အကူအညီမဲ့နေတဲ့ ရန်ကုန် အထည်ချုပ်အလုပ်သမားများ
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ မသူသူဟာ အထည်ချုပ်စက်ရုံတစ်ခုခုမှာ အလုပ်ရဖို့ ကြိုးစားနေတာ နှစ်ပတ်ကျော်ရှိလာပါပြီ။
သူဟာ လွန်ခဲ့တဲ့ တစ်လလောက်က ဥပဒေမဲ့ အလုပ်ထုတ်ခံခဲ့ရပြီးနောက် အသက် ၈၀ အရွယ် မိဘနှစ်ပါးနဲ့ သမီး နှစ်ယောက် စားဝတ်နေရေးအတွက် နောက်ထပ် အလုပ်တစ်ခု ရဖို့ ကြိုးစားနေရတာပါ။ ဒါပေမဲ့ အသက် ၃၀ ကျော်ရင် အလုပ်ရှင်တွေက ခေါ်လေ့မရှိတာ ကြောင့် အသက် ၃၇ နှစ်ရှိနေပြီဖြစ်တဲ့ မသူသူအတွက် အလုပ်တစ်ခုရဖို့ ခက်ခဲနေပါတယ်။
“အရင်အစိုးရခေတ်မှာက ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကြည့်ပြီးတော့ ဘယ်လိုပြောမလဲ။ ခန့်သေးတယ်ပေါ့နော်၊ အခုစစ်ကောင်စီကာလမှာ အသက်အရွယ်ပိုင်း ၁ အချက်၊ အသက်ကြီးလို့မခေါ်ဘူးဆိုရင် လုံးဝ ခါးခါးသီးသီး မှတ်ပုံတင်ကြည့်ပြီးတော့။ အသက် ဒီလောက် ရှိနေပြီ၊ မခေါ်တော့ပါဘူးပေါ့နော်။ အဲလိုမျိုးတွေအတွက်ကို ကျနော့်မှာ မိသားစု စားဝတ်နေရေးကို ခက်ခဲတဲ့ကာလဖြစ်တဲ့အတွက် တစ်ခါတလေ ကျရင် ကျနော်အမှန်တိုင်း ရင်ထဲက စကားကိုပြောမယ်ဆိုရင် အဆုံးတောင် စီရင်ဖို့အထိ တစ်ခါတလေ တွေးပါတယ်ရှင်”
အလုပ်ရဖို့ ခက်ခဲနေတာကြောင့် ကြုံရာကျပန်းအလုပ်နဲ့ပဲ မိသားစုအတွက် ရုန်းကန် နေရတယ်လို့ ဆိုပါတယ်။
ရွှေပြည်သာစက်မှုဇုန်ထဲမှာ မသူသူလိုပဲ နေ့စဉ် အလုပ်သမား ၁၀၀၀ လောက်ဟာ အလုပ်ရဖို့ ကြိုးစားနေကြရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှုအကျိုးဆက်ကြောင့် ၂၀၂၁ ခုနှစ် အတွင်း အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရတဲ့ အလုပ်သမားပေါင်း ဆယ့်ခြောက်သိန်းကျော် ရှိတယ်လို့ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်က ခန့်မှန်းပါတယ်။
လုပ်ငန်းခွင်တွေမှာရှိနေတဲ့ အထည်ချုပ်အလုပ်သမားတွေဟာ ပုံမှန်အရေအတွက်ထက် ပိုချုပ်လုပ်နေရပေမယ့် လုပ်ခလစာကတော့ တစ်နေ့ ကျပ် ၄၈၀၀ ပဲ ရရှိကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လျှပ်စစ်မီး ပြတ်တောက်မှု ပြဿနာကြောင့် စက်ရုံတွေ အချိန်ပြည့်မလည်ပတ်နိုင်တော့တဲ့အတွက် အလုပ်သမားတွေဘက်ကလည်း အချိန်ပို မလုပ်ရတော့ဘူးလို့ ပြောကြပါတယ်။
အခုကာလမှာ ကျန်းမာရေးခွင့်ရက်တွေ မရတော့သလို အလုပ်ပျက်ရက်ရှိရင် ရာထူး အလျှော့ခံရတာ၊ ခံဝန် လက်မှတ်ထိုးရတာတွေအပြင် အလုပ်ထုတ်ခံရနိုင်တဲ့ အခြေအနေ တွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ အထည်ချုပ်အလုပ်သမား မစုစုအောင်က ပြောပါတယ်။
