ဂေါ်ရင်ဂျီကျွန်းက ခရီးသွားလုပ်ငန်းနဲ့ ရပ်တည်နေတဲ့ဒေသခံတွေ အခက်အခဲဖြစ်နေ
2024.03.23
သာယာလှပတဲ့ကမ်းခြေကြောင့် လွန်ခဲ့တဲ့ဆယ်နှစ်ကျော်မှာစပြီး ခရီးသွားတွေ စိတ်ဝင်စားခဲ့ကြတဲ့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ငရုတ်ကောင်းမြို့က ဂေါ်ရင်ဂျီကျွန်းဟာ အခုတော့ တိုင်းပြည်ရဲ့ အခြေအနေကြောင့် ခရီးသည်မရှိသလောက် ဖြစ်နေပါတယ်။
"ကိုဗစ်မတိုင်ခင်တုန်းကထက်စာရင်တော့ ဆယ်ပုံ တစ်ပုံလောက် ကွာသွားတာပေါ့။ အခုက တစ်ပုံလောက်ပဲ လာတယ်"
ကျွန်းရဲ့အကျယ်က သုံးမိုင်လောက်ပဲရှိပေမယ့် သဘာဝရှုခင်းတွေနဲ့ ရေအောက်မှာရှိတဲ့ ငါးမျိုးစုံကိုလည်း မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် ဂေါ်ရင်ဂျီကျွန်းကို အမှီပြုပြီး ငါးဖမ်းလုပ်ငန်းမျိုးစုံ လုပ်ကိုင်နေကြတဲ့ မြင်ကွင်းကလည်း ခရီးသွားတွေအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်စေပါတယ်။
ဂေါ်ရင်ဂျီကျွန်းခရီးသွားလုပ်ငန်းကို အမှီပြုပြီး လုပ်ကိုင်စားသောက်ကြတဲ့သူတွေထဲမှာ အသက် ၃၃ နှစ်အရွယ် ကိုကျော်မိုးလွင်တို့ မိသားစုလည်းပါဝင်ပါတယ်။ သူတို့မိသားစုဟာ အရင်က ရေလုပ်ငန်း လုပ်ခဲ့ရာကနေ ၂၀၁၈ ခုနှစ်မှာ Royal Beach ဆိုတဲ့ နာမည်နဲ့ တည်းခိုအိမ် လေးလုံးကို မိသားစုစီးပွားရေးအဖြစ် တည်ခဲ့ပါတယ်။
အဲဒီကနေ အဆင်ပြေလာလို့ တည်းခိုအိမ် ရှစ်လုံးအထိ တိုးချဲ့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်မှာ ဖြစ်ခဲ့တဲ့ ကိုဗစ်နိုင်တင်းကပ်ရောဂါနဲ့ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းခဲ့တာကြောင့် ဂေါ်ရင်ဂျီကျွန်းကို ခရီးသွားတွေ ကျဆင်းခဲ့တဲ့အတွက် ကိုကျော်မိုးလွင်တို့ရဲ့ တစ်နိုင်တစ်ပိုင် တည်းခိုခန်းတွေလည်း အရှုံးပေါ်ခဲ့ကြပါတယ်။
"ကျွန်တော်တို့တောင်မှပဲ နောက်ပိုင်းကိုတော့ ရပ်စဲသင့် ရပ်စဲရဖို့ ဖြစ်နေပြီ။ ဘယ်လိုကြောင့်လဲဆိုတော့ တစ်နှစ်လောက်မှ သိန်းနှစ်ဆယ်၊ သုံးဆယ်လောက်ဝင်လို့ အဆင်မပြေဘူးလေအစ်ကိုရ။ ကျွန်တော်ရှင်းပြသလိုပေါ့။ ဒါတွေ ပြန်မိုးဖို့ဟာတောင် မလွယ်ဘူးလေ"
ခရီးသည်နည်းသွားပေမယ့်လည်း သူတို့မိသားစုကတော့ တည်းခိုခန်းရေရှည်တည်မြဲဖို့ ရတဲ့အလုပ်တွေလုပ်ရင်း ကျားကန်ထားတယ်လို့ ကိုကျော်မိုးလွင်ရဲ့ဇနီး အသက် ၃၅ နှစ်အရွယ် မစန္ဒာအေးက ပြောပါတယ်။
"ကိုဗစ်မတိုင်ခင်တုန်းကထက်စာရင်တော့ ဆယ်ပုံ တစ်ပုံလောက် ကွာသွားတာပေါ့။ အခုက တစ်ပုံလောက်ပဲ လာတယ်။ အရင်တုန်းက ဆယ်ပုံလောက်ရှိတဲ့ဟာပေါ့။ နဂိုတုန်းက အယောက် ရှစ်ရာဆိုရင် အခုက အယောက် ရှစ်ဆယ်လောက်ပဲ ရှိတော့တာပေါ့။ အပြင်က ရှာတဲ့ငွေလေးနဲ့ စားသောက်ပြီး ဒီဟာလေးကို ထိန်းထားရတဲ့သဘောပေါ့"
