ရော်ဘာခင်းတွေကြား မျှော်လင့်ချက်အတွက် ရုန်းကန်နေရသူများ
2024.11.26
အသက် ၁၇ နှစ်အရွယ် မတင်တင်ဝေဟာ ၁၃ နှစ်အရွယ်ကတည်းက ရော်ဘာစေးခြစ်တဲ့အလုပ်နဲ့ မိသားစု စားဝတ်နေရေးကို ကူညီနေတာ အခုဆို ဒီအလုပ်မှာ ကျွမ်းကျင်တဲ့သူတစ်ယောက် ဖြစ်နေပါပြီ။
သူတို့ဇာတိက ဧရာဝတီတိုင်း အိမ်မဲမြို့ပါ။ အဲဒီကနေ ပဲခူးဘက်က ရော်ဘာခြံတွေဘက်မှာ သွားရောက်လုပ်ကိုင် ခဲ့ပါတယ်။ ဒါပေမဲ့ အဆင်မပြေတာကြောင့် မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာတိုက်နယ်က ရော်ဘာစိုက်ခင်းတစ်ခုကို မိသားစုလိုက် ပြောင်းရွှေ့အခြေချနေတာ နှစ်နှစ်ကျော်ရှိနေပါပြီ။ သူတို့မိသားစုမှာ ခြောက်ယောက်ရှိပြီး ရော်ဘာစေးခြစ်တဲ့အလုပ်ကို သူ့အစ်ကိုနဲ့အတူ လုပ်ကိုင်ရတာပါ။
"ပင်ပင်ပန်းပန်း လုပ်တာပေါ့ ပိုက်ဆံရရင် ပြီးရောပေါ့"
ညပိုင်းနဲ့ နေမထွက်ခင် မနက်အစောပိုင်းမှာ ရော်ဘာစေးခြစ်ယူရင် အစေးပိုထွက်တဲ့အတွက် ညပိုင်းကစ အလုပ်လုပ်ကြရတယ်လို့ မတင်တင်ဝေကပြောပါတယ်။
''ညဆိုရင်တော့ ၁၁ နာရီခွဲသွားလှီးပြီး (မနက်) နှစ်နာရီခွဲလောက် ပြန်လာပါတယ်။ ပြန်လာပြီးအိပ်။ အိပ်ပြီး အစေးပြန်ရုပ်ပါတယ်။ ပြီးရင်တော့ အစေးစပ်ပါတယ်။ တအောင့်တနားနေပြီး အစေးပြားကို တန်းပေါ်လှန်းပါတယ်''
မတင်တင်ဝေတို့ မောင်နှမနှစ်ယောက်ဟာ ရော်ဘာအစေးခြစ်တာ၊ ခွက်ထဲက ရော်ဘာအစေးသိမ်းပြီး အစေးစပ်တာ၊ သံပုံစံခွက်ထဲမှာခဲပြီး အချပ်ဖြစ်အောင်လုပ်တာ၊ နေပူမှာ အခြောက်ခံတာစတဲ့ ရော်ဘာပြားတွေ ရလာတဲ့အထိ အဆင့်ဆင့်လုပ်ကိုင်ကြရပါတယ်။ အရည်အသွေးကောင်းမွန်ပြီး စျေးကောင်းရဖို့အတွက် အဆင့်တစ်ခုစီတိုင်းမှာ ဂရုတစိုက်ပြုလုပ်ကြရပါတယ်။
ဆက်နွှယ်သော သတင်းများ
ရန်ကုန်မြို့မှာ ငါးရှဥ့်ထောင်ပြီး ဝမ်းရေးဖြေရှင်းနေသူ
ခိုစာရောင်းရင်း ဘ၀ကို ရုန်းကန်နေရတဲ့ ဒေါ်ညို
စျေးချိုတော်က တွန်းလှည်းဆွဲသမား
ရော်ဘာစျေးကတော့ အရည်အသွေးပေါ် မူတည်ပြီး တစ်ပေါင်ကို ကျပ် ၂၂၀၀ ကနေ ၂၅၀၀ ဝန်းကျင်အထိရကြပါတယ်။ ရော်ဘာရောင်းရငွေရဲ့ တစ်ဝက်ကို ခြံအလုပ်သမားဘက်က ခံစားခွင့်ရတာကြောင့် လုပ်ကိုင်ရတာ အဆင်ပြေတယ်လို့ မတင်တင်ဝေရဲ့ အစ်ကို ကိုအောင်ကိုမင်းက ပြောပါတယ်။