“နေထိုင်မကောင်းရင် ရှောင်တခွင် ခွင့်တွေလည်း ရှိတယ်။ ညီမတို့မှာ ဆေးခွင့်နဲ့လည်း ယူလို့ရတယ်။ အဲဒီခွင့်တွေက မရတော့ဘူးရှင့်။ တကယ်လို့များ ညီမတို့က အရမ်းကို ခက်ခဲလွန်းလို့ ယူလိုက်ရတယ်ဆိုရင်တောင်မှ ညီမတို့ကို Grade ကြေး ချပစ်တာတွေ၊ ညီမတို့ကို Bonus မပေးတော့တာတွေ၊ ညီမတို့က အဲဒါကိုမှ အရင်က မရှိခဲ့ဘူးပေါ့နော်။ ဒါမျိုးတွေမလုပ်ဖို့ တောင်းဆိုတဲ့အခါကျရင် တိုင်ချင်ရာတိုင်ဆိုတဲ့ ဘောင်မဝင်တဲ့ စကားတွေနဲ့ ခြိမ်းခြောက်ပြောဆိုပြီး ခိုင်းနေတာကို ခံနေရပါတယ်ရှင့်”
"ကျနော်တို့အလုပ်သမားတွေရဲ့ အခက်အခဲကို ဘယ်သူတွေက ကူညီမှာလဲ။ ဒါပဲ ကျနော်တို့က မျှော်လင့်နေတာပါ"
လက်ရှိ လုပ်ကိုင်နေသူတွေအနေနဲ့လည်း အလုပ်တည်မြဲဖို့အတွက်ကိုပဲ ကြိုးစားနေရတယ် လို့ ဆိုပါတယ်။ ဒါဟာ အာဏာသိမ်းမှုနောက်ပိုင်း ရင်ဆိုင်လာရတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေး ဆုံးရှုံးမှုတစ်ရပ်လို့ လုပ်သက် ခုနစ်နှစ်ရှိပြီဖြစ်တဲ့ အထည်ချုပ်အလုပ်သမား တစ်ဦးက ပြောပါတယ်။
“သူတို့လုပ်ချင်တဲ့အတိုင်း လုပ်နေတယ်ပေါ့ဗျာ။ တရားဥပဒေ စိုးမိုးမှုကလည်း မရှိဘူး။ တရားဥပဒေ စိုးမိုးမှုမရှိလို့ သူတို့လုပ်ချင်တိုင်းလုပ်တာ။ တကယ်လို့ သူတို့အနေနဲ့က စက်ရုံဘက်က လုပ်မယ်ဆိုရင် လုပ်သမျှ ခံရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဝန်ထမ်းတွေက ပိုက်ဆံမရှိလို့ အလုပ်လုပ်တာလေ။ အဲတော့ သူတို့အနေနဲ့က ထုတ်ချင်ထုတ်မယ်။ လုပ်ချင်လုပ်မယ်။ သူတို့ ခိုင်းချင်ခိုင်းမယ်။ ဖြုတ်ချင် ဖြုတ်မယ်။ အဲဒီအပေါ်မှာကတော့ ကျနော်တို့က အဆင်မပြေဘူးပေါ့ဗျာ။ အဆင်မပြေတာကို ကျနော်တို့အနေနဲ့ကတော့ ဘယ်သူတွေက ဘယ်လိုအဆင်ပြေအောင် ဆောင်ရွက် ပေးမလဲ၊ ကျနော်တို့အလုပ်သမားတွေရဲ့ အခက်အခဲကို ဘယ်သူတွေက ကူညီမှာလဲ။ ဒါပဲ ကျနော်တို့က မျှော်လင့်နေတာပါ”
အလုပ်သမားအရေးဆောင်ရွက်နေသူ ကိုဇင်ဝေအောင်ကတော့ သူ့ဆီကို လာရောက် တိုင်တန်းတဲ့အမှုတွေဟာ အလုပ်ထုတ်ခံရတဲ့အမှုတွေ ပိုများတယ်လို့ ပြောပါတယ်။