ဂေါ်ရင်ဂျီကျွန်းက ဟိုတယ်တွေက အိပ်ခန်းတစ်ခန်းငှားခကို တစ်ရက် ငွေကျပ် ရှစ်သောင်းလောက်ကနေ နှစ်သိန်းဝန်းကျင်အထိ ရှိပါတယ်။ အဲဒါကြောင့် သာမန် ခရီးသွားတွေကတော့ စျေးတစ်ဝက်လောက် သက်သာပြီး ကမ်းခြေနဲ့နီးတဲ့ ဒေသခံတွေရဲ့ တည်းခိုခန်းတွေကို ရှာဖွေလာကြပါတယ်။
တောင်ကြီးမြို့ကနေ ဂေါ်ရင်ဂျီကျွန်းကို မကြာခဏအလည်လာတဲ့ အသက် ၅၀ အရွယ် ဒေါ်နန်းရွှေဥတို့ ဇနီးမောင်နှံက ဟိုတယ်တွေထက် စျေးသက်သာသလို၊ ဝန်ဆောင်မှုကောင်းတဲ့ Royal Beach ကိုပဲ ရွေးလိုက်တာလို့ သူက ဆိုပါတယ်။
"ဟိုတယ်ကြီးမှာ တစ်ရက်နေမယ်ဆိုရင် ဒီလိုနေရာမှာ နှစ်ရက်နေလည်း ရတယ်။ ဒီ Resort မှာ သုံးရက်နေလည်း ရတယ်ပေါ့နော်။ အဲဒီလိုမျိုးတော့ အန်တီတို့က စဉ်းစားပြီးတော့ ဒီ Resort လေးကို ရွေးချယ်လိုက်တာ။ အကုန်လုံး မိသားစုလို ချက်ပြုတ်စား။ မိသားစုလို အကုန်လုံးထားပေးတယ်"
အသက် ၂၄ နှစ်အရွယ် ကိုနိုင်လင်းကတော့ ဂေါ်ရင်ဂျီကျွန်းမှာ ဧည့်လမ်းညွှန်လုပ်သလို ဆိုင်ကယ် ကယ်ရီလည်း မောင်းပါတယ်။
"ဧည့်သည်ပါးတဲ့အချိန်မှာ သူတို့ကလည်း ပြန်ပြီးတော့ ဒီဘန်ဂလိုတွေ ပြန်ပြုပြင်ဖို့အတွက်ကျတော့ ဘတ်ဂျက်က မမီတော့ဘူး။ မမီတော့ဘူးဆိုတော့ တဖြည်းဖြည်း ထားလိုက်ရင်း ထားလိုက်ရင်း ဧည့်သည် စောင့်နိုး စောင့်နိုးနဲ့ပေါ့နော်။ ဒီလိုမျိုးနဲ့ ပြန်မပြင်ဖြစ်တာတွေနဲ့ နောက်ပိုင်းကျတော့ လုံးဝ ပိတ်ချလိုက်တာမျိုးတွေ ရှိပါတယ်"
ဂေါ်ရင်ဂျီကျွန်းကို ၂၀၁၂ ခုနှစ်ဝန်းကျင်ကစလို့ ခရီးသွားတွေရောက်လာပြီး ခရီးသွားလုပ်ငန်း ဖြစ်ထွန်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ခရီးသည်အများဆုံး လည်ပတ်ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဂေါ်ရင်ဂျီကျွန်းကို ပြည်တွင်းခရီးသွားဧည့်သည် ငါးထောင့်သုံးရာကျော် (၅၃၃၆ ဦး) ဝင်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ထုတ်ပြန်ခဲ့ပါတယ်။
ဒေသခံတွေကတော့ အရင်နှစ်ကထက်စာရင် အခုနှစ်မှာ ခရီးသွားဧည့်သည် တစ်ဝက်လောက် ကျသွားတယ်လို့ ပြောပါတယ်။
ဒါကြောင့် ခရီးသည်ကိုမှီပြီး လုပ်ကိုင်စားသောက်ရတဲ့ လက်ဆောင်ပစ္စည်းရောင်းတဲ့သူတွေ၊ စျေးသည်တွေ၊ တည်းခိုခန်းဖွင့်ထားသူတွေရဲ့ စားဝတ်နေရေးတွေပါ ထိခိုက်လာတဲ့အတွက် ခရီးသည်တွေ ပြန်လာနိုင်မယ့်အချိန် ကို မျှော်လင့်နေကြတာ တွေ့ရပါတယ်။