ပျောက်ဆုံးသွားတဲ့ လှိုင်သာယာ ကျုးကျော်တွေရဲ့ ကျောတစ်ခင်းစာ

2021.11.05
ပျောက်ဆုံးသွားတဲ့ လှိုင်သာယာ ကျုးကျော်တွေရဲ့ ကျောတစ်ခင်းစာ လှိုင်သာယာမြို့နယ်မှာ ကျူးကျော်အိမ်တွေ ဖျက်ဆီးခံရပြီးနောက် လမ်းဘေးမှာနေရသူတွေကို ၂၀၂၁၊ နိုဝင်ဘာ ၄ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်း ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးမှာ ကျူးကျော် အိမ်တွေ ဖျက်ဆီးခံခဲ့ရပြီးနောက် ပြောင်းရွှေ့စရာနေရာမရှိဘဲ ဖြစ်သလို နေနေရတဲ့ မိသားစုဝင်တွေကို တွေ့ရတာပါ။

ဒီမိသားစုတွေရဲ့ အိမ်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့စပြီး စက်ယန္တရားကြီးတွေ နဲ့ ဖျက်ဆီး ဖယ်ရှားလိုက်ကြတာပါ။

စစ်အာဏာသိမ်းမှုနဲ့အတူ ငွေကြေးအကျပ်အတည်းနဲ့ပါ ရင်ဆိုင်နေကြရလို့ လပေးအဆောင်ငှားနေဖို့လည်း မတတ်နိုင်ကြတာကြောင့် အိမ်ဖျက်ဆီးခံရချိန်မှာ ကျန်ခဲ့တဲ့ အခင်းလေးတွေနဲ့ပဲ လမ်းဘေးတွေမှာ လောလောဆယ် နားခိုနေကြရပါတယ်။

ငွေသုံးလေးသိန်းလောက်နဲ့ ခြိုးခြံချွေတာပြီး ဆောက်ထားခဲ့ရတဲ့ တဲအိမ်လေးကို ဆုံးရှုံးလိုက်ရပြီးနောက် နောက်ထပ်နေစရာလည်း မရှိလို့ အခုတော့ လမ်းဘေးမှာပဲ ချက်ပြုတ်စားသောက်နေရတယ်လို့ ကျုးကျော် အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

"ဝမ်းနည်းတယ်။ ငိုလည်း ငိုချင်တာပေါ့။ ကိုယ့်အိမ်ဖျက်တော့ စိတ်ထဲမကောင်းဘူး။ နေစရာလည်း မရှိတော့ဘူး။ အိမ်ကလည်း ဘာမှရစရာမရှိတော့ဘူး။ ဘတ်ဟိုးလုပ်တာ ရစရာမရှိတော့ဘူး။ ပြားသွားပြီ"

ဖျက်ဆီးဖယ်ရှားခံလိုက်ရတဲ့ ကျုးကျော်အိမ်တွေဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်လောက်ကတည်းက နေခဲ့ကြတာပါ။

ပြီးခဲ့တဲ့ NLD အရပ်သားအစိုးရလက်ထက်က သူတို့ကို ယာယီနေထိုင်ခွင့် စမတ်ကတ်တွေ ထုတ်ပေးခဲ့သလို အထွေထွေရွေးကောက်ပွဲမှာလည်း မဲပေးခွင့် ရခဲ့ကြပါတယ်။

နေအိမ်ဖယ်ရှားခံလိုက်ရတဲ့ အမျိုးသမီးတစ်ယောက်ကတော့ အချိန် ခုနစ်နှစ်လုံး နေထိုင်ခဲ့တဲ့ တဲအိမ်လေး မမျှော်လင့်ဘဲ ဖျက်ဆီးခံလိုက်ရတဲ့အတွက် ဝမ်းနည်းနေပါတယ်။

"ဘဝကတော့ ဆိုးပါတယ်။ ပြောင်းစရာမရှိ၊ အဆောင်လခ ပေးစရာမရှိလို့ ပလုံလိုက်ကောက်နေရတယ်။ ရုတ်တရက်ဖြစ်သွားတော့ ဝမ်းနည်းစရာပေါ့၊ ကိုယ့်မှာစားစရာမရှိတော့ ကိုယ်မဖျက်လည်း သူတို့ ဖျက်သွားတာပဲလေ။ ကိုယ်တွေ ဒီမှာ ငုတ်တုပ်လေးတွေ ကျန်ခဲ့တာပေါ့။ ရုတ်ရုတ်တောင် မလှုပ်နဲ့တဲ့"

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က ဧရာဝတီတိုင်းဘက်ကို ဦးတည် တိုက်ခိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း သိန်းနဲ့ချီ သေဆုံးခဲ့ရပါတယ်။

ဒေသခံတွေဟာလည်း မုန်တိုင်းဒဏ်ကို အလူးအလဲခံစားခဲ့ရပြီး နေစရာ၊ လုပ်ကိုင်စားသောက်စရာတွေ ပျောက်ဆုံးခဲ့ရတာကြောင့် လှိုင်သာယာမှာ ကျူးကျော်တဲအိမ်တွေနဲ့ သူတို့ရဲ့ဘဝကို စတင်ခဲ့ကြရတာပါ။

"လောလောဆယ် ရပ်ကွက်ထဲ ပြောင်းရတာလေ။ ငှားရတာမလွယ်ဘူး။ တချို့လူတွေက ကျုးတွေဆို မငှားဘူး"

