အင်းလေးဒေသရေကြီးမှု တစ်လကျော်ကြာလာပြီး အကူအညီလိုအပ်နေ

RFA Burmese
2024.10.11
အင်းလေးဒေသရေကြီးမှု တစ်လကျော်ကြာလာပြီး အကူအညီလိုအပ်နေ အင်းလေးကန်ထဲမှ နေအိမ်များ ရေနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်က အင်းလေးမှာ တစ်လကျော်လာတဲ့ ဒီနေ့အထိ နေအိမ်တွေ ရေနစ်မြုပ်နေဆဲဖြစ်ပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး ကျေးရွာပေါင်း ၄၄၆ ရွာရှိတဲ့အထဲက အင်းလေးရေပြင်နဲ့ထိစပ်နေတဲ့ ရွာပေါင်း ၁၇၁ ရွာမှာ ၁၅ ပေကျော်အထိ ရေနစ်မြုပ်ခဲ့တာပါ။

"အခုချိန်က မီးမလာတော့ဘူးလေ၊ တချို့နေရာတွေဆို ဓာတ်ကြိုးတွေတောင်မှ ရေအောက်ရောက်တယ်"

လက်ရှိအထိ ရေက ဆယ်ပေအထက်မှာပဲ ရှိနေသေးတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု၊ စာနပ်ရိက္ခာနဲ့ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲတွေဖြစ်နေတယ်လို့ အင်းလေးဒေသခံတွေက ပြောပါတယ်။

ရေကြီးချိန် ပစ္စည်းအားလုံးရွှေ့ချိန်မရဘဲ ဆုံးရှုံးကုန်တာကြောင့် အလှူရှင်တွေအပေါ် မှီခိုနေရတယ်လို့ အင်းလေးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အလှူရှင်တွေမလာဘူးဆိုရင် စားစရာလည်း မရှိဘူး၊ နေစရာလည်း မရှိဘူးပေါ့။ မီးလည်းထွန်းစရာမရှိဘူး၊ ဒုက္ခရောက်နေတယ်၊ အိမ်ထဲတောင်ဝင်မရဘူး၊ ခေါင်မိုးပဲကျန်တယ်။ ဒုက္ခတွေရောက်လို့ သူများအိမ်မှာ နေရတယ်လေ၊ မိသားစုတွေပါ ဒုက္ခရောက်နေတယ် မောင်နှမတွေရော၊ ပိုက်ဆံမရှိလို့ တစ်ထပ်အိမ်လေး ဆောက်ထားတာ အကုန်မြုပ်သွားတယ်"

ဆိုင်တွေအားလုံးပါ ရေနစ်မြုပ်နေတာကြောင့် ငွေရှိရင်တောင် ဝယ်လို့မရဘဲ အလှူရှင်တွေလာလှူတဲ့ စားသောက်စရာတွေကိုပဲ မှီခိုနေရတယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သော သတင်းများ

တိုင်းနဲ့ပြည်နယ် သုံးခုက ဒေသခံနှစ်သောင်းကျော် ရေဘေးဒုက္ခထပ်ကြုံနေရ

လွိုင်ကော်မြို့ပေါ် ရပ်ကွက်အချို့ ရေကြီးနစ်မြုပ်မှု ဆက်ဖြစ်နေ

ရေဘေးသင့်ပြည်သူ တစ်သိန်းနီးပါး အကူအညီ ကန့်သတ်ခံနေရ


လျှပ်စစ်မီးကြိုးတွေပါ ရေမြုပ်နေတာကြောင့် ရေစကြီးတဲ့နေ့ကတည်းက မီးရော၊ ရေရော မရတော့ဘူးလို့ စက်လှေမောင်းတဲ့ အင်းလေးဒေသခံ ဦးညီက RFA ကို ပြောပါတယ်။

"အခုချိန်က မီးမလာတော့ဘူးလေ၊ တချို့နေရာတွေဆို ဓာတ်ကြိုးတွေတောင်မှ ရေအောက်ရောက်တယ်။ အလှူရှင်တွေမလာရင်တော့ အဆင်ပြေစရာမရှိပါဘူး"

အင်းလေးရေဘေးကို ကူညီနေတဲ့အဖွဲ့တွေကတော့ အခုချိန်အထိ အင်းလေးကန်ထဲက ရေတွေကျသွားအောင် လုပ်ဆောင်ပေးနိုင်တဲ့နည်းလမ်း ရှာမတွေ့သေးဘူးလို့လည်း ဆိုပါတယ်။