“ကျနော့်ဆီဆိုရင် တစ်ရက်ကို နှစ်မှု၊ သုံးမှု အနည်းဆုံး နီးပါးလောက်လာတယ်။ အဲ့ဒီအမှုတွေ တော်တော် များများက အလုပ်ထုတ်တဲ့အမှုတွေဖြစ်တယ်။ တချို့တွေဆို ဘာလို့လဲဆိုတော့ အလုပ်မပေးနိုင်ဘူးဆိုပြီး ၁ဝ ရက် လုပ်ပြီးတော့ ရက် ၂ဝ နားနေ ရတာမျိုးတွေ ရှိတယ်။ အဲဒါတွေက ထုတ်တာလည်းမဟုတ်၊ ခန့်တာလည်းမဟုတ်၊ ဒါမျိုးတွေ ကြုံရတယ်။ ဒုတိယအချက် ဘာကြုံရလဲဆိုတော့ ခုနကပြောတဲ့ လုပ်ငန်းခွင် မှာ မန်နေဂျာကို ပြန်ပြောရင်သော်လည်းကောင်း၊ ဥပဒေအရ ခွင့်ရက်၊ ပိတ်ရက် တောင်းရင်သော်လည်းကောင်း ဒီလို ဥပဒေမဲ့ အလုပ်ထုတ်တာတွေ ကြုံတွေ့ရတယ်”
သူတို့ဆီကို တိုင်တန်းလာတဲ့ အမှုတွေကို ကူညီဖြေရှင်းဖို့ကြိုးစားပေမယ့် အခက်အခဲတွေ ကတော့ ရှိနေဆဲပဲလို့ ပြောပါတယ်။
လူ ၂၅၀ လောက်လုပ်ကိုင်နေတဲ့ စက်ရုံတစ်ခုက အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးကတော့ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ကြားဝင်ဖြေရှင်းမယ့်သူ မရှိတာကြောင့် အလုပ်သမားတွေ နစ်နာနေရတာလို့ ပြောပါတယ်။
“ပြောရမယ်ဆိုရင်တော့ အခက်အခဲတွေက အများကြီးဖြစ်သွားတာပေါ့လေ။ နဂို ကတည်းကမှ အလုပ်ရှင်၊ အလုပ်သမားကြားမှာ ပြဿနာလေးတွေရှိတယ်ဆိုပေမယ့် ကြိုးစားပြီးဖြေရှင်း၊ ဖြေရှင်းနေကြရင်းနဲ့ တဖြည်းဖြည်း အရှိန်လေးရနေတဲ့ဟာကို ရိုက်ချိုးခံလိုက်ရတဲ့ သဘောပေါ့နော်။ အဲလိုဖြစ်နေတော့ နစ်နာတာက အလုပ်သမားက ပိုနစ်နာကြတာပေါ့လေ”
အရင်က အလုပ်သမားအရေး ကူညီဆောင်ရွက်ခဲ့ကြတဲ့ သမဂ္ဂအဖွဲ့တွေဟာလည်း အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအခြေအနေအရ ထွက်ပြေးတိမ်းရှောင်နေကြ ရတာကြောင့် အလုပ်သမားပြဿနာကို အရင်ကလို မဖြေရှင်းနိုင်ကြတော့ဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမား၊ အလုပ်ရှင်အဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် ဖွဲ့စည်းတည်ထောင်ခွင့်၊ စည်းရုံးခွင့်ဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်တွေနဲ့ အဓမ္မစေခိုင်းမှု တားမြစ်ရေး သဘောတူညီချက်တွေကို လိုက်နာမှု ရှိ၊ မရှိကို စစ်ဆေး သွားမှာဖြစ်တယ်လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO က မတ်လ ၂၅ ရက် နေ့က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ အဲဒီထုတ်ပြန်ချက်ကို လက်မခံ ကြောင်း ကန့်ကွက်ထားပါတယ်။
ကိုဗစ်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ စက်ရုံ၊ အလုပ်ရုံတွေကို ရပ်နားခဲ့ရတာကြောင့် အလုပ်လက်မဲ့ဦးရေလည်း များပြားလာခဲ့တာပါ။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်းများအသင်းရဲ့ စာရင်းတွေ အရ စက်ရုံပေါင်း ၇၅၉ ခုအနက် လက်ရှိ လည်ပတ်နိုင်တဲ့ စက်ရုံဟာ ၅၀၄ ခုပဲ ရှိနေပါတယ်။