ငွေဖောင်းပွလို့ လုပ်အားခတစ်ဝက်ကျော် နစ်နာနေတဲ့ အထည်ချုပ်လုပ်သားများ

RFA Burmese
2023.10.17
ငွေဖောင်းပွလို့ လုပ်အားခတစ်ဝက်ကျော် နစ်နာနေတဲ့ အထည်ချုပ်လုပ်သားများ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
RFA

စစ်တပ်အာဏာမသိမ်းခင်က အထည်ချုပ်အလုပ်သမားတစ်ယောက်အနေနဲ့ အနိမ့်ဆုံးလုပ်ခ လစာ တစ်ရက်ကို ကျပ် ၄၈၀၀ ရခဲ့ပြီး၊ အခုလည်း ၄၈၀၀ ကျပ်ပဲရတဲ့အတွက် ဖောင်းပွလာတဲ့ငွေတန်ဖိုးနဲ့ ကုန်စျေးနှုန်းမြင့်တာတွေ ကြောင့် အသက်ရှင်ရေးအတွက် မနည်းကြိုးစားနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

၂၀၂ဝ ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းက အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၁၃၂၀ ကျပ်ရှိခဲ့ပါတယ်။ သုံးနှစ် အကြာ အခု အောက်တိုဘာလ ဒုတိယပတ်ထဲမှာတော့ တစ်ဒေါ်လာကို ၃၃၁၀ ကျပ် ရှိနေပါတယ်။ ဒါကြောင့် အမေရိကန်က ဒေါ်လာနဲ့တွက်ရင် အရင်က တစ်ရက်ကိုလုပ်ခ သုံးဒေါ်လာခွဲရတဲ့ အလုပ်သမားတွေဟာ အခုတော့ တစ်ဒေါ်လာခွဲပဲ ရပါတော့တယ်။

အခုလို ဝင်ငွေနဲ့ ထွက်ငွေမမျှတာကို ရင်ဆိုင်ဖို့ အဘက်ဘက်က ချွေတာနေရသလို၊ အလုပ်ချိန်ပြီးရင် ကျပန်း အလုပ်တွေ လုပ်ရင်း လိုငွေရအောင်ရှာနေရတယ်လို့ အသက် ၂၆ နှစ်အရွယ် အထည်ချုပ် အလုပ်သမား ကိုမင်းသိန်းထက်က ပြောပါတယ်။

“ဝင်ငွေနဲ့ ထွက်ငွေနဲ့ ဘယ်လိုမှမမျှဘူးလေ။ ကျွန်တော်တို့ရတာ ၄၈၀၀ ပဲရတာ။ အိမ်မှာကုန်တာက တစ်သောင်း ဆိုတော့ ကျွန်တော်တို့မှာ ၅၅၀၀ လောက် ကွာသွားတာ။ ၅၅၀၀ အတွက်ကို ကျွန်တော့် မှာ ပိုပြီးတော့ ရှာရတယ်။ စက်ရုံဆင်းနေရတာပဲ၊ သူသူကိုယ်ကိုယ်ပဲ စက်ရုံဆင်းနေကြတာပဲ။ ဒါပေမဲ့ ဒီလိုမျိုး တနင်္ဂနွေလိုမျိုးပိတ်ရက် မျိုးတွေဆိုရင် ခဏတာ အလုပ်ကလေးပေါ့။ ပန်းရန်ဆိုလည်း ပန်းရန်ပေါ့။ သုံးဘီးဆွဲဆိုရင်လည်း သုံးဘီး ဆွဲတယ်ပေါ့။ အဲလိုမျိုးပုံစံမျိုးလေးတွေ အားရင် အားသလိုလုပ်တယ်။ သူများဆီက ငှားပြီးမောင်းတယ်”

ကိုမင်းသိန်းထက်က အထည်ချုပ်အလုပ်မှာ လုပ်သက် ခုနစ်နှစ်နီးပါး အတွေ့အကြုံရှိပါတယ်။ လက်ရှိ တော့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၁ ရပ်ကွက်မှာ မိသားစုဝင် ငါးယောက်နဲ့ အတူနေပါတယ်။ မိသားစုထဲမှာ အစ်မနဲ့ သူပဲ အလုပ်ရှိတာပါ။ သူ့အမေက အလုပ်မရှိတော့လို့ နားထားရပြီး၊ ကျန်တဲ့သူတွေကတော့ ကျောင်းတက်နေတဲ့ ညီငယ်တွေပဲ ဖြစ်ပါတယ်။

"အများကြီးတော့ မမျှော်လင့်ပါဘူး။ ကျွန်တော်တို့အတွက် စားဝတ်နေရေး အဆင်ပြေရင် ရပြီ"

ကိုမင်းသိန်းထက်လိုပဲ ရွှေပြည်သာမြို့နယ်က အထည်ချုပ်စက်ရုံတစ်ရုံမှာလုပ်နေတဲ့ အသက် ၄၀ အရွယ် မနှင်းခိုင် လို့ အမည်လွှဲထားတဲ့သူလည်း သူတို့အနေနဲ့ တန်ဖိုးကြီး အဝတ်အထည်တွေကို အနိမ့်ဆုံးစျေးနဲ့ ချုပ်နေရတယ်လို့ ပြောပြပါတယ်။

