ရှမ်းပြည် လက်နက်ကိုင်အဖွဲ့တွေကြားက အပြစ်မဲ့ ဓားစာခံများ

2022.06.23
Share on WhatsApp
Share on WhatsApp
ရှမ်းပြည် လက်နက်ကိုင်အဖွဲ့တွေကြားက အပြစ်မဲ့ ဓားစာခံများ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းခံရသည့် မိုင်းချစ်မောင်လေးရဲ့ မိဘတွေကို တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်လီနဲ့ မန်ဆာရွာမှာ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း SSPP၊ TNLA ပူးပေါင်းတပ်တွေနဲ့ RCSS တို့အကြား တိုက်ပွဲတွေအတွင်း အဖမ်းခံထားရတဲ့ ဒေသခံအရပ်သားတချို့ အခုချိန်ထိ အိမ်ပြန်မလာနိုင်သေးဘဲ ပျောက်ဆုံးနေပါတယ်။

ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့ကမှ တရားဝင် အသိပေး အကြောင်းကြားတာမျိုး မရှိတာကြောင့် မိသားစုဝင်တချို့က သေဆုံးသွားပြီဆိုပြီး ဘာသာရေးအရ သပိတ်သွတ် ဆွမ်းကပ်တာမျိုး လုပ်သလို တချို့ကတော့ တစ်နေ့မှာ အသက်ရှင်လျက် ပြန်လာနိုးနဲ့ မျှော်လင့်စောင့်စားနေပါတယ်။

"သတင်းလည်းမကြားဘူး။ တွေ့ချင်တယ်၊ သတိရတယ်။ သားက နံပါတ် ၂။ သူ့အစ်မ တစ်ယောက်လည်း ဆုံးသွားပြီ။ သားလည်း တစ်ယောက်ပဲရှိတယ်။ လုပ်ကျွေးမယ့်သူ လည်း မရှိဘူး။ အဘိုးနဲ့ အဘွားလည်း အိုလာပြီ။ စိတ်ကလည်း ခဏခဏ ငိုချင်တယ် လေ"

မျက်ရည်ကြားကနေ အားတင်းပြုံးရင်း အသက် ၆၀ ကျော်အရွယ် ဒေါ်အေးကော် တစ်ယောက် ပျောက်ဆုံးနေတဲ့ သားဖြစ်သူအကြောင်း ပြောပြနေတာပါ။ နမ္မတူမြို့နယ် မန်ဆာရွာက ဒေါ်အေးကော်ရဲ့သား မိုင်းချစ်မောင်လေးဟာ ပြီးခဲ့တဲ့ ၂၀၂၁ မတ်လ ၂၈ ရက်နေ့မှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

အသက် ၃၂ နှစ်အရွယ် မိုင်းချစ်မောင်လေးဟာ ရွာရဲ့ ပရဟိတဘော်ဒါဆောင်နဲ့ နမ္မတူမြို့နယ် တအာင်း ပလောင် အမျိုးသားပါတီရုံးမှာ ကူညီလုပ်ကိုင်ပေးနေသူဖြစ်ပြီး မတ်လ ၂၈ ရက် ည ၇ နာရီလောက်မှာ RCSS တပ်ဖွဲ့ဝင်တွေက နေအိမ်ရှေ့မှာတင် လာရောက်ဖမ်းဆီးသွားတာလို့ ဖခင်ဖြစ်သူ ဦးစံမွန်က ပြောပါတယ်။

ညနေခင်း ဘုရာရှိခိုးနေချိန် အိမ်ရှေ့ဈေးဆိုင်ကနေ သားဖြစ်သူရဲ့ အဖေလို့ အော်ခေါ်သံ လေးကိုသာ နောက်ဆုံးကြားခဲ့ရတယ်လို့ ဦးစံမွန်က ပြန်ပြောပြပါတယ်။

