ကပ်ဘေးကာလ မော်ချီးဒေသ ခဲရှာဖွေသူများ

စိုးစိုးထက်
2020.12.18

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် လူအများစု ဝင်ငွေနည်းလာတာကြောင့် ရတဲ့အလုပ်ကို ပြောင်းရွှေ့လုပ်ကိုင်လာကြပါတယ်။ ကယားပြည်နယ်က လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ဒေသမှာ နေထိုင်သူတွေကတော့ ဖားဆောင်းမြို့နယ်အတွင်း ခဲသတ္တု ရှာဖွေတဲ့နည်းနဲ့ စားဝတ်နေရေး ဖြေရှင်းနေကြတာပါ။ သတ္တု တူးဖော်ခွင့်ကို ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေက ရယူထားတာကြောင့် ဒေသခံတွေက မိုင်းလုပ်ငန်း လုပ်ကွက်က ထွက်လာတာကိုပဲ ချောင်းထဲကနေ ရှာဖွေရတာ ဖြစ်ပါတယ်။

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသဘက်က မိုလိုချောင်းဘေးအနီးနားမှာ နေထိုင်တဲ့ ဒေသခံအများစုက ချောင်းထဲမှာ ခဲဆေးတဲ့လုပ်ငန်းကို ခါတိုင်းနှစ်တွေက ထက်ပိုပြီး လုပ်ကိုင်လာကြတာကို တွေ့ရပါတယ်။

ကိုဗစ်ကာလ စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ တခြား တောင်ယာလုပ်ငန်း၊ နှမ်းလုပ်ငန်းတွေက စားဝတ်နေရေးအတွက် မဖူလုံနိုင်တာကြောင့် ဘယ်သူ့ကို မေးမေး ခဲဆေးတဲ့လုပ်ငန်း လုပ်ကိုင်တယ်ဆိုတဲ့ အဖြေပဲ ရနိုင်တယ်လို့ ဒေသခံတဦးဖြစ်တဲ့ ဦးစောဝါးက ပြောပါတယ်။

“တစ်ယောက်တစ်ယောက်လည်း ဘာလုပ်လဲဆိုတော့ ခဲပဲ အလုပ်လုပ်စားတယ်။ တလျှောက်လုံး ဒီချောင်းထဲမှာပဲ”

ဦးစောဝါးက သူ့ဇနီးရော ကလေးပါ ခဲဆေးတဲ့လုပ်ငန်း ဝိုင်းလုပ်တာ တစ်ပတ်ကို ငါးသောင်းကနေ ခြောက်သောင်းထိတော့ ရတယ်လို့ ပြောပါတယ်။ ရလာတဲ့ခဲတွေကို နီးစပ်ရာ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေဆီမှာ ရောင်းကြတာ ဖြစ်ပါတယ်။

မော်ချီးဒေသက ကားလမ်း မပေါက်သေးတဲ့ ရွာတွေဘက်မှာ နေထိုင်တဲ့ ဒေသခံတွေက မိုလို ချောင်းမှာလာပြီး ခဲဆေးတဲ့ လုပ်ငန်းတွေ လုပ်လာကြရင်း ခဲမဖြူရွာမှာ လာရောက် အခြေချ နေထိုင်လာကြတဲ့သူ များပါတယ်။

“ကိုက်ကိုက် မကိုက်ကိုက် အလုပ်လုပ်စားနေတာပဲလေး။ မရှိဘူး။ အဲဒါပဲ လုပ်စားနေတာပဲလေ။ တပတ်တပတ်စာပဲ လုပ်စားနေတာပဲလေ”

ခဲမဖြူရွာ အပါအဝင် တခြားရွာတချို့ကလည်း မိုလိုချောင်းထဲ စီးပါလာတဲ့ ခဲအမှုန် အပိုင်းအစတွေကို ခံပြီး ဆေးနေကြတာ ဖြစ်ပါတယ်။

