ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် ပြည်သူတွေဘဝ ပိုကျပ်တည်းလာ
2024.06.07

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ စီးပွားရေးအကျပ်အတည်းတွေကြောင့် စားသောက်ကုန်စျေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ပြည်သူတွေ ဝင်ငွေနဲ့ထွက်ငွေ မလောက်ငှတော့ဘဲ စားဝတ်နေရေး ခက်ခဲနေပါတယ်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အမှတ် (၆၀) ရပ်ကွက်မှာနေတဲ့ အသက် ၆၈ နှစ်အရွယ် ဒေါ်သန်းဝင်းဟာ ကိုယ်တစ်ခြမ်း လေဖြတ်နေပြီး ကျန်းမာရေးမကောင်းပေမဲ့လည်း အာဟာရစုံစုံလင်လင် မစားနိုင်ပါဘူး။
"ခုနစ်ထောင်၊ ရှစ်ထောင်နဲ့ ဘယ်လိုလုပ်စားမလဲ။ ဘယ်လိုမှ မစားတတ်ဘူး။ အဲဒီလိုပဲ ဆားနဲ့ ငံပြာရည်နဲ့ပေါ့။ ဆား၊ ငံပြာရည် စားတာ။ ဆားနဲ့ဖျော်ပြီးတော့ စားလိုက်တယ်။ အချိုမှုန့်နဲ့။ ထမင်းငတ်တာတော့ မဟုတ်ဘူး။ ဟင်းတွေ ဘာတွေ မစားရတာပေါ့။ ကန်စွန်းရွက်နဲ့ ချဥ်ပေါင်ရွက်နဲ့။ ကန်စွန်းရွက်နဲ့ ချဥ်ပေါင်ရွက်နဲ့ ကြာလာတော့လည်းဟယ်၊ အူတွေ ဘာတွေတောင်မှ ချဥ်လာတာ"
သူ့မှာ မိသားစုဝင် ခြောက်ဦး ရှိပြီး သားဖြစ်သူ ဆိုင်ကယ်ကယ်ရီဆွဲလို့ရတဲ့ နေ့စဉ် တစ်သောင်းမပြည့်တဲ့ ဝင်ငွေနဲ့ အဓိက စားဝတ်နေရေး ဖြေရှင်းနေတာပါ။ သားဖြစ်သူ ဆိုင်ကယ်ကယ်ရီမောင်းလို့ရတဲ့ ဝင်ငွေထဲမှာ ဆီဖိုးနဲ့ ဆိုင်ကယ်ငှားခ ဖယ်လိုက်ရင် အိမ်ကို ငွေကျပ် တစ်သောင်းဝန်းကျင်သာ ပါလာပါတော့တယ်။
လက်ရှိ ဆန်တစ်ပြည် ကျပ် ငါးထောင်ဝန်းကျင် ပေးဝယ်နေရချိန်မှာ ဒီဝင်ငွေ တစ်သောင်းဝန်းကျင်ဟာ သူတို့မိသားစုအတွက် မလောက်ငှတော့ဘူးလို့ မီးဖိုချောင်အသုံးစရိတ်ကို စီမံနေတဲ့ ဒေါ်သန်းဝင်းရဲ့ သမီး အသက် ၃၆ နှစ်အရွယ် မသူဇာဝင်းက ပြောပါတယ်။
"အရင်တုန်းကဆိုရင် ပိုက်ဆံက လေး၊ ငါးထောင်လောက်နဲ့ စားလို့ရတယ်လေ။ မနက်ညကို မိသားစု စားလို့ရတယ်။ အခုက ဆန်တစ်ပြည်ဆိုရင် အရင်က သုံးပြည်၊ လေးပြည်လောက် ဝယ်လို့ရတယ်။ အခုက ဆန်တစ်ပြည်တင်ပဲ ငါးထောင်နားကပ်နေပြီဟာကို ဘယ်လိုသွားစားမလဲ၊ ဒီမိသားစုနဲ့"
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲ မြန်မာငွေတန်ဖိုးကျဆင်းပြီး အခြေခံ စားသောက်ကုန်စျေးတွေ အရင်ကထက် နှစ်ဆကနေ သုံးဆကျော်အထိ မြင့်တက်နေပါတယ်။
"အခုက ဆန်တစ်ပြည်ဆိုရင် အရင်က သုံးပြည်၊ လေးပြည်လောက် ဝယ်လို့ရတယ်။ အခုက ဆန်တစ်ပြည်တင်ပဲ ငါးထောင်နားကပ်နေပြီဟာကို ဘယ်လိုသွားစားမလဲ၊ ဒီမိသားစုနဲ့"
RFA က ပြုစုထားတဲ့ စာရင်းတွေအရ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆင်းသွယ်ဆန်တစ်ပြည်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ငွေကျပ် ၁၅၀၀ စျေးသာရှိရာကနေ ၂၀၂၄ ခုနှစ် ဇွန်လမှာ တစ်ပြည်ကို ၄၆၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။