"ကားက ဟိုဘက်မှာရပ်တာ၊ ပြီးတော့ ကားကပြန်အလှည့် သားက ခြံထဲဝင်လာတာ။ အိမ်ထဲမရောက်သေးဘူး။ အိမ်အပြင်မှာတင် လာဖမ်းသွားတာ။ သားက တစ်လုံးပဲ ခေါ်လိုက်နိုင်တယ်၊ အဖေတဲ့၊ တစ်လုံးပဲခေါ်တယ်၊ သူ့ဖမ်းသွားတာ။ ဆိုင်ရှေ့မှာဆို ကျနော်စဉ်းစားတာ သူများ အမျိုးမျိုး လာဝယ်တယ်လေ။ ဒါကြောင့် သူပြန်ထွက်သွား တယ်။ အကြောင်းက မဟုတ်တော့ဘူး။ သူ့ကိုဖမ်းသွားတယ်လေ။ ကျနော်တောင် မသိလိုက်ဘူး"

မိုင်းချစ်မောင်လေး အဖမ်းခံလိုက်ရတဲ့အတွက် ကျန်ရစ်ခဲ့တဲ့ ယောက္ခမ မိဘအိုနှစ်ဦးနဲ့ သားသမီး သုံးဦးကို ဇနီးဖြစ်သူ မအေးဆုပ် တစ်ယောက်တည်းကပဲ လုပ်ကိုင်ကျွေးမွေး နေရပါတယ်။ တစ်နှစ်ကျော်ကြာ အဖမ်းခံထားရတဲ့ ခင်ပွန်းဖြစ်သူရဲ့ သတင်းကို သိရဖို့ RCSS တပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဘာမှအကြောင်းမပြန်ခဲ့ဘူးလို့ ဇနီးဖြစ်သူ မအေးဆုပ်က ပြောပါတယ်။

နေ့စားတောင်ယာအလုပ်က တစ်ဖက်၊ မိသားစုကိစ္စတစ်ဖက်နဲ့ ရုန်းကန်နေရတာကြောင့် သူ့ခင်ပွန်း အခုချိန်ထိ အသက်ရှင်နေသေးတယ်ဆိုရင် ပြန်လွှတ်ပေးစေချင်တယ်လို့ မအေးဆုပ်က ပြောပါတယ်။

"အလုပ်အကိုင်လည်း ခက်ခဲတယ်။ စိတ်ထဲမှာလည်း ကိုယ့်သားသမီးတွေ လုပ်ကျွေးတဲ့ သူလည်း မရှိဘူးပေါ့။ အဖေ၊ အမေလည်း အသက်ကြီးနေတာ။ မလုပ်နိုင်တော့ဘူး၊ မလုပ်ဖြစ်တော့ဘူး။ ကျမတို့ စဉ်းစားတာက သူအသက်ရှိသေးတယ်၊ အဲလိုပဲ စဉ်းစားတာ။ ကျမတို့ တောင်းဆိုချင်တာက သူ့ကို ပြန်လွှတ်ပေးတဲ့ အကူအညီတောင်းချင်လို့"

မိုင်းချစ်မောင်လေး ဖမ်းဆီးခံရတဲ့ညမှာပဲ တစ်ရွာတည်းနေ အသက် ၄၈ နှစ်အရွယ် ဦးအိုက်ငင်း ဆိုသူကိုပါ RCSS တပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တယ် လို့ ဦးအိုက်ငင်းရဲ့ ဇနီးဖြစ်သူနဲ့ ဒေသခံ မန်ဆာရွာသားတွေက ပြောပါတယ်။

eikngin-family.jpg
RCSS တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခြင်းခံရသည့် နမ္မတူမြို့နယ် မန်ဆာရွာ ဦးအိုက်ငင်း ဇနီးနှင့် ကလေးငယ်ကို တွေ့ရစဉ် (Photo: RFA)

ဦးအိုက်ငင်းဟာ အရင်က TNLA တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပေမယ့် အခုချိန်မှာ တော့ သာမန်အရပ်သား တစ်ယောက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦး အဖမ်းမခံရခင် တစ်ပတ်လောက်ကတည်းက ကျေးရွာအနီးမှာ RCSS စစ်သားတွေ သွားလာလှုပ်ရှားနေပြီး အိမ်ရှေ့ထိ လာရောက်ဖမ်းဆီးသူတွေထဲမှာလည်း RCSS တပ်ဖွဲ့ဝင်တွေ ပါဝင်တာကို တွေ့ရတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေက ပြောကြပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးငါးယောက်ရှိတဲ့ ဦးအိုက်ငင်း အဖမ်းခံထားရတဲ့အတွက် သူ့ဇနီးနဲ့ ကလေးတွေဟာ နေ့စဉ်ဘ၀ ရှင်သန်ရေးအတွက်တောင် ခက်ခက်ခဲခဲ ရုန်းကန် နေရတယ်လို့ မန်ဆာကျေးရွာ အုပ်ချုပ်ရေးမှူး အစိုင်းက ပြောပါတယ်။