“လုပ်တာ ပင်ပန်းတာပေါ့။ ဒီမှာလုပ်ပြီးတော့ အိမ်မှာ ကလေးငယ်တွေ ဘာတွေနဲ့ဆိုတော့ ပိုပင်ပန်းရတာပေါ့” လို့ ကလေးငါးယောက်အမေဖြစ်တဲ့ ဒေါ်နော်ကရာနီဖေားက ပြောပါတယ်။

မော်ချီးသတ္တုတွင်းမြေ ဧက ၇ ထောင်ကျော်ရှိတဲ့ လုပ်ကွက်တွေထဲကလာတဲ့ရေက မိုလိုချောင်းအတိုင်း ပြန်စီးဆင်းပြီး အဲဒီချောင်းအနီးအနားမှာ ဒေသခံတွေက ပါလာတဲ့ ခဲအမှုန်အမွှားလေးတွေကို ခံပြီး လုပ်စားနေကြတာ ဖြစ်ပါတယ်။

ကိုဗစ်ကာလ မတိုင်ခင်က ဒီမိုလိုချောင်းဘေးမှာ ကုမ္ပဏီတွေက စက်ယန္တရားတွေနဲ့ ခဲရှာဖွေရေး လုပ်လာတာကြောင့် ခဲတွေက သိပ်မရတော့ဘူးလို့ မော်ချီးဒေသဘက်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့စစ်အသွင်ပြောင်းထားတဲ့ ကရင်နီအမျိုးသားသွေးစည်းညီညွတ်ရေး အဖွဲ့ KNSO ခေါ် ကြယ်ဖြူအဖွဲ့ ဥက္ကဋ္ဌ ဦးရီးချက်က ပြောပါတယ်။

“ဒါက နှစ်ရှည်လများလေ။ ဟိုးအင်္ဂလိပ်ခေတ်တုန်းကနေ ခုထိဆို နှစ်တစ်ရာလောက်ရှိပြီ။ အဲဒါ တစ်နှစ်တစ်နှစ် နည်းနည်းမျောပါလာတဲ့ဟာကတော့ တောက်လျှောက်ရှိတာပဲလေ။ တောက်လျှောက်ရှိတော့ ပြီးခဲ့တဲ့နှစ်က စက်တွေသုံးပြီး ရှာသွားတာ ကုန်သွားတယ်။ ဘာမှ မကျန်တော့ဘူး”

ကယားပြည်နယ်ရဲ့ အဓိက ထွက်ကုန်ထဲမှာ မော်ချီးဒေသဘက်က ခဲသတ္တုလည်း ပါဝင်ပါတယ်။ မော်ချီး သတ္တုလုပ်ငန်းက နှစ်ပေါင်း တစ်ရာ ရှိနေပါပြီ။ ၂၀၁၈-၁၉ ခုနှစ် တစ်နှစ်အတွင်း ထုတ်လုပ်မှုတန်ဖိုး ကျပ်သန်းပေါင်း ၃၁၂၅.၉၇၉ ရှိတယ်လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုလိုချောင်းမှာ လုပ်ငန်းရှင်တွေကို စက်ယန္တရားတွေနဲ့ လုပ်ကိုင်ခွင့် ပေးထားတာဟာ ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆိုးရွားစေသလို ဒေသခံတွေရဲ့ တနိုင်တပိုင် လုပ်ပိုင်ခွင့်လည်း ဆုံးရှုံးစေတယ်လို့ ဦးရီးချက်က ပြောပါတယ်။