အခု အဲဒီတဲအိမ်တွေ ဖယ်ရှားခံလိုက်ရပြီးနောက် အဆောင်ပိုင်ရှင်တွေကလည်း ငွေကြေးမတတ်နိုင်သူတွေ ဆိုပြီး အဆောင်ငှားဖို့ ငြင်းဆိုနေကြတာကို ကြုံနေရတယ်လို့ နေအိမ်ဖယ်ရှားခံလိုက်ရတဲ့ မသန်းသန်းထွေးက ပြောပါတယ်။

"လောလောဆယ် ရပ်ကွက်ထဲ ပြောင်းရတာလေ။ အိမ်လစာက ငါးသောင်း တောင်းတယ်။ လောလော ဆယ်က အိမ်လစာတော့ မပေးရသေးဘူးပေါ့။ ငှားရတာမလွယ်ဘူး။ တချို့လူတွေက ကျုးတွေဆို မငှားဘူး။ အဲဒီလောက်တောင် ပြောတယ်လေ။ ခံစားရတာပေါ့ မရှိတဲ့ကြားက စုဆောင်းပြီးတော့ လုပ်ထားတာ လေးတွေ နဂိုကမှ စားဝတ်နေရေး ခက်ခဲနေတာ အခုပိုဆိုးတာပေါ့ ကလေးတွေနဲ့ဆိုတော့"

နေအိမ်တွေ ဖျက်ဆီးခံလိုက်ရတဲ့ မိသားစုအချို့ဟာ နောက်ထပ်သွားစရာနေရာ မရှိတာကြောင့် ဖျက်ဆီး ခံလိုက်ရတဲ့ အိမ်နားက လမ်းပေါ်မှာပဲ ကျောတစ်ခင်းစာနေရာလေးနဲ့ ဖြစ်သလို အိပ်စက်နေကြရတာကို တွေ့ရပါတယ်။

hlaingthaya-slum-house.jpg
(နေအိမ်ဖျက်ဆီးခံရတဲ့ မိသားစုတစ်စု လမ်းပေါ်မှာ ဖြစ်သလိုနေနေတာကို ၂၀၂၁၊ နိုဝင်ဘာ ၄ ရက်နေ့က တွေ့ရစဉ် )

အသက် ၆၂ နှစ်အရွယ် အဖွားတစ်ဦးကတော့ ညဘက် ခြင်ကိုက်လို့ စိတ်ညစ်နေရပါတယ်။

"ခြင်ကိုက် ဘာကိုက်နဲ့ စိတ်ညစ်တာပေါ့။ ခြင်ကလည်းကိုက်။ ကိုယ်တွေက အိမ်လေးကျဉ်းကျဉ်း ဆောက် ထားတာ၊ နေစရာမရှိ။ စားတာက စားလို့ရပါတယ်။ နေစရာက ဒုက္ခရောက်တာ"

အခုလို ပြန်စရာနေရာမရှိ၊ အိမ်ငှားစရာ ငွေမရှိလို့ လမ်းဘေးက ရှိတဲ့နေရာမှာ ဖြစ်သလို ပြန်နေကြသူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ထပ်ပြီး ပြောင်းရွှေ့ဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာနေတာကိုလည်း တွေ့ရပါတယ်။

နောက်ထပ်သွားစရာနေရာ မရှိတဲ့အတွက် လောလောဆယ် လမ်းဘေးမှာ ခဏနေခွင့်ပြုဖို့ တောင်းပန် ထားရတယ်လို့ ကလေး ငါးယောက်မိခင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"ဥက္ကဋ္ဌကတော့ လာပြောတယ်။ ညတုန်းက ဒီလိုမျိုး နေပူတော့လည်း ကလေးတွေ သူငယ်တွေနဲ့ဆိုတော့ ဒီလိုမျိုး မိုးနေတာပေါ့။ အဲဒါတိုင်တယ်တဲ့။ ဒီမှာ ပြန်ကျုးနေတာပေါ့နော်။ ကျုးကိုဖျက်ပြီး ကျုးမှာ ပြန်ကျုးနေတယ်လို့ ပြောတယ်။ ကိုယ်တွေက မဟုတ်ပါဘူး။ သွားဖို့လာဖို့ အခက်အခဲ ဖြစ်တဲ့အတွက် မို့လို့ပေါ့နော်။ ကိုယ်နေနေကျ နေရာလေးမှာ ကိုယ့်ဘာသာကိုယ် ဒီလိုလေးပဲ တဲလေးထိုးပြီး ခဏ နေတာပါ။ တကယ်လို့ ကိုယ်ပြောင်းစရာ ရွှေ့စရာရှိရင်လည်း ကိုယ်ပြောင်းပေးမှာပါ"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က ရန်ကုန်မြို့မှာ အိမ်ထောင်စု တစ်သိန်းကျော်၊ လူဦးရေလေးသိန်းခွဲကို ယာယီနေထိုင်ခွင့် စမတ်ကတ် ထုတ်ပေးထားခဲ့ပါတယ်။

အဲဒီအထဲမှာ အခု အင်အားသုံးဖယ်ရှားခံခဲ့ရတဲ့ လှိုင်သာယာမြို့နယ်အတွင်းမှာ ယာယီနေထိုင်ခွင့် စမတ်ကတ် ရရှိထားတဲ့ အိမ်ထောင်စု သုံးသောင်းရှစ်ထောင်ကျော် ရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်ခဲ့တာကြောင့် လှိုင်သာယာ အပါအဝင် ရန်ကုန်တိုင်းက မြို့နယ်ခြောက်ခုကို စစ်ကောင်စီက မတ်လမှာ စစ်အုပ်ချုပ်ရေး ကြေညာ ခဲ့ပါတယ်။

အဲဒီအချိန်ကပင် လှိုင်သာယာမြို့နယ်ကို စစ်ဘက်ဆိုင်ရာက တိုက်ရိုက်စီမံအုပ်ချုပ်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။