"သူတို့က ငွေမဲ့တဲ့ အိမ်ရှင်တစ်ယောက်ဆိုတော့ ငွေရေးကြေးရေး တအားခက်ခဲတာကိုး။ သားသမီးက ငါးယောက် ရှိတာဆိုတော့ ဒီမှာမြင်တဲ့အတိုင်းပဲ ကလေးတစ်ယောက်ဆို လေးလကျော်လောက်ပဲ ရှိသေးတာ။ သူတို့မှာ တောင်ယာအတွက် ထယ်ထွန်ပေးမယ့်သူ လည်း မရှိဘူး။ အမျိုးသမီးတွေပဲ အကုန်လုံး။ ယောက်ျားလေးက ငယ်ငယ်လေးပဲ နှစ်ယောက်စလုံး။ သူတို့ကို အလုပ်ထောက်ကူပေးမယ့်သူလည်း မရှိဘူးပေါ့ဗျာ"

နမ္မတူမြို့နယ်ထဲက ပန်လုံ၊ မန်ဆာ၊ မန်လီ၊ မန်ကျန်း ကျေးရွာတွေမှာ ၂၀၂၁ ဇန်နဝါရီ လဆန်းကနေ မေလအထိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA) ပူးပေါင်းတပ်တွေနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား ငါးလကြာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

ဧပြီလထဲမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတာကြောင့် ပန်လုံ၊ မန်ကျန်း၊ မန်လီ၊ မန်ဆာ စတဲ့ ကျေးရွာတွေက ဒေသခံအရပ်သား ထောင်နဲ့ချီပြီး နီးစပ်ရာကျေးရွာတွေမှာ နှစ်လနီးပါးကြာ ထွက်ပြေး ခိုလှုံခဲ့ရပါတယ်။ မိုင်းချစ်မောင်လေးရဲ့ နေအိမ်အပါအဝင် မန်ဆာ၊ ပန်လုံ၊ မန်လီ၊ မန်ကျန်းကျေးရွာတွေက နေအိမ် ၁၃၀ ဝန်းကျင်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေကို သတင်းပေးတယ်လို့ စွပ်စွဲခံရတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရွာသားတွေလည်း နှစ်ဖက်တပ်တွေရဲ့ အပြန်အလှန်ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

သူတို့နှစ်ဦး ဖမ်းဆီးခံရပြီးနောက်မှာ RCSS နဲ့ TNLA တို့က ရေအိုးရွာသား သုံးယောက်နဲ့ နားခိုလျန် ရွာသား သုံးယောက်ကို အပြန်အလှန်ဖမ်းဆီးခဲ့ပေမယ့် လအနည်းငယ်အကြာမှာ ပြန်လွှတ်ပေးခဲ့ကြပါတယ်။

အခုချိန်ထိ အိမ်ပြန်မလာနိုင်သေးတာကတော့ RCSS ဖမ်းသွားတဲ့ မိုင်းချစ်မောင်လေးနဲ့ ဦးအိုက်ငင်းတို့ပဲ ဖြစ်ပါတယ်။ အခု တစ်နှစ်ကျော်ကြာတဲ့အထိ သတင်းအစအန ပျောက်ဆုံး နေတာကြောင့် သူတို့နှစ်ဦး အသက်ရှင်သန်ရေးအတွက် မိသားစုဝင်တွေက စိုးရိမ်နေတာပါ။

