မြေမြှုပ်မိုင်းကြောင့် အသက် ၆၀ နီးမှ ဒုက္ခိတဖြစ်ရတဲ့ ကချင်အဘိုးအို

2022.08.11
Share on WhatsApp
Share on WhatsApp
မြေမြှုပ်မိုင်းကြောင့် အသက် ၆၀ နီးမှ ဒုက္ခိတဖြစ်ရတဲ့ ကချင်အဘိုးအို မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်သည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရောတ်ဂျတ်ရွာက ဦးလဖိုင်ဇော်တောင်ကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၅ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရောတ်ဂျတ်ရွာက အသက် ၅၈ နှစ်အရွယ် ဦးလဖိုင် ဇော်တောင်ဟာ ၂၀၁၁ ခုနှစ်က စခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေ တို့အကြား တိုက်ပွဲတွေကြောင့် ဇာတိရွာကို စွန့်ခွာပြီး ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးက ဒုက္ခသည်စခန်းတစ်ခုမှာ ခိုလှုံနေတာ ၁၁ နှစ် ကျော်ပါပြီ။

ဒါပေမဲ့ ဒုက္ခသည်စခန်းမှာလည်း မိသားစုနေ့စဉ်ဝမ်းရေးအတွက် မလုံလောက်တာကြောင့် လွန်ခဲ့တဲ့ ခြောက်လက ဝိုင်းမော်မြို့နယ်ထဲက သူ့ရဲ့ဇာတိရွာကို တောင်ယာလုပ်ဖို့အပြန်မှာ ကြမ္မာဆိုးနဲ့ သူ ရင်ဆိုင်ခဲ့ရပါတယ်။

ရွာကနေ တောင်ယာခင်းကိုအသွား လမ်းခုလတ်မှာ ရုတ်တရက် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရပါတယ်။ အခုတော့ အသက် ၆၀ နားနီးမှ ကိုယ်တိုင် ဒုက္ခိတဖြစ်ရတဲ့အပြင် မိသားစုဝမ်းရေးအတွက်လည်း မထောက်ပံ့နိုင်တော့တာကြောင့် ဇနီးရော၊ သားသမီးတွေပါ ဒုက္ခတွေ ကြုံနေရပါတယ်။

ကိုဗစ်ရောဂါတွေ ဖြစ်ပွားတဲ့ကာလ တရုတ်နယ်စပ်အနီးက လိုင်ဇာမြို့ ဒုက္ခသည်စခန်းမှာ စားဝတ်နေရေး ခက်ခဲလွန်းတာကြောင့် ဟင်းသီးဟင်းရွက်လေး စိုက်ဖို့ဆိုပြီး သူ့ဇာတိရွာမှာ တောင်ယာသွားလုပ်စဉ် အခုလို အဖြစ်ဆိုးနဲ့ ကြုံရတာလို့ အသက် ၅၈ နှစ်အရွယ် ဦးလဖိုင်ဇော်တောင်က RFA ကို ပြောပြပါတယ်။

“အရင်တုန်းကတော့ ငှက်ပျောခြံတွေမှာ နေ့စားသွားလုပ်ပြီး ဖြစ်သလို ရှာစားတာပေါ့။ အခု ဒီ ကိုဗစ် ဖြစ်လာပြီးနောက်ပိုင်း ငှက်ပျောခြံလည်း သွားလို့မရ၊ သွားလာ လုပ်စားဖို့ လည်းမရ၊ ခက်ခဲလာတော့ ရွာကိုပြန်ပြီး ဟင်းသီးဟင်းရွက်ပဲဖြစ်ဖြစ် စိုက်စားလို့ ရအောင်ဆိုပြီး တောင်ယာ သွားခုတ်တာ သုံးရက်ပဲ လုပ်ရသေးတဲ့အချိန် ခြေထောက် မိုင်းထိသွားတော့ တောင်ယာလည်း ဒီတိုင်းပစ်ထားလိုက်ပြီ။ ဒီမှာက နေရာတွေလည်း သူများနေရာတွေပဲဆိုတော့ တောင်ယာတွေ လုပ်ဖို့ နေရာမရှိဘူး”

သူ့မှာ ကလေး ရှစ်ဦး ရှိတာမို့ မိသားစုဝမ်းရေးက အတော် ရုန်းကန်ရပါတယ်။ ခြေထောက် ဖြတ်လိုက်ရတာ ခြောက်လလောက်ပဲ ရှိသေးတာမို့ အစစအရာရာ မပြည့်စုံလှတဲ့ မြန်မာနိုင်ငံမှာ ခြေတုလည်း မတပ်နိုင်သေးပါဘူး။ ဒါ့ကြောင့် ချိုင်းထောက်နဲ့သာ သွားလာ နေရပါတယ်။

