စစ်အာဏာသိမ်းကာလမှာ အနှိပ်ခန်းအလုပ်ရောက်သွားတဲ့ အထည်ချုပ်အမျိုးသမီးတွေ များလာ
2025.02.04

ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတွေမှာ လုပ်ခလစာ နည်းပါးမှုနဲ့ ကုန်စျေးနှုန်း ကြီးမြင့်မှုတွေကြောင့် တရားမဝင် အနှိပ်ခန်းတွေကို ပြောင်းပြီး လုပ်ကိုင်နေကြရတဲ့ အမျိုးသမီးငယ်လေးတွေ ရှိနေပါတယ်။
အသက် ၂၀ ကျော် မနိုဘယ်လ်ဟာ စစ်တပ်အုပ်ချုပ်မှုအောက် ကမောက်ကမဖြစ်နေတဲ့နိုင်ငံမှာ တစ်နေ့ကို အမေရိကန်တစ်ဒေါ်လာကျော်ပဲရတော့တဲ့ အထည်ချုပ်စက်ရုံအလုပ်ဝင်ငွေနဲ့ မိသားစု ရှင်သန်ရပ်တည်ဖို့ မလွယ်တော့ပါဘူး။ ဒါကြောင့် ဝင်ငွေကောင်းကောင်းရတဲ့ တရားမဝင် အနှိပ်ခန်းတစ်ခုမှာ အလုပ်လုပ်နေရပါပြီ။
"အထည်ချုပ်မှာဆိုလို့ရှိရင် OT (အချိန်ပိုကြေး) တစ်နာရီအလုပ်ဆင်းမှ ၁၂၀၀ ပဲရတယ်။ Spa (အနှိပ်ခန်း) အလုပ်မှာဆိုလို့ရှိရင် အရောဆိုရင် တစ်နာရီဝင်ရင် ငါးသောင်းရတယ်။ ပိုက်ဆံလိုချင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့ ပိုက်ဆံလာရှာတာလေ။ အဲဒါကြောင့်မို့ အသန့်မှာလုပ်လို့ရှိရင် အထည်ချုပ်လစာနဲ့ ငါဘယ်လိုမှ သွားလို့မရဘူးပေါ့။ အဲဒါကြောင့် Spa ထဲမှာမှ အရောဘက်ကို ပြောင်းလိုက်တာ။ ဘာလို့လဲဆိုတော့ ပိုက်ဆံလိုချင်လို့"
အသက် ၁၄ နှစ်ကနေ ၂၅ နှစ်အထိ အထည်ချုပ်စက်ရုံမှာ ဆယ်နှစ်ကျော်လုပ်ခဲ့တဲ့ မနိုဘယ်လ်ဟာ လုပ်ငန်းခွင်မှာ ရာထူးအဆင့်ဆင့် တက်ခဲ့ပါတယ်။ ဒါပေမဲ့ တက်လာတဲ့ကုန်စျေးနှုန်း၊ ဖောင်းပွလာတဲ့ငွေတန်ဖိုးနဲ့ နည်းလွန်းတဲ့ဝင်ငွေက နာတာရှည်ဖခင်အတွက် လိုနေတဲ့ ဆေးဝါးစရိတ်၊ တခြား မိသားစုဝင်တွေအတွက် စားဝတ်နေရေးဆိုတဲ့ ထွက်ငွေက သူ့ကို စိန်ခေါ်ခဲ့ပါတယ်။
သူက မိသားစုခုနစ်ဦးထဲမှာ အငယ်ဆုံးဖြစ်ပေမဲ့ မိသားစုတာဝန်အများစုကို သူပဲထမ်းနေရတာပါ။ ဒါကြောင့် မြန်မာပြည်မှာထက် ဝင်ငွေကောင်းတယ်ဆိုတဲ့ တရုတ်ပြည်က အထည်ချုပ်စက်ရုံမှာ သွားလုပ်ဖို့ ဒီအလုပ်မလုပ်ခင်က စဉ်းစားခဲ့ပါတယ်။ အဲဒီလို ဘဝလမ်းဆုံတစ်နေရာ ရောက်နေတဲ့အချိန်မှာ အနှိပ်ခန်းလုပ်ငန်းထဲကို သူ့ထက်အရင်ရောက်နေတဲ့ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ခဲ့သူ သူငယ်ချင်းတစ်ဦးရဲ့ အကြံဉာဏ်ကြောင့် ဒီအလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။
