မရန်ဘောက်တောင် (သို့) ဘဝကို အရှုံးမပေးတဲ့ စစ်ဘေးဒုက္ခသည်

RFA Burmese
2023.01.16
Share on WhatsApp
Share on WhatsApp
မရန်ဘောက်တောင် (သို့) ဘဝကို အရှုံးမပေးတဲ့ စစ်ဘေးဒုက္ခသည် လိုင်ဇာမြို့ ကေအိုင်အို ထိန်းချုပ်ရာ ဒေသတစ်ဝိုက်က စစ်ဘေးဒုက္ခသည်စခန်းမှ မသန်စွမ်းသူ မမရန်ဘောက်တောင်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
RFA

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ ဝေကျိုင်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ မရန်ဘောက်တောင်ဟာ အသက် နှစ်နှစ်ကျော် အရွယ်ကတည်းက ပိုလီယိုရောဂါကြောင့် ခြေတစ်ဘက်သိမ်သွားပြီး မသန်စွမ်းတစ်ဦးအဖြစ် ကြီးပြင်းလာရသူပါ။

သူ့ကို ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန် ကျေးရွာလေးမှာ မွေးဖွားခဲ့ပါတယ်။ အသက် နှစ်နှစ်ကျော်အရွယ် လမ်းစလျှောက်တတ်ချိန်မှာပဲ အပြင်းဖျားပြီးနောက် ကလေးငယ် မရန်ဘောက်တောင်ဟာ လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါဘူး။

သူတို့ရွာဟာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေး တပ်တပ်မတော် KIA ကြား ပြည်တွင်းစစ်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရတဲ့ဒေသ ဖြစ်ပါတယ်။ ကချင်ပြည်နယ်က ဝေးလံခေါင်ဖျား ကျေးရွာကလေးမှာ ကြီးပြင်းခဲ့ရပြီး စစ်တပ်က ပေါ်တာဆွဲ၊ မိုင်းထောင်၊ အသွားအလာ ကန့်သတ်မှုတွေအပြင် ဆင်းဆင်းရဲရဲ လယ်လုပ် အသက်မွေးရတဲ့ သူ့မိဘတွေက သူ့ကို ဆေးကောင်းကောင်း မကုနိုင်ခဲ့ပါဘူး။

သူဆယ်ကျော်သက်ဘဝမှာပဲ ဖခင်က ဆုံးပါးပြီး မိခင်က နောက်အိမ်ထောင်ပြုတာကြောင့် ဆင်းရဲပြီး မသန်စွမ်းဖြစ်ရတဲ့ မရန်ဘောက်တောင်ရဲ့ ကဘေးဘဝဟာ မိဘမစုံဘဲ ခက်ခက်ခဲခဲ ကြီးပြင်းခဲ့ရပါတယ်။

ဒါပေမဲ့ သူက အားငယ်တတ်သူ မဟုတ်ပါဘူး။ ခြေတစ်ဖက်မသန်ပေမယ့် သူ့စိတ်ဓာတ်က ခိုင်မာသန်စွမ်းပါတယ်။ ဆင်းရဲပြီး မိဘမစုံတဲ့၊ မသန်စွမ်းဖြစ်ရတဲ့ သူ့ရဲ့ စားဝတ်နေရေးကို ဘယ်သူကမှ မထောက်ပံ့ မကူညီမှာကို ငယ်စဉ်ကတည်းက သူတွေးတော ပူပန်ခဲ့ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်ကတည်းက သန်စွမ်းတဲ့ အခြားခြေတစ်ဖက်ကို အသုံးပြုပြီး သူ စက်ချုပ်ပညာ သင်ခဲ့ပါတယ်။

 " စစ်ဘေးဒုက္ခသည်စခန်းကိုပဲ ပြန်လာရဖို့ အလားအလာဖြစ်နေတော့ ငြိမ်းချမ်းရေး အမြန်ရချင်တယ်။"

စိတ်ဓာတ်ခိုင်မာပေမယ့် ခြေတစ်ဘက်မသန်တာမို့ အလုပ်ကို ဖိလုပ်တဲ့အခါ ခြေထောက်တွေ ရောင်လာတာ၊ လမ်းလုံးဝ မလျှောက်နိုင်တာတွေ ဖြစ်လေ့ရှိတယ်လို့ မရန်ဘောက်တောင်က ပြောပါတယ်။

“ကျမလည်း သိပ်မချုပ်နိုင်ဘူး။ ခြေလည်းမကောင်းတော့ တခါတလေ