အိန္ဒိယဘက်ထွက်ပြေးလာရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်များ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.11.20
အိန္ဒိယဘက်ထွက်ပြေးလာရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်များ ချင်းပြည်နယ်မှ တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံနေရသည့် မြန်မာစစ်ဘေးဒုက္ခသည် ကလေးငယ်တချို့အား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလလယ်ပိုင်းက တွေ့ရစဉ်။
ANI

ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ ချင်းဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပြီးခဲ့တဲ့တစ်ပတ်အတွင်း တိုက်ပွဲတွေ အတော်လေး ပြင်းထန်ခဲ့တာကြောင့် ဒေသခံတွေဟာ နယ်စပ်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခဲ့ရပါတယ်။

အဲဒီထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို မီဇိုရမ်ပြည်နယ်အစိုးရက ကျောင်းတစ်ကျောင်းမှာ ဒုက္ခသည်စခန်းဆောက်လုပ်ပြီး ခိုလှုံခွင့်ပေးထားတာပါ။

အသက်လုထွက်ပြေးလာတဲ့ ဒုက္ခသည်ချင်းအမျိုးသမီးတစ်ဦးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သူတို့ရွာထဲဝင်ပြီး လူတွေကို မွှေနှောက်ဖမ်းဆီးနေတယ်လို့ ပြန်ပြောပြပါတယ်။

"ကျွန်မတို့ မြန်မာပြည်မှာနေရတာ တော်တော်ခက်ခဲတယ်။ မြန်မာစစ်တပ်သားတွေ ကျွန်မတို့ ရွာတွေထဲဝင် တစ်အိမ်တက်ဆင်း တံခါးလိုက်ခေါက် အိမ်အပြင်ဆွဲထုတ် စစ်ဆေးတာ၊ ကျွန်မတို့ တချို့ရွာသားတွေကလည်း ကြောက်ပြီး အိမ်ထဲမှာ ပုန်းနေတာလည်းရှိတာပေါ့၊ အဲဒီလိုသာပုန်းနေရင် အိမ်တံခါးတွေကို ကန်ကြောက်ဖျက်ဆီးပြီးတော့ကို အိမ်ထဲထိဝင်ဆွဲတယ်။ တော်တော်ကြောက်စရာကောင်းတဲ့အချိန်တွေပါပဲရှင် ..."

ချင်းပြည်နယ်ထဲမှာ လှုပ်ရှားနေတဲ့ ချင်းအမျိုးသားတပ်ဦး (CNF)၊ ထန်တလန် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေပေါင်းပြီး အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ချင်းပြည်နယ် ရိဒ်ခေါ်ဒါရ်မြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတွေ ၊ MI 35 တွေသုံးပြီး လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေဟာ ကြောက်လန့်ပြီး တစ်ဖက်အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ရတာပါ။

သူတို့ကြုံတွေခဲ့ရတဲ့ အခြေအနေတွေကို အသက် ၂၂ နှစ်အရွယ် စစ်ဘေးဒုက္ခသည်လူငယ်တစ်ဦး ပြောပြတာက ....

"ဗုံးဖောက်ခွဲသံတွေချည်း ကြားနေရတော့ ကျွန်တော်တို့လည်း ကြောက်တာပေါ့၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေငါးနာရီလောက်ကဆို ဗုံးသံကြီးကို အကျယ်ကြီးပဲကြားတယ်။ ဒရုန်းနဲ့လာပြီး စစ်ကောင်စီတပ်စခန်းကို ကြဲချသွားတာဗျာ့၊ ကျွန်တော်တို့လည်း ကြောက်ကြောက်လန့်လန့်နဲ့ပဲ ပြေးလာရတယ်။ ဒီဘက်ကမ်းရောက်ဖို့ ကျွန်တော်တို့အားလုံး မြစ်ကိုဖြတ်လာရတာဗျာ့"

တိုက်ပွဲများကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသည့် မြန်မာစစ်ဘေးဒုက္ခသည်များအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Reuters)
တိုက်ပွဲများကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသည့် မြန်မာစစ်ဘေးဒုက္ခသည်များအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Reuters)

မီဇိုရမ်ဘက် ထွက်ပြေးလာတဲ့ နောက်ထပ်စစ်ဘေးဒုက္ခသည်တစ်ဦးကလည်း အခုလိုပြောပါတယ်။

"သေသွားရတဲ့သူတွေ အများကြီးပါပဲရှင်၊ မသေဘဲကျန်တဲ့သူတွေမှာကြတော့လည်း အလုပ်မရှိ အကိုင်မရှိ၊ ဝင်ငွေလည်းမရှိတော့ ဘယ်လိုမှဆက်နေလို့မဖြစ်တော့ဘဲ ဒီအိန္ဒိယဘက်ပြေးလာရတာ"