သူတို့နှစ်ဦးအပြင် နမ္မတူမြို့နယ်၊ မန်လီရွာသား ၁၂ ဦးလည်း ၂၀၁၉ နှစ်ဆန်းပိုင်းမှာ RCSS တပ်ဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့အထဲက ရှစ်ဦး ပြန်လွတ်လာပေမယ့် မိုင်းအိုက်မောင်၊ ဦးခမ်းစော၊ ကိုဖိုးဝနဲ့ အခြားသူတစ်ဦးတို့လည်း အခု သုံးနှစ်ကြာတဲ့အထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

"သူများလိုမျိုး မိသားစု ပြည့်ပြည့်စုံစုံ မနေရဘူးလို့ ခံစားရတယ်။ ကျောင်းက သမီးက မနေတော့ဘူး။ ဒီနှစ် ထွက်လိုက်တယ်။ အမေ့ကို အလုပ်ကူတဲ့သူ မရှိလို့"

မိုင်းအိုက်မောင်ရဲ့သမီးဖြစ်သူ မအိအိမောင်ဟာ ဖခင်ပျောက်ဆုံးသွားတဲ့အတွက် ခုနစ်တန်း နဲ့ ကျောင်းထွက်ပြီး တစ်ယောက်တည်း ရုန်းကန်နေရတဲ့ မိခင်ကို ကူညီနေရပါတယ်။ ဖခင် ပျောက်ဆုံးသွားတာ သုံးနှစ်ရှိပြီ ဖြစ်ပေမယ့် အိမ်ပြန်လာဦးမလားဆိုပြီး မအိအိမောင် မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

"ပျောက်သွားတာ အဖေတစ်ယောက်တည်းတော့ မဟုတ်ဘူး။ သမီးသိတာ ဘေးအိမ်က ဦးလေးလည်း ပါသွားတယ်။ ပြန်မလာတာက လေးယောက်ပဲ၊ အဲဒီအထဲ သမီးအဖေ ပါသွားတယ်။ ဟိုဘက်အိမ်က ဦးလေးပါသွားတယ်။ သူများအိမ်မှာနေတဲ့ ဦးလေးတွေ ပါသွားတယ်။ သမီး အဲလောက်ပဲသိတာ။ အခုက သူများလိုမျိုး မိသားစု ပြည့်ပြည့်စုံစုံ မနေရဘူးလို့ ခံစားရတယ်။ ကျောင်းက သမီးက မနေတော့ဘူး။ ဒီနှစ် ထွက်လိုက်တယ်။ အမေ့ကို အလုပ်ကူတဲ့သူ မရှိလို့။ အခု အမေက တောင်ယာသွားတယ်"

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး RCSS ပြောခွင့်ရသူ ဗိုလ်မှူး ခမ်းစံကို RFA က အွန်လိုင်းက တစ်ဆင့် မေးမြန်းရာမှာ လတ်တလော မဖြေကြားနိုင်သေးကြောင်း ဇွန်လ ၂၁ ရက်နေ့က အကြောင်းပြန်လာပါတယ်။

RCSS တပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို ထုတ်ပြန်လေ့ရှိတဲ့ Tai Freedom ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ အခုနှစ် ဧပြီလ ၂၈ ရက် ထုတ်ပြန်ချက်မှာတော့ RCSS ဖမ်းဆီးထားသူ ၁၅ ဦးကို ၂၀၂၂ ခုနှစ် မတ်လနဲ့ ဧပြီလတွေအတွင်း ပြန်လွှတ်ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ထပ်လွှတ်ပေးမယ့်သူတွေ ရှိသေးတယ်လို့ RCSS တာဝန်ရှိသူတွေက RFA ကို အကြမ်းဖျင်း ပြောဆိုထားပေမယ့် သူတို့ ဘယ်သူတွေဆိုတာကို အတိအကျ ထုတ်မပြောပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း TNLA၊ SSPP ပူးပေါင်းတပ်တွေနဲ့ RCSS တပ်ဖွဲ့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးတဲ့နောက် RCSS တပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရသူ ကျေးရွာသား အနည်းဆုံးအယောက် ၅၀ လောက် ရှိခဲ့ပြီး အများစုဟာ နမ္မတူမြို့နယ်က ဖြစ်တယ်လို့ နမ္မတူမြို့နယ် တအာင်း ပလောင်ပါတီ တာဝန်ရှိသူတွေနဲ့ တအာင်းအရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။