အသက် ၆၀ နားနီးလာပြီး ဘဝတစ်လျှောက်လုံး ခက်ခက်ခဲခဲ ရုန်းကန်ရတာကြောင့်နဲ့ ကျန်တဲ့ ညာခြေတစ်ဖက်ကလည်း ဒူးမကောင်းတော့တာကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါဘူး။

"အခုလိုဖြစ်သွားတဲ့နောက် ကလေးတွေရဲ့ရှေ့ရေးကို စိုးရိမ်တာက ငွေရေးကြေးရေးက အစ အစုံပေါ့။"

အိမ်ထောင်ဦးစီးမို့ သူ သန်စွမ်းချိန်က မိသားစု တစ်စုလုံးကို ရှာဖွေကျွေးမွေးနိုင်ပါတယ်။ သားသမီး ရှစ်ယောက်မှာ ကလေးတချို့က အရွယ်မရောက်သေးသလို အကြီးတွေကလည်း အိမ်ထောင်ကိုယ်စီနဲ့မို့ မိသားစုကို ပြန်မထောက်ပံ့နိုင်ပါဘူး။ ဒါ့ကြောင့် လက်ရှိ သူနဲ့ သူ့မိသားစုအတွက် နေ့စဉ် ဝမ်းရေးက ပိုခက်ခဲသွားပါတယ်။

လိုင်ဇာအခြေစိုက် (Hkum Gawng Ningja Zinlum Hpung) ခွမ်ဂေါင် နိန်ဂျား ဇင်လွမ်း မသန်စွမ်းအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဦးဘရန်အောင် ကလည်း ဒုက္ခိတတွေအတွက် စစ်တမ်း ကောက်ယူ၊ သက်ဆိုင်ရာ အဖွဲ့တွေထံ တင်ပြတာလောက်ပဲ သူတို့အဖွဲ့က လုပ်နိုင်ပြီး ဒုက္ခရောက်သူတွေကို လက်တွေ့ ငွေကြေးထောက်ပံ့တာမျိုး မလုပ်နိုင်သေးဘူးလို့ ရှင်းပြပါတယ်။

ဒါ့ကြောင့် အကြောင်းအမျိုးမျိုးကြောင့် ခြေလက်အင်္ဂါ ဆုံးရှုံးလိုက်ရသူတွေအတွက် အဓိက ငွေကြေးထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“အဓိက ဝမ်းရေးလိုအပ်တယ်။ ပြီးတော့ လုပ်ငန်းတွေ၊ လုပ်ငန်းရှိဖို့ အရေးကြီးတာပေါ့။ မိသားစု တစ်ခုမှာ မသန်စွမ်း တစ်ယောက်ရှိရင် သူက စီးပွားရေးအရ ငွေရှာတာကအစ ခက်ခဲမှုရှိတော့ အဓိက ကတော့ ကျနော်တို့ မသန်စွမ်းဖြစ်တဲ့ အိမ်တိုင်းက အဓိက ကတော့ ငွေရေးကြေးရေးပေါ့။ အဓိကတော့ ငွေရေးကြေးရေး မရှိဘူးပေါ့။ ပြီးတော့ ဒီလက်မှုပညာလည်း မရှိဘူး။ အဓိကတော့ လုပ်ငန်းမရှိတော့ ပိုက်ဆံမရှိတာပေါ့”

ဦးဘရန်အောင် ကိုယ်တိုင်လည်း မသန်းစွမ်း ဒုက္ခိတတစ်ဦး ဖြစ်ပါတယ်။

သူတို့အဖွဲ့ကောက်ယူထားတဲ့ စစ်တမ်းအရ လိုင်ဇာအနီးက ဝိုင်ကြိုင်၊ ဂျေယာန်၊ ဖုန်လွမ်ယာန် စတဲ့ စစ်ဘေးဒုက္ခသည် စခန်း သုံးခုမှာ မသန်စွမ်းသူ ၃၁၇ ဦးရှိနေပြီး၊ သူတို့အတွက် ငွေကြေးအထောက်အပံ့တွေ သာမက အလုပ်အကိုင် အခွင့်အလမ်းတွေပါ ကူညီပေးဖို့ လိုတယ်လို့ ဦးဘရန်အောင်က ပြောပါတယ်။ အဲဒီ မသန်စွမ်း ၃၁၇ ဦးမှာ တချို့က စစ်ပွဲတွေကြောင့် ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့ရပြီး တချို့ကတော့ မွေးရာပါ မသန်စွမ်းသူတွေ ဖြစ်ပါတယ်။