စားအုန်းဆီ တစ်ပိသာစျေးနှုန်းဟာလည်း ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ၂၂၀၀ ကျပ်ကနေ ၂၀၂၄ ခုနှစ် ဇွန်လမှာတော့ ၉၅၀၀ ကျပ်အထိ မြင့်တက်လာတာလို့ ဆန်နဲ့ ဆီ လက်လီ၊ လက်ကားရောင်းချတဲ့ ဆိုင်တွေက ပြောပါတယ်။
ကုန်စျေးနှုန်းတွေအရင်ထက် သုံးဆလောက်မြင့်တက်လာတာကြောင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အမှတ် (၆၀) ရပ်ကွက်မှာနေတဲ့ အသက် ၅၀ အရွယ် ဒေါ်မြင့်ဝင်းတို့ မိသားစုလည်း အသုံးအစွဲတွေ လျှော့ချလာရပါတယ်။
"စားဝတ်နေရေးကို ဘယ်လိုလဲဆိုတော့ ဟင်းစား၊ ကျွေးစားတွေ လျှော့လာတယ်၊ အဲလိုမျိုးပေါ့နော်။ အသုံးအစွဲတွေကမှအစ အကုန်လုံး လျှော့ချပစ်လိုက်ရတာပေါ့"
စျေးရောင်းလို့ရတဲ့ တစ်ရက်ဝင်ငွေ ငါးထောင်ကနေ တစ်သောင်းဝန်းကျင်ဟာ တစ်နေ့အသုံးစရိတ်ကို မကာမိတာကြောင့် ဒေါ်မြင့်မြင့်သန်းတို့ မိသားစုလည်း နေ့စဉ်စားစရိတ်အတွက် ပူပန်နေရပါတယ်။
"စျေးနှုန်းတွေက အစစအရာရာ စျေးကြီးလာတာလေ။ ဟိုတုန်းက ဆန်တစ်ပြည်မှ ဘယ်လောက်မှ မရှိဘူးလေ။ အခုဆန်တစ်ပြည် ငါးထောင် ဆန်ကြမ်းတောင်။ ကြက်သားဆိုရင် နှစ်ထောင်ဖိုးလောက်ဆို တစ်ပုံကြီး စားရတယ်။ အခု ဒီမှာ ၁၅၀၀ ဖိုးကို နှစ်ရက်စားရမယ်။ အဲဒီလိုမျိုးလေးတွေပေါ့။ ချွေတာလာရတာပေါ့နော်။ အရင်လို မစားနိုင်ဘူး"
၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၀၀ ဝန်းကျင်ရှိရာကနေ ၂၀၂၄ ခုနှစ် မေလမှာ တစ်ဒေါ်လာကို ကျပ် လေးထောင်ကျော်အထိ မြင့်တက်ခဲ့ပါတယ်။
အခေါက်ရွှေစျေးနှုန်းကလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ တစ်ကျပ်သားကို ၁၃ သိန်းကျော် ရှိရာကနေ ၂၀၂၄ ခုနှစ် မေလကုန်မှာ ကျပ်သိန်း ၅၈ သိန်းလောက်အထိ ဆက်တိုက်မြင့်တက်ခဲ့တာပါ။
ရွှေနဲ့ ဒေါ်လာစျေး မြင့်တက်လာသလို စက်သုံးဆီစျေးနှုန်းကလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ အောက်တိန်း-၉၂ ဓာတ်ဆီ တစ်လီတာကို ၅၇၀ ကျပ်ကနေ ၂၀၂၄ ခုနှစ် ဇွန်လဆန်းပိုင်းမှာ တစ်လီတာကို ၂၆၀၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။
အဘက်ဘက်က အထွေထွေကုန်ကျစရိတ်တွေ အဆမတန် မြင့်တက်မှုဒဏ် ခံနေရတဲ့ ပြည်သူတွေဟာ နိုင်ငံရေးတည်ငြိမ်ပြီး အရင်လို မပူပင်ရတဲ့ ဘဝမျိုး ပြန်ရောက်ဖို့ မျှော်လင့်နေကြပါတယ်။
"သြော် ဖြစ်စေချင်တာတော့ နိုင်ငံရေးအေးဆေးပြီးတော့ အရင်လိုပဲ လုပ်ကိုင်စားသောက်ပြီးတော့ ပြေပြေလည်လည်၊ မပြေလည်တောင်မှ မပူပင်ရဘူးပေါ့နော်။ အခုဟာကတော့ ပူပင်နေရတာပေါ့။ မနက်စာရှိလို့မှ ညနေစာ။ ညနေစာ ရပြန်တော့လည်း နောက်နေ့ စျေးမှရောင်းကောင်းပါ့မလား"