“သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ” ရန်ပုံငွေရုပ်ရှင်ပြပွဲ ချင်းမိုင်မှာ ပြုလုပ်
2024.09.07
“သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ” ရန်ပုံငွေရုပ်ရှင်ပြပွဲကို ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့၊ Payap University မှာ စက်တင်ဘာလ ၆ ရက်နေ့ ညနေက ကျင်းပခဲ့တဲ့ မြင်ကွင်းတွေပါ။
ဒါရိုက်တာ ဏကြီး ရိုက်ကူးထားတဲ့ Guilt၊ ဒါရိုက်တာ မောက်ခမ်းဝါ ရိုက်ကူးတဲ့ The Unknown Infinity၊ ဒါရိုက်တာ ငြိမ်းသစ်ရဲ့ ‘ငါတို့မှာ ငါတို့ပဲရှိတယ်’ နဲ့ ဒါရိုက်တာ စောအေးထူး ရိုက်ကူးတဲ့ ‘အတူတကွ’ စတဲ့ ရုပ်ရှင်ဇာတ်လမ်းတို လေးကားကို ပြသခဲ့တာပါ။
ဒီပွဲကို Do One Thing၊ Artist’s Shelter နဲ့ Payap University တို့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။
ခက်ခဲနေတဲ့ပြည်သူတွေကို တတ်နိုင်တဲ့ အနုပညာထုတ်ကုန်တွေနဲ့ ပြန်အကျိုးပြုရတဲ့အတွက် ဝမ်းသာမိတယ်လို့ Artist’s Shelter ရဲ့ စီမံခန့်ခွဲသူနဲ့ လူ့အရင်းအမြစ် မန်နေဂျာ ကိုမြသာက ပြောပါတယ်။
"Do One thing က ညီအစ်ကိုတွေက ကျွန်တော်တို့ Artist’s Shelter ဘက်ကို ဆက်သွယ်လာတယ်။ အဓိကက ရခိုင်နဲ့ပတ်သက်ပြီး တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီး ထောက်ပံ့ပေးမဲ့ ရန်ပုံငွေပွဲ စီစဥ်ချင်တယ်ဆိုပြီး ဆက်သွယ်လာတယ်။ အဲဒါနဲ့ ပူးပေါင်းပြီး စီစဥ်ဖြစ်တာပါ။ အဓိကကတော့ ပြည်တွင်းမှာရှိတဲ့ မြန်မာပြည်သူတွေအနေနဲ့ အခက်အခဲတွေ အများကြီးဖြစ်ကြတယ်၊ ဆိုတော့ ကျွန်တော်တို့အနေနဲ့ ရှောင်တိမ်းလာတဲ့ အနုပညာရှင်တွေအနေနဲ့ တတ်နိုင်သလောက် ပြုလုပ်ထားတဲ့ အနုပညာ product လေးတွေနဲ့ ပြည်သူကို ပြန်အကျိုးပြုရတဲ့အတွက် ပါဝင်တဲ့ အနုပညာရှင်တွေ အားလုံးကိုယ်စား ဝမ်းသာမိပါတယ်"
ပွဲမှာ ရုပ်ရှင်ဖန်တီးသူတွေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေလည်း တက်ရောက်ပြီး အမှတ်တရ စကားတွေပြောကြားခဲ့သလို ဖျော်ဖြေရေး အစီအစဥ်တွေလည်း ပါဝင်ပါတယ်။ မြန်မာအစားအသောက် အဝတ်အထည်တွေနဲ့ Artist’s Shelter က ထုတ်လုပ်တဲ့ အမှတ်တရပစ္စည်းတွေကိုလည်း ခင်းကျင်းရောင်းချထားပါတယ်။
ဒီဇာတ်လမ်းတိုတွေထဲမှာ ရုပ်ရှင်မင်းသား၊ မင်းသမီး မဟုတ်တဲ့ သာမာန်မျက်နှာသစ် အတော်များများ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
သရုပ်ဆောင်အစစ် မဟုတ်တဲ့အတွက် အခက်အခဲတွေကြားကနေ ကြိုးစားသရုပ်ဆောင်ခဲ့ရတယ်လို့ ‘အတူတကွ’ ဇာတ်ကားမှာ ပါဝင်ထားတဲ့ ကိုအိုက်ဇက်က ပြောပါတယ်။
"စရိုက်တဲ့အချိန်မှာ အခက်အခဲအများကြီးရှိတယ်။ တကယ်မင်းသားလည်း မဟုတ်ဘူး။ ဒီလောကထဲမှာရှိပေမဲ့ သရုပ်ဆောင်ရတာ အခက်အခဲရှိတယ်။ ကြိုးစားပြီးတော့ သရုပ်ဆောင်ထားပါတယ်။ တော်လှန်ရေး ရဲဘော်နေရာကနေ သရုပ်ဆောင်ရတဲ့အတွက် သူတို့ရဲ့ သွင်ပြင်စရိုက်တွေ၊ နေပုံစားပုံ၊ အဓိက စစ်ယူနီဖောင်း ဝတ်ဆင်ရတာတွေအတွက် ကြိုးစားပြင်ဆင်ခဲ့ရပါတယ်။ ဒီနေရာမှာ သရုပ်ဆောင်ရတဲ့အတွက် ဂုဏ်ယူရပါတယ်"
ဆက်နွှယ်သောသတင်းများ
ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ပန်းချီနဲ့ပြသ