"ဒီလောကထဲက အစ်မတစ်ယောက်က တရုတ်ပြည်မသွားနဲ့၊ တရုတ်ပြည်သွားလို့ရှိရင် အဆင်မပြေဖြစ်မယ်။ အဖေကြီးကလည်း ကျန်းမာရေးမကောင်းဘူးဆိုတော့ ကိုယ့်အဖေတစ်ခုခုဖြစ်ရင် ပြန်လာလို့မရဘူးပေါ့နော်။ လမ်းအခြေအနေကလည်း ကောင်းတာမဟုတ်ဘူး။ ဒီ Spa ကို လာလို့ရှိရင် နင်တစ်လကို ဆယ်သိန်းဆိုလည်း ဟုတ်တယ်၊ ၁၅ သိန်းဆိုလည်းဟုတ်တယ်။ နင်ရှာရင် ရှာနိုင်သလောက် ရတယ်ဆိုပြီး ရောက်လာတာ"
မနိုဘယ်လ်လိုပဲ အထည်ချုပ်စက်ရုံကနေ အနှိပ်ခန်းအလုပ်ကို ပြောင်းလုပ်တဲ့သူတွေ တော်တော်များများ ရှိနေပါတယ်။
"အထည်ချုပ်ကလူဆိုလို့ရှိရင် ကိုယ့်ရဲ့ရှေ့မှာ ရောက်တဲ့သူလည်းရှိတယ်၊ ကိုယ်နောက်မှ ဝင်လာတဲ့သူတွေလည်းရှိတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးအခြေအနေမကောင်းတော့ စီးပွားရေးအခြေအနေလည်း မကောင်းတော့ဘူးလေ။ ကုန်စျေးနှုန်းတွေက တစ်ရက်ထက်တစ်ရက် ပိုတက်လာတယ်။ ကျသွားတယ်ဆိုတာ မရှိဘူးပေါ့နော်"
အနှိပ်ခန်းအလုပ်က အထည်ချုပ်အလုပ်ထက် ငွေပိုရတယ်ဆိုပေမဲ့ မတရား ခေါင်းပုံဖြတ်ခံရတဲ့အဖြစ်နဲ့ သူတို့ရင်ဆိုင်ရပါတယ်။
"အခုညီမတို့ရှိတဲ့ Spa မှာဆိုလို့ရှိရင် ဥပဒေအာမခံချက် မရှိဘူး။ သူတို့လိုင်းပေါ်မှာ ကြေညာထားတာက ရိုးရိုး Spa။ ဒါပေမဲ့ Spa ကို ရောက်လာပြီးသွားပြီဆိုလို့ရှိရင် လုံးဝရောင်းစားတာပဲလေ။ သူတို့ပိုက်ဆံပေးတယ်၊ ညီမတို့က ဝင်ရတယ်။ ကိုယ်က တစ်ဝက်ပဲရတာ၊ သူတို့လည်း တစ်ဝက်ရတယ်။ ဘာလို့လဲဆိုတော့ သူတို့မြတ်လို့လုပ်နေတာလေ။ ကိုယ့်ကိုရောင်းစားပြီးတော့ သူတို့ ဝင်ငွေရှာနေတာပေါ့နော်"
ရွေးချယ်စရာမရှိ၊ ကျောထောက်နောက်ခံမရှိတဲ့ အမျိုးသမီးငယ်တွေဟာ တစ်နိုင်ငံလုံးမှာ ပုံစံမျိုးစုံနဲ့ ဒီလိုအလုပ်တွေထဲရောက်နေတယ်လို့ Nude Art Model လို့ခေါ်တဲ့ ဝတ်လစ်စလစ်ကိုယ်ဟန်ပြ အနုပညာသည် ခိုရီဆုက ပြောပါတယ်။