“သူတို့က နာမည်ကြီးအထည်တွေ ချုပ်ခိုင်းပြီးတော့ ဘယ်လိုခေါ်မလဲဆိုတော့ လူတစ်ယောက်ကို ၁၀ ထည်နှုန်း၊ သူတို့အတွက်ကို ၁၀ သိန်း၊ ၁၅ သိန်းလောက်ကို သူတို့ကို ချုပ်ပေးရတယ် တစ်နေ့ကို။ ဒါပေမဲ့ သူတို့ ကိုယ့်ကိုပေးထားတာတော့ ၅၆၀၀ ပဲပေးထားတယ်။ ဒီတော့ ကိုယ့်မိသားစု စားဝတ်နေရေးကျတော့ မလည်ဘူးပေါ့နော်”

မနှင်းခိုင်က ကမ္ဘာကျော် Zara အမှတ်တံဆိပ်အပါအဝင် အမျိုးသမီးဝတ် ESCORT၊ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး တံဆိပ် EMMA CLOTHES၊ GU တံဆိပ်နဲ့ Earth Music & ecology အမှတ်တံဆိပ် အဝတ်အထည်တွေကို ချုပ်နေရတယ်လို့ ပြောပါတယ်။

သူတစ်ယောက်တည်းက တစ်ရက်ကို ကျပ် ၁၀ သိန်းကျော်အထက်တန်ကြေးရှိတဲ့ အထည်အရေအတွက်ကို ချုပ်ပေးနေရ ပေမယ့် သူကတော့ ကျပ် ၅၆၀၀ ပဲရလို့ ကြက်ဥဟင်းတောင် နပ်မမှန်တော့ဘူးလို့ ပြောပြပါတယ်။

“စားရေး၊ သောက်ရေးတွေ အဆင်မပြေဘူး။ နဂိုတုန်းက ကြက်ဥတစ်လုံးဆိုရင် ချိုင့်ထဲထည့်သွားလို့ရတယ်။ အခုက တစ်လုံးမရဘူးလေ။ မိသားစုကလည်းများတယ်။ များတယ်ဆိုတော့ နဂိုတုန်းက တစ်ထောင်ဆိုရင် အခုသုံးထောင်လောက်ကျမှ ထမင်းချိုင့်ထည့်လို့ရတယ်၊ အဆင်ပြေတယ်”

သူတို့ကိုတော့ ကမ္ဘာ့ကျော်အမှတ်တံဆိပ်တွေ ချုပ်ရတဲ့အတွက် အလုပ်ရှင်က နားလည်မှုနဲ့ ငွေ (ကျပ်) ရှစ်ရာပိုပေးတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ ဌာနဆိုင်ရာဝန်ထမ်းတွေကို လစာတစ်ရက်တစ်ထောင် ထောက်ပံ့မယ်လို့ စစ်ကောင်စီ ကကြေညာသလို၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး စက်ရုံ၊ အလုပ်ရုံက အလုပ်သမားတွေ ကိုလည်း တစ်ရက်အလုပ်ချိန် ရှစ်နာရီအတွက် သတ်မှတ်ထားတဲ့ လုပ်ခလစာကျပ် ၄၈၀၀ အပြင် အပိုထောက်ပံ့ ကြေးအဖြစ် ကျပ်တစ်ထောင် ထပ်တိုးပေးဖို့ ညွှန်ကြားလိုက်ပါတယ်။

ဒါပေမဲ့ တရိပ်ရိပ်တက်နေတဲ့ကုန်စျေးနှုန်းနဲ့ အဆင်ပြေမှာမဟုတ်ဘူးလို့ အထည်ချုပ်အလုပ်သမား တွေက ပြောကြပါတယ်။ အဲဒီအပြင် လုပ်ခလစာကို ဥပဒေပြဋ္ဌာန်းပြီးတိုးတာ မဟုတ်တဲ့အတွက် နောက်ပိုင်းမှာ ပြန်ရုပ်သိမ်းမှာကိုလည်း စိုးရိမ်တယ်လို့ ပြောကြပါတယ်။

ဒီပြဿနာကို ထိထိရောက်ရောက်ဖြေရှင်းနိုင်ဖို့ဆိုရင်တော့ အနိမ့်ဆုံးလုပ်ခလစာကို အချိန်ပိုလုပ်ခ မပါသေးဘဲ ကျပ်တစ်သောင်းအထိ တိုးပေးရမယ်လို့ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (STUM) ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