နိုင်ငံတကာဆု ၁၁ ဆုရ Zoomers ရုပ်ရှင်ကား မိတ်ဆက်ပွဲ ချင်းမိုင်မှာပြ
ရုပ်ရှင်ပွဲတော်ဂုဏ်ထူးဆောင်ဆု ရပေမဲ့ ဒါရိုက်တာ ဏကြီးတို့ ဇနီးမောင်နှံမပျော်နိုင်
စစ်ပွဲတွေရဲ့ ဘေးဒဏ်ကို အခံစားရဆုံးဖြစ်တဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ထောက်ပံ့တဲ့နေရာမှာ ပါဝင်ခွင့်ရလို့လည်း ကျေနပ်မိတယ်လို့ သူက ဆက်ပြောပါတယ်။
The Unknown Infinity ကို ရိုက်ကူးတဲ့ ဒါရိုက်တာ မောက်ခမ်းဝါကတော့ အနုပညာအားဖြင့် တော်လှန်သွားမယ်လို့ ပြောပါတယ်။
"အနုပညာဖန်တီးမှုကတော့ ဒီအာဏာရှင်အောက်မှာ ရှိနေတဲ့ ကာလတစ်လျှောက်လုံးကတော့ မွန်းကျပ်မှုတွေနဲ့ လုပ်ရတယ်။ တစ်ဖက်မှာ ဒီမွန်းကျပ်မှုတွေ၊ ပြဿနာတွေကိုမြင်နေရပြီး ဘာမှမလုပ်ရင်လည်း မဖြစ်ပြန်ဘူး။ အနုပညာသည်လည်း တော်လှန်ရေးတစ်ခုဖြစ်တဲ့အတွက် အနုပညာအားဖြင့် တော်လှန်ပြီးသွားတော့ ဆင်ဆာကို ဖိုက်မယ်။ ပြည်သူတွေရဲ့ အနုပညာခံစားမှု အသိအမြင်ကို တစ်နည်းတစ်ဖုံအားဖြင့် ဝိုင်းကူညီကြမယ်ဆိုပြီး လုပ်ကြတယ်၊ ဆိုတော့ အာဏာမသိမ်းခင်ရော၊ အာဏာသိမ်းပြီးရော ဒီခံစားချက်တွေနဲ့ အလုပ်လုပ်ကြပါတယ်"
"အနုပညာသည်လည်း တော်လှန်ရေးတစ်ခုဖြစ်တဲ့အတွက် အနုပညာအားဖြင့် တော်လှန်ပြီးသွားတော့ ဆင်ဆာကို ဖိုက်မယ်"
ရုပ်ရှင်ပြပွဲကို ဦးဆောင်စီစဥ်တဲ့ Do One Thing ဟာ တစ်ခုခုထူးချွန်တဲ့ လူငယ်တွေကို ပွဲထုတ်ပေးပြီး ထိုင်းနိုင်ငံမှာ ဖွင့်ထားတဲ့ မြန်မာစားသောက်ဆိုင်တွေကို အမြဲထောက်ပံ့ကူညီပေးနေတဲ့ လူငယ်အဖွဲ့ ဖြစ်ပါတယ်။ အခု ရန်ပုံငွေပွဲကိုလည်း ရခိုင်ပြည်နယ်အတွင်းက IDPs မျိုးဆက်သစ်ကလေးလူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ စားဝတ်နေရေးကို ထောက်ပံ့ပေးနိုင်ဖို့ ကျင်းပတာလို့ ဆိုပါတယ်။ ပွဲကနေရလာတဲ့ အကျိုးအမြတ်အားလုံးကို ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်ပြည်သူတွေအတွက် အမိုးအကာ၊ ရွက်ဖျဉ်တဲ၊ စားသောက်ကုန်နဲ့ သီးနှံမျိုးစေ့တွေ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေကို လက်တွေ့မှာ ကြုံခဲ့ဖူးတာမို့ အဲဒီအချိန်တွေကို ပြန်ရောက်သွားစေတယ်လို့ ပွဲတက်ရောက်လာတဲ့ မဝတ်ရည်က သူ့ခံစားချက်ကို ပြောပြပါတယ်။
"ကိုယ်တိုင်ဖြတ်သန်းခဲ့ရတာကြောင့် အခုကြည့်ခဲ့တဲ့ နှစ်ကားလုံးမှာ ကိုယ်တွေ့အဖြစ်အပျက်တွေလည်း ကြုံခဲ့ရတယ်။ ထောင်တွင်းအဖြစ်အပျက်တွေဆိုလည်း ငါ့ရဲဘော်တွေက ဒီလိုမျိုး ကြုံခဲ့ရပါလားဆိုပြီး မျက်လုံးထဲ မြင်ယောင်ခဲ့တယ်။ ကမ်းကူးတာ၊ လမ်းတစ်လျှောက်ဖြတ်သန်းခဲ့တာ၊ ကိုယ်ဖြစ်ခဲ့တာတွေနဲ့ တူတာကြောင့် အဲဒီအချိန်ကို ပြန်ရောက်သွားသလို ခံစားရပါတယ်"
“သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ” ရုပ်ရှင်ပြပွဲတွေကို ဂျပန်၊ သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ကနေဒါနဲ့ တောင်ကိုးရီယား နိုင်ငံတွေမှာ လှည့်လှည်ပြသခဲ့ပြီးဖြစ်ပါတယ်။ အခု ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ပွဲကို လက်မှတ် ငါးရာကျော် ရောင်းချခဲ့ရပြီး ဒီပွဲကနေရန်ပုံငွေ သိန်းနှစ်ရာကျပ် ရရှိခဲ့ပါတယ်။