“ဒါတွေက တစ်သီးပုဂ္ဂလတွေ တစ်ဦးတစ်ယောက်အနေနဲ့ သူတို့ လုပ်တာပဲရှိတာပဲလေ။ ကျနော်တို့ တားဆီးပါတယ်။ အရင်တလောက ဝန်ကြီးက လာပြီး ဒီလုပ်ကွက်ကို ခဲ ဒီမှာ ရှိတယ်ဆိုပြီး လုပ်ကွက်ချပေးဖို့ ကျနော် အတိုက်အခံလုပ်ပါတယ်။ ဒါမဖြစ်နိုင်တဲ့ အလုပ်ပဲလေ။ စက်ယန္တရားတွေ မော်ချီးကနေ မျောလာတဲ့ဟာ နည်းနည်းပါးပါးပဲ ရှိမှာပေါ့။ တကယ်လို့ လုပ်မယ်ဆိုလို့ရှိရင် စက်ယန္တာရားနဲ့ ကြီးကြီးကျယ်ကျယ်လုပ်မယ် ဆိုလို့ရှိရင် ဆိုးကျိုးဖြစ်လာမယ်။ ဆိုးကျိုးဖြစ်လာမယ် ဆိုတာက ရွာလည်း ပျက်စီးမှာပဲလေ။ ရေက တနေ့တနေ့ စားလာတာ တစတစ တော်တော်ပါသွားတယ်။ စက်ယန္တရားနဲ့ လုပ်တယ်ဆိုတာက ကျနော်တို့ သွားလို့မရဘူးလေ။ သွားလို့မရတဲ့အခါ တချို့လူတွေက စက်ယန္တရားခေါ်လုပ်တဲ့ အခါကျတော့ တကယ်ပဲ အရင်တုန်းက ဒီတံတားက ရေကြီးလာတော့ ပါသွားတယ်”

ခဲမဖြူကျေးရွာအနီးမှာရှိတဲ့ မိုလိုချောင်းရဲ့ အပေါ်ဘက် (၁၀)မိုင်အကွာနဲ့ အောက်ဖက်မှာဆိုရင် လုပ်ငန်းရှင်တချို့ စက်ယန္တရားသုံးပြီး ခဲသန့်စင်လုပ်ငန်း လာရောက် လုပ်ကိုင်ပါတယ်။

သတ္တုတွင်းပညာရှင် ဦးစိန်မြင့်ကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်တဲ့ကိစ္စတွေ ဖြစ်တာကြောင့် ကုမ္ပဏီတွေ လုပ်ကိုင်ဆောင်ရွက်နေတာတွေဟာ တရားဝင်ခွင့်ပြုချက် ရ၊ မရ အပါအဝင် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိကို ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း ပြောပါတယ်။

ကုမ္ပဏီတွေ စက်ယန္တာရားနဲ့ လာလုပ်တဲ့ အချိန်မှာဆိုရင် ဒေသခံတွေက လုပ်ကိုင်ခွင့် မရတော့ဘဲ၊ အကြွင်းအကျန်တွေကိုသာ ရှာဖွေလုပ်ကိုင်နေကြရတာပါ။ ဖားဆောင်းမြို့နယ် ခဲမဖြူကျေးရွာမှာတော့ အိမ်ခြေ ၄၀၀ ကျော်ရှိပြီးတော့ အများအားဖြင့် ကရင်လူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။

မော်ချီးခဲသတ္တု ထုတ်လုပ်ရေးကတော့ ပြည်ထောင်စု အစိုးရကနေ တိုက်ရိုက် ကိုင်တွယ်တာ ဖြစ်ပြီး မော်ချီးဒေသ သတ္တုတွင်းဟာ ခဲမဖြူ၊ အဖြိုက်နက်နဲ့ သတ္တုအကြီးစား ထုတ်လုပ်ခွင့်ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ဦးစီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒေသခံတွေကတော့ အဲဒီလုပ်ကွက်တွေထဲကနေ တနိုင်တပိုင် လုပ်ကွက်တွေ လုပ်ကိုင်ကြတာရှိသလို အဲဒီလုပ်ကွက်ကနေ စီးလာတဲ့ ချောင်းမှာ ခဲတွေကို စစ်ယူတာတွေ လုပ်ကြတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။