ပူပူနွေးနွေး ဒုက္ခိတဖြစ်သွားတဲ့ ဦးလဖိုင်ဇော်တောင်ကလည်း သူအလုပ် မလုပ်နိုင်တော့ တာကြောင့် မိသားစုတစ်ခုလုံး စားဝတ်နေရေးအတွက် စိုးရိမ်တယ်လို့ ပြောပါတယ်။

“အခုလိုဖြစ်သွားတဲ့နောက် ကလေးတွေရဲ့ရှေ့ရေးကို စိုးရိမ်တာက ငွေရေးကြေးရေးက အစ အစုံပေါ့။ ကျနော် မလုပ်နိုင်တော့ဘူးဆိုတော့ ပိုက်ဆံလည်း ဘယ်သူမှ ရှာပေးမယ့်သူ မရှိတော့ဘူး။ ကလေးတွေရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်တာ အများကြီး ရှိလာတယ်။ စိတ်ကရောက်ပေမယ့် လှုပ်ရှားလို့မရတော့ ဘယ်ကိုမှလည်း သွားလို့မရတော့၊ လှုပ်လို့မရတော့ တော်တော် ခံစားနေရတယ်။ နေရာတကာကို စိတ်ကရောက်ပေမယ့်လည်း တကယ်က ဘယ်မှ သွားလို့မရတော့ ဒါတွေပဲတွေးပြီး ငိုခဲ့တာလည်း ခဏခဏပဲ”

bomb-vitim
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရောတ်ဂျတ်ရွာမှာ မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်သည့် ဦးလဖိုင်ဇော်တောင်ကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၅ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

ဦးလဖိုင်ဇော်တောင်ရဲ့ဇနီးဖြစ်သူ ဒေါ်နူးမိုင်ကလည်း ဒီလိုမထိခိုက်ချင်လို့ စစ်ဘေး ရှောင်လာတာ ၁၁ နှစ်ကျော်လာမှ မိုင်းထိပြီး ခြေထောက် ဖြတ်လိုက်ရတဲ့အတွက် အတော်စိတ်ထိခိုက် ရတယ်လို့ RFA ကို ပြောပါတယ်။

“အရမ်းဝမ်းနည်းလည်း ဘာမှမတတ်နိုင်ဘူး။ အခုလိုမျိုးမဖြစ်အောင်ဆိုပြီး ၁၁ နှစ်ကျော် အထိ ထွက်ပြေးလာပြီး စစ်ရှောင်လာတာ၊ အခုလိုဖြစ်သွားလို့ အရမ်းဝမ်းနည်းတယ်။ ဝမ်းနည်းလည်း ဘယ်လိုမှ ပြန်လုပ်လို့ မရတော့ဘူးဆိုတော့ အခုလိုပဲ နေရတော့မှာပေါ့။ သူလည်း ဒီလောက်တောင် အသက်ကြီးပြီ၊ အဘိုးကြီးဖြစ်ပြီးမှ ခြေထောက်မပါဘဲ နေရလို့ ကျမလည်း ဘာမှလည်း ပြန်မလုပ်ပေးနိုင်တော့ တော်တော် ခံစားရတယ်။ ဘုရားသခင်ပဲ လမ်းပြပေးမှာပဲလို့ တွေးပြီး နေနေတာ။ သားအငယ်ကလည်း အဖေ အခုလိုဖြစ်သွားတော့ ကျောင်းတောင် မတက်နိုင်တော့ဘူး”

သူ့ခင်ပွန်း မိုင်းထိပြီးတဲ့နောက် အရင်က နေရပ်ပြန်ပြီး တောင်ယာစိုက်နေတဲ့ စစ်ဘေး ဒုက္ခသည်တွေလည်း ဘယ်သူမှ မပြန်ရဲတော့ဘူးလို့ ပြောပါတယ်။ လိုင်ဇာက ဒုက္ခသည် စခန်း အနီးမှာလည်း နေ့စား လုပ်ဖို့တောင် အလုပ်မရှိတော့ အကုန်ခက်ခဲနေကြတယ်လို့ ဇနီး ဒေါ်နူးမိုင်က ‌ပြောပါတယ်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF (Myanmar) ရဲ့ အခုနှစ် မေလကုန်ပိုင်း ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ပထမ ငါးလမှာတင် မြန်မာနိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းကြေင့် သေဆုံးထိခိုက်သူ ၁၆၂ ဦး ရှိခဲ့ပါတယ်။

ပြည်တွင်းစစ်ကြောင့် မြေမြှုပ်မိုင်းဒဏ်ကို ခံစားရသူတွေဟာ ရှမ်းပြည်နယ်မှာ အများဆုံး ဖြစ်ပြီး ကချင်ပြည်နယ်က ဒုတိယနဲ့ ရခိုင်ပြည်နယ်က တတိယ အများဆုံး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။