ချင်းပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် ဒေသခံငါးထောင်ကျော် တစ်ဖက်အိန္ဒိယနိုင်ငံထဲ ထွက်ပြေးခဲ့ရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဒါပေမဲ့ လက်ရှိအဲဒီဘက်မှာ အခြေအနေ နည်းနည်းတည်ငြိမ်နေပြီမို့ အိမ်ပြန်သွားတဲ့သူတချို့လည်းရှိတယ်လို့ မီဇိုရမ်ပြည်နယ် ရဲအရာရှိတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ မီဇိုရမ်ရဲတပ်ဖွဲ့က အင်အားတွေတိုးချပြီး အာသံရိုင်ဖယ်အဖွဲ့နဲ့ နယ်စပ်မှာ လှုပ်ရှားနေပါတယ်။ ဒီဘက်ထွက်ပြေးလာတဲ့သူတွေကို အာသံရိုင်ဖယ်အဖွဲ့က ကယ်နေပါတယ်။ ဒဏ်ရာရထားတဲ့သူတွေကိုလည်း ဒေသဆိုင်ရာ ဆေးရုံတွေပို့ပေးခဲ့ပါတယ်။ မြန်မာပြည်ထဲမှာ အခြေအနေ ဆိုးနေသေးတယ်ဆိုပေမဲ့ ဒီနယ်စပ်ဘက်အခြေအနေတော့ ငြိမ်နေပြီလို့ ပြောရမယ်။ အခုထိဘာသံမှမကြားရဘူး။ ဒီဘက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တချို့လည်းပြန်သွားကြပြီ။ ဒါပေမဲ့ ဒီမှာကျန်တဲ့ ဒုက္ခသည်တွေကတော့ သူတို့ရွာတွေမှာ စစ်သားတွေရှိနေမှာ စိုးရိမ်လို့ မပြန်ဘဲကျန်နေတာပါ"

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးဒုက္ခသည်များ ခိုလှုံနေထိုင်ရာ နေရာတစ်ခုအား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလက မြင်တွေ့ရစဉ်။ (Photo: ANI)
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးဒုက္ခသည်များ ခိုလှုံနေထိုင်ရာ နေရာတစ်ခုအား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလက မြင်တွေ့ရစဉ်။ (Photo: ANI)

အိန္ဒိယ-မြန်မာနယ်စပ်က တိုက်ပွဲမှာ ချင်းဒေသခံလက်နက်ကိုင်တွေဘက်က အသာစီးရပြီး ရိဒ်ခေါ်ဒါရ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံလက်နက်ကိုင်တွေဘက်က ပြောထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၅ ဦးဟာ လက်နက်ချအညံ့ခံပြီး အိန္ဒိယနိုင်ငံထဲထွက်ပြေးခဲ့ကြပါတယ်။ အဲဒီ စစ်ကောင်စီတပ်သား ၇၅ ယောက်ကို မြန်မာအာဏာပိုင်တွေဘက် ပြန်လွှဲပေးလိုက်ပြီလို့ မီဇိုရမ်ပြည်နယ် ရဲအရာရှိက ပြောပါတယ်။

မီဇိုရမ်က ဒုက္ခသည်စခန်းမှာရောက်နေတဲ့ အသက် ၅၄ နှစ်အရွယ် ဒုက္ခသည်အမျိုးသမီးတစ်ဦးကတော့ အိမ်ပြန်ရမဲ့နေ့ကို စောင့်နေတယ်လို့ ဆိုပါတယ်။

"ကျွန်မရဲ့အိမ်တစ်အိမ်လုံး မီးလောင်ဆုံးရှုံးလိုက်ရတယ်။ ဘာမှကိုမကျန်တော့ဘူး... အိမ်တော့ပြန်ချင်တာပေါ့၊ ကိုယ့်အိမ်ကိုယ် အသစ်လေး ပြန်ဆောက်ချင်တယ်။ အခု ဒီမှာအေးချမ်းတယ်ဆိုတော့ ဒီမှာပဲနေဦးမယ်။ ဘယ်အချိန်ပြန်ရမလဲ မသိပါဘူး။ ကျွန်မတို့ အိမ်ပြန်ရဖို့ ဘုရားကလမ်းဖွင့်ပေးမဲ့အချိန်ကို စောင့်ရမှာပဲ... "

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။