“အိုတီမပါ ကျပ်တစ်သောင်းကို လုပ်ငန်းရှင်တွေပေးနိုင်မှပေါ့။ လုပ်ငန်းရှင်တွေ ပေးနိုင်မှ ဒါကတော့ ရေရှည်မြဲသွားမယ်လို့ ကျွန်မက ထင်တယ်။ ဒီအလုပ်သမားတွေအတွက် အဆင်ပြေမယ်လို့ ထင် တယ်။ မဟုတ်ဘူးဆိုရင်တော့ ရေရှည်မှာ ဒီ သုံးဒေါ်လာလောက်ပဲ၊ တကယ်ဆိုရင် ဒေါ်လာ စျေးသာ ၃၇၀၀ ဖြစ်သွားရင် သုံးဒေါ်လာ မရှိတော့ဘူးနော်။ ဒါကတော့ ဖြစ်သင့်တယ်လို့တော့ ကျွန်မထင်တယ်”

စစ်တပ်အာဏာမသိမ်းခင်အချိန်က အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားကို အမေရိကန်ဒေါ်လာ သုံးဒေါ်လာခွဲနဲ့ ညီမျှတဲ့ မြန်မာငွေပေးခဲ့ရပြီး၊ အခုအချိန်မှာတော့ တစ်ဒေါ်လာခွဲနဲ့ ညီတဲ့ မြန်မာငွေပဲ ပေးရပါတော့တယ်။ ဒါဟာ အလုပ်ရှင်ဘက်က နှစ်ဒေါ်လာအမြတ်ရနေပြီး အလုပ်သမားတွေဘက်က နှစ်ဒေါ်လာ နစ်နာသွားတာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ဒေါ်လာငွေပေါက် စျေးအတိုင်းဆိုရင် အလုပ်သမားတွေ အရင်ကရတဲ့ သုံးဒေါ်လာခွဲနဲ့ညီမျှတဲ့ လက်ရှိပေါက်စျေးအရ မြန်မာငွေ တစ်သောင်း နှစ်ထောင်လောက် အနည်းဆုံးရခွင့်ရှိတယ်လို့ ထောက်ပြကြ ပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများအား ၂၀၂၃  ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ က တွေ့ရစဉ်။ (Photo: RFA)

အလုပ်သမားတွေဘက်ကတော့ လုပ်ခလစာတိုးတောင်းဖို့ ဆန္ဒရှိပေမယ့် တစ်ဖက်မှာ လုပ်ခလစာ တိုးတောင်း တာတွေကို စစ်ကောင်စီက ဖမ်းဆီးတဲ့ဖြစ်ရပ်တွေရှိလို့ မပြောရဲ မဆိုရဲတဲ့အခြေအနေ ရောက်နေတယ်လို့ ပြောကြပါတယ်။

တစ်နေ့ အနိမ့်ဆုံးလုပ်ခ ကျပ် ၄၈၀၀ ပေးရမယ်ဆိုတာကို ဥပဒေနဲ့ပြဋ္ဌာန်းခဲ့တာပါ။ အဲဒီဥပဒေကို ခေတ်နဲ့ ညီအောင် ပြင်ရမယ်ဆိုထားပေမယ့် အခုအချိန်ထိ မပြင်သေးတဲ့အတွက် အလုပ်ရှင်တွေ အားသာပြီး၊ အလုပ်သမားတွေ နစ်နာနေတာပါ။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လထုတ်ပြန် ချက်အရ နိုင်ငံတစ်ဝန်း အသင်းဝင်စက်ရုံ ၈၁၇ ရုံရှိပြီး အဲဒီအထဲက ၅၄၆ ရုံက လည်ပတ်နေပါတယ်။ ကျန် တဲ့ ၂၇၁ ရုံက လုပ်ငန်း ရပ်ဆိုင်းထားတယ်လို့ ဖော်ပြပါတယ်။ လည်ပတ်နေတဲ့ စက်ရုံတွေအထဲက ၃၁၁ ရုံက တရုတ်နိုင်ငံသားတွေ ပိုင်တဲ့ အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။

အရင်ကလစာနဲ့ တစ်လကို ဆန်တစ်အိတ် ဝယ်ထားနိုင်ခဲ့ပေမယ့် အခုတော့ ပြည်အလိုက်ပဲ ဝယ်စားနေ ရတယ်လို့ အထည်ချုပ်လုပ်ငန်းမှာ လုပ်သက် ၁၄ နှစ်ရှိပြီဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ကိုမောင်မောင်အေး က ပြောပါတယ်။

“ကုန်စျေးနှုန်းတွေ ကျစေချင်တာကတော့ လူတိုင်းပဲကျစေချင်တာ။ အကယ်၍ ကုန်စျေးနှုန်းက မကျ ဘူးဆိုရင်တောင်မှ ဒီလုပ်ခလစာတွေ တိုးတယ်ဆိုရင် ဝင်ငွေထွက်ငွေက မျှနေဦးမယ်လို့ ကျွန်တော် ထင်တယ်။ အများကြီးတော့ မမျှော်လင့်ပါဘူး။ ကျွန်တော်တို့အတွက် စားဝတ်နေရေး အဆင်ပြေရင် ရပြီ။ ကျွန်တော်တို့က။ မျှော်လည်း မမျှော်လင့်ရဲဘူး”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။