အင်လေးဒေသခံ စိုက်ခင်းပိုင်ရှင် ဦးကျော်စွာမော်ကလည်း အင်းလေးကန်ထဲမှာ အခုလို ရေနစ်မြုပ်မှုဟာ စံချိန်တင် အဆိုးရွာဆုံးဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"တစ်ခါမှ မကြုံဘူးဘူး၊ စပါးပင်တွေလည်း ရေထဲမြုပ်ကုန်ပြီ၊ လယ်ယာပဲ စိုက်တာပေါ့၊ အခုလို ရေတွေမြုပ်ကုန်တော့ ဘာမှလုပ်လို့ မရတော့ဘူး၊ အလှူရှင်တွေရှိလို့ ထမင်းစားနေရတာပါ၊ ဒါကြောင့် အလှူရှင်လာမှရမှာ၊ အလှူရှင်ပဲ အားကိုးနေရတဲ့ဘဝကို ရောက်နေရပြီ"

ရှမ်းမြောက်နဲ့ ကယား (ကရင်နီ) ပြည်နယ်က စစ်ရှောင်လာတဲ့သူအချို့ ရေကြီးနစ်မြုပ်ချိန်မှာ သေဆုံးခဲ့ပြီး ရုပ်အလောင်း ကိုးလောင်း ပြန်လည်တွေ့ခဲ့တယ်လို့လည်း အင်းလေးရေဘေး ကူညီသူတွေက ပြောပါတယ်။

ရက်ကန်းစင်တွေပါ ရေနစ်မြုပ်ကုန်တာကြောင့် ရိုးရွာအမွေအနှစ်တွေပါ ပျက်စီးကုန်ပြီလို့ အင်းပေါခုံရွာခံ ရက်ကန်းစင်ပိုင်ရှင် မရီမွန်က RFA ကို ပြောပါတယ်။

"ကျွန်မတို့ရဲ့ ဘိုးဘွား၊ မိဘ၊ ကျွန်မတို့ တစ်သက် ဒီလို ရေကြီးမှုမျိုးတစ်ခါမှ မကြုံဘူးဘူး၊ ဒီရက်ကန်းစင်ဆိုလို့ရှိရင် ကျွန်မရဲ့ မေးစေ့အထိ ရောက်တယ်ပေါ့နော်၊ လုံးဝ နစ်မြုပ်သွားတယ်။ တစ်ရွာလုံးရဲ့ ရက်ကန်းစင်တွေကလည်း ဒီအတိုင်းပဲ၊ တချို့ဆို အိမ်အပေါ်ထပ်အထိ တစ်အိမ်လုံးကို မြုပ်သွားတာ၊ ဒါက ကျွန်မတို့ရဲ့ ရိုးရာအမွေအနှစ်တွေ ရေထဲပါသွားသလိုပဲ အကုန်လုံးဆုံးရှုံးသွားတယ်၊ ဒါကြောင့် အရမ်းဝမ်းနည်းတယ်၊ အရမ်းကို နှမြောတယ်ပေါ့နော်"

အိမ်ခြေသုံးရာခန့်ရှိတဲ့ အင်းပေါခုံရွာက ရက်ကန်းစင်အားလုံး ရေအောက်ရောက်သွားသလို ဆည်ခေါင်းက ပန်းပဲဖိုအားလုံးလည်း ရေအောက်ရောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းလေးကန်ထဲမှ နေအိမ်များ ရေနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ နေ့က တွေ့ရစဉ်။ (RFA Photo)
အင်းလေးကန်ထဲမှ နေအိမ်များ ရေနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ နေ့က တွေ့ရစဉ်။ (RFA Photo)

နှစ်ထပ်အိမ်ရှိသူတွေက အပေါ်ထပ်မှာ နေလို့ရပေမဲ့ လုံးဝမြုပ်သွားတဲ့ တစ်ထပ်အိမ်မှာ နေထိုင်သူတွေကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာပဲ ဆက်နေကြရတယ်လို့ ရွာကြီးရွာ ရာအိမ်မှူး ဦးသာဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ရေမြုပ်လို့ လုံးဝနေဖို့ အခြေအနေမကောင်းလို့ ကျောင်းကိုပဲ လာနေရတာပါဗျ၊ ကျောင်းမှာနေဖို့၊ ထိုင်ဖို့၊ စားဖို့သောက်ဖို့ ဒီမှာအကုန်လုံး အဆင်ပြေအောင် လုပ်ပေးရတာဗျ"

စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကတော့ ရှမ်းပြည်နယ်ထဲက ရေဘေးသင့်သူတွေကို ကူညီထောက်ပံ့ရေး လုပ်ပေးမယ်လို့ RFA ကို စက်တင်ဘာလ ၁၆ ရက်နေ့က ပြောထားပါတယ်။

ဒါပေမဲ့ ရေဘေးကူညီနေတဲ့ ညောင်ရွှေဒေသခံတွေကတော့ အင်းလေးကန် ရေဘေးသင့်သူတွေအတွက် အနယ်နယ်အရပ်ရပ်က လာလှူသူတွေကို စစ်ကောင်စီဘက်က ကူညီပံ့ပိုးမှုမပေးတဲ့အပြင် ဟန့်တားတာနဲ့ ကန့်သတ်တာတွေ လုပ်နေတယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။