''ကိုယ်ကလည်း ဒီအလုပ်လုပ်တာ အဖေတို့ကလည်း မလုပ်တတ်ဘူးလေ။ မောင်နှမနှစ်ယောက်ပဲ ခြစ်တတ်တဲ့အခါကျတော့ စားဖို့သောက်ဖို့က မကိုက်ဘူး။ မိသားစုကများတဲ့ အခါကျတော့လေ။ အဲဒါနဲ့ ဒီဘက် မွန်ပြည်နယ် ဘက်ကိုပြောင်းလာတာ။ ပြောင်းလာတော့ ဒီမှာက အစေးခြစ်ရတာ အဆင်ပြေတယ်လေ။ စားဖို့လည်း အဆင်ပြေတယ်။ နေဖို့ထိုင်ဖို့ မိသားစုအတွက်လည်း အဆင်ပြေတယ်။ ခြစ်ရတဲ့ အခါကျတော့ ဟိုမှာလို ၅၀၀၀ မဟုတ်ဘူး။ (ပိုင်ရှင်နဲ့) တစ်ယောက်တစ်ဝက် ထက်ဝက်စားပေါ့''
ခြံပိုင်ရှင်ဘက်ကလည်း မတင်တင်ဝေတို့ ကြိုးစားရင် ကြိုးစားသလောက် ဝင်ငွေပိုရနေတာကြောင့် နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်လို့ ရာဘာခြံပိုင်ရှင် ဦးစံမင်းအောင်ကပြောပါတယ်။
ဦးစံမင်းအောင် (ရော်ဘာခြံရှင်)
''အခုလက်ရှိရထားတဲ့ အလုပ်သမားတွေကတော့ မဆိုးပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က အလုပ်မှန်တယ်လို့ ပြောရမှာပေါ့။ ကျန်တဲ့ အလုပ်သမားတွေက နည်းနည်းပိုက်ဆံ ဖြစ်လာပြီဆိုရင် အလုပ်ပျက်ရက် များလာတယ်။ အခုအလုပ်သမားလေးတွေကတော့ တော်လောက်တယ်လို့ ပြောလို့ရပါတယ်''
မတင်တင်ဝေတို့ မောင်နှမ နှစ်ယောက်ဟာ သူတို့ လုပ်အားခငွေတွေကို မိဘတွေကိုအပ်ပြီး အိမ်အတွက် လိုအပ်တာတွေကိုတော့ အသက် ၅၂ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်စန်းဝေက စီမံခန့်ခွဲလေ့ရှိပါတယ်။
''သားနဲ့ သမီးနဲ့က အမေနဲ့ အဖေကို လုပ်ကျွေးတယ်လေ။ လုပ်ကျွေးတော့ သူတို့ပဲ အားကိုးရတယ်လေ။ ရသမျှ ပိုက်ဆံလည်း မိဘပဲကိုင်ရတယ်။ သူတို့ မကိုင်ရဘူးလေ။ ကိုယ်ပဲလိုချင်တာဆိုလည်း မအေနဲ့ ဖအေပဲ ဝယ်ပေးရတယ်။ နောက်ပြီးတော့ သူတို့အတွက်လည်း ကိုယ်ကဘာမဆို လိုလေသေးမရှိ လုပ်ပေးတယ်ကွယ်။ အမျိုးမျိုး၊ ဒီသားနဲ့ သမီးနဲ့ပဲ အားကိုးဖို့ရှိတယ်လေ အဲဒီလိုမျိုး သူတို့လုပ်ကျွေးမှ ကိုယ်လည်း စားနိုင်တယ်လေ''
အခုလို ရာသီချိန်မှာ နေ့စဥ် ရော်ဘာစေးခြစ်ပြီး ရော်ဘာပြားထုတ်လုပ်တာကို မောင်နှမ နှစ်ယောက် ကြိုးစားလုပ်ကိုင်ရင်း တစ်ချိန်က ဝမ်းရေးအတွက် ပေါင်နှံထားခဲ့ရတဲ့ မိဘဘိုးဘွားပိုင် လယ်မြေတွေကို ပြန်ရွေးနိုင်ဖို့ မတင်တင်ဝေတစ်ယောက် မျှော်လင့်နေပါတယ်။
''ပိုက်ဆံရရင် လယ် ရွေးမယ်။ ပင်ပင်ပန်းပန်း လုပ်တာပေါ့ ပိုက်ဆံရရင် ပြီးရောပေါ့။ အစေးလည်း ရအောင်ခြစ်တယ်။ နောက်ပြီးတော့ မိဘတွေ ဘာလုပ်လုပ် ဝိုင်းကူလုပ်ပေးတယ်။ ဒီပိုက်ဆံရလို့ လယ်ရွေးရင် ကိုယ်တွေ သူများဆီမှာ အောက်မကျတော့ဘူးပေါ့''