"အခု ဒီညီမလေးလိုမျိုး တရားမဝင်အနှိပ်ခန်းတွေကို ရောက်လာကြတဲ့သူတွေရှိသလို ပြည့်တန်ဆာလုပ်ငန်းတွေထဲကို ရောက်သွားကြတဲ့သူတွေလည်း ရှိပါတယ်။ ဒါ့အပြင် တယ်လီဂရမ်မှာလည်း ခန္ဓာကိုယ်ကိုဗန်းပြပြီး ငွေရှာတဲ့ အမျိုးသမီးတွေရဲ့ အရေအတွက် တစ်နေ့တခြား များပြားလာတာကို တွေ့မြင်ရပါတယ်"
ဆက်နွှယ်သော သတင်းများ
ဆင်းရဲမွဲတေမှုကြောင့် လိင်ဖျော်ဖြေသူ ဖြစ်နေရတဲ့အမျိုးသမီး
တစ်နေ့လုပ်ခ တစ်ဒေါ်လာခွဲကြောင့် အလုပ်သမားတွေ ထမင်းလျှော့စားနေရ
အကူအညီမဲ့နေတဲ့ ရန်ကုန် အထည်ချုပ်အလုပ်သမားများ
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ အနှိပ်ခန်းတွေ၊ နိုက်ကလပ်တွေ၊ ပြည့်တန်ဆာလုပ်ငန်းတွေ ပိုတွင်ကျယ်လာတာ တွေ့ရပါတယ်။ မတတ်သာလို့ အဲဒီနေရာတွေမှာလုပ်နေရတဲ့ အမျိုးသမီးတွေဟာ ခေါင်းပုံဖြတ်ခံရသလို၊ သူတို့ကိုကာကွယ်ပေးမဲ့ အဖွဲ့အစည်း မဲ့နေတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
"တယ်လီဂရမ်မှာလည်း ခန္ဓာကိုယ်ကိုဗန်းပြပြီး ငွေရှာတဲ့ အမျိုးသမီးတွေရဲ့ အရေအတွက် တစ်နေ့တခြား များပြားလာတာကို တွေ့မြင်ရပါတယ်"
မနိုဘယ်လ်ကိုယ်တိုင်လည်း အရှက်နဲ့ သိက္ခာကိုရင်းပြီး လုပ်နေရတာက သူ့အတွက် အခက်ခဲဆုံးအချိန်တွေဖြစ်တယ်လို့ ပြောပါတယ်။
လောလောဆယ်မှာတော့ အနှိပ်ခန်းအလုပ်ကနေ ဝင်ငွေကောင်းကောင်းရတဲ့အတွက် အတိုးနဲ့ချေးထားတဲ့ အကြွေးတွေ ဆပ်နေတာ ခြောက်လကျော်အတွင်း တစ်ဝက်ကျော်ကျော်လောက် ကျေသွားပြီလို့ ပြောပါတယ်။ ဒါကြောင့် ဒီအလုပ်ကို ရေတိုပဲလုပ်မယ်လို့ မနိုဘယ်လ်က ရည်မှန်းထားပါတယ်။
"အဓိကရည်ရွယ်ချက်က ကိုယ်ဘာဖြစ်ချင်လို့ ဒီနေရာကိုလာတာလဲဆိုတော့ ငါအကြွေးကျေချင်လို့ လာတာ။ အဲဒါကြောင့် အကြွေးကို ကျေအောင်ဆပ်မယ်။ အကြွေးကျေသွားရင် အထည်ရောင်းတာပဲဖြစ်ဖြစ်၊ ဖိနပ်ရောင်းတာပဲဖြစ်ဖြစ်၊ ကိုယ်ရင်းနိုင်အောင်လို့ ပိုက်ဆံစုပြီးတဲ့အခါကျ ဒီအလုပ်ကနေထွက်မယ်"