။ သင်္ဘောတစ်ခေါက်ထွက်သွားရင် လေးငါး ခြောက်ရက် ခုနစ်ရက်မှ လေးငါးလုံးပဲ ကုန်တယ်။ အဲဒါမျိုးလေးတွေပေါ့။ ဝယ်မရတဲ့ အခက်အခဲရှိရင် တော့ ကျွန်တော်တို့မှာ လုပ်ငန်းတွေက နားရမယ့်အနေအထားပေါ့"

အသက် ၃၅ နှစ်အရွယ် ကိုဝင်းဇော်ကတော့ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ဗန္ဒာပင်ရွာမှာ နေတာပါ။ သူတို့ဇနီးမောင်နှံဟာ ဂျွန်းပိုက်လို့ခေါ်တဲ့ ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးကြပါတယ်။

သူတို့အလုပ်မှာတော့ ဓာတ်ဆီအင်ဂျင်ကို အသုံးပြုပါတယ်။ ရက်ပိုင်းအတွင်း ဓာတ်ဆီ တစ်ဂါလန်ကို နှစ်ဆလောက်မြင့်တက်သွားတဲ့အပြင် လိုသလောက်ဝယ်မရတဲ့အတွက် ပင်လယ်ပြင်ကို နှစ်ခေါက်သွား ရမယ့်နေရာမှာ တစ်ခေါက်လောက်ပဲ သွားနိုင်တော့တယ်လို့ ပြောပါတယ်။

"ဓာတ်ဆီတွေက အခုစျေးတွေ တက်တယ်လေ။ အခုဟာက စျေးတွေ တက်ပြီး ဝယ်လို့လည်း မရဘူး။ တစ်ခါတလေကျရင် ဆိုင်သွားဝယ်မှ တစ်ဘူးပဲရတယ်။ ပိုမရောင်းဘူး။ အရင်တုန်းက ကျွန်တော်တို့ တစ်ဂါလန်မှ ခုနစ်ထောင်ကျော်၊ ရှစ်ထောင်ကျော် အဲပတ်ဝန်းကျင်ပဲ ရှိတယ်။ ၈၂၀၀၊ ၇၈၀၀ အဲလိုမျိုးအခန်းတွေပေါ့။ ခုနစ်ထောင်၊ ရှစ်ထောင် အဲပတ်လည်ပဲ ရှိတယ်။ အခုက ၁၅၀၀၀ တောင်မှ ကျော် တောင် ကျော်ချင်သေးတယ်။ ဒီ ဒီဇယ်စျေးနဲ့ ဘာနဲ့ ဓာတ်ဆီစျေးနဲ့က အလုပ်လုပ်လို့ မကိုက်တော့ဘူးလေ။ နောက်ပိုင်းတော့ ဆီစျေး မတအားမြင့် လာရင်တော့ ကျွန်တော် တို့လည်း အလုပ်တွေက ရပ်တဲ့အခါ ရပ်ရမှာပေါ့"

ဗန္ဒာပင်ရွာက အသက် ၅၁ နှစ်အရွယ် ဒေါ်လှလှရီကလည်း ကျားဖောင်လုပ်ငန်းနဲ့ အသက်မွေးတဲ့ သူပါ။ သူ့မှာ သားသမီး ခုနစ်ယောက်ရှိပါတယ်။ ဒီဇယ်ဆီစျေးတွေ မြင့်တက်သွားတာကြောင့် သူ့လုပ်ငန်းမှာလည်း အခက်အခဲဖြစ်နေပါတယ်။

"ကျွန်မတို့မှာ နှစ်ရက်တစ်ခေါက်နဲ့ ပြန်မဝင်နိုင်တော့ဘူးလေ။ မဝင်နိုင်တော့တဲ့ အခါကျတော့ အဲဒီမှာ ရက်တွေကထောက်တော့ တစ်ရေ တစ်ခေါက်လောက် ဖြစ်ကုန်တဲ့ အခါကျတော့ ကုန်တွေညိုတယ်။ မည်းတယ်။ တန်ဖိုးတွေ ပျက်သွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကုန်းပေါ်မှာ ဒီလိုရွေးရတာနဲ့၊ ပြာရတာနဲ့၊ စက်ကြိတ်ရတာနဲ့ လှန်းရတာနဲ့ဆိုတော့ ရက်တွေက ပိုထောက်သွားရော"

ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ဗန္ဒာပင်ကျေးရွာရှိ ဂျွန်းပိုက်လုပ်ငန်းမှရရှိသည့် ကြက်စာ ငါး၊ ပုစွန်များအား နေလှန်းနေသည့်မြင်ကွင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ဗန္ဒာပင်ကျေးရွာရှိ ဂျွန်းပိုက်လုပ်ငန်းမှရရှိသည့် ကြက်စာ ငါး၊ ပုစွန်များအား နေလှန်းနေသည့်မြင်ကွင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အသက် ၄၃ နှစ်အရွယ် ဦးစိုးဝင်းကတော့ မိသားစု ငါးယောက်ရှိပြီး ဂျွန်းပိုက်ထောင်နေတာ ခြောက်နှစ် ဝန်းကျင်ရှိပါပြီ။ လက်ရှိမှာ စက်သုံးဆီစျေး မြင့်တက်သွားတာကြောင့် ရေရှည်မှာ စက်လှေနဲ့ ငါးဖမ်း ထွက်ဖို့ ခက်သွားပြီလို့ ပြောပြပါတယ်။

"ပင်လယ်ပြင်မှာရတာက တစ်သောင်းဖိုးလောက်ရမယ်ဆို ဆီဖိုးက တစ်သောင်းခွဲ၊ နှစ်သောင်းလောက် အဲလိုရှာရတယ်။ အဲလိုရှိတယ်။ ရတာနဲ့မမျှဘူး ဖြစ်နေတယ်။ ရေရှည်တက်မယ်ဆိုရင်တော့ စက်တွေနဲ့ မောင်းလို့မရလို့ရှိရင်တော့ ခတ်တက်နဲ့ပဲ ခတ်ရတော့မှာပေါ့။ ဒါပဲရှိတယ်။ ဆီတွေလေ တအားစျေးတွေ မြောက်လာမယ် ဆိုရင်တော့ ဟိုမှာက ရတာကနည်းနည်း၊ ဆီထည့်ရတာများများဖြစ်နေတော့ စက်နဲ့ မောင်းဖို့ အဆင်မပြေတော့ဘူး"

ရေလုပ်ငန်းတွေထိခိုက်တဲ့အခါ မြန်မာလူမျိုးတွေ အဓိကထားစားသုံးနေတဲ့ ငါး၊ ပုစွန်၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လည်း ရှားပါးတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ရေလုပ်ငန်းနဲ့ အသက် မွေးကြတဲ့ သူတို့အားလုံးက စက်သုံးဆီစျေးကို အရင်လိုပုံမှန်ဖြစ်ဖို့နဲ့ လိုသလောက် ဝယ်ယူ ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။

"ပုံမှန် ဒီဇယ်ဝယ်လို့ရမယ်။စျေးနှုန်းကလည်း ငါးသိန်းကျော်၊ ငါးသိန်းလောက်ဆိုရင် တော့ ကျွန်တော်တို့ လုပ်ငန်းတွေက သူ့ဟာနဲ့သူတော့ အဆင်ပြေတာပေါ့နော်။ အားလုံး ရေလုပ်ငန်းလုပ်နေသူတွေ ထွက်နိုင်ကြတာပေါ့။ နည်းရင်တော့ ပိုကောင်းတာပေါ့"

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
စစ်ဘေးကြောင့် ရန်ကုန်ကိုရောက်လာတဲ့ ငပလီကောက်ညှင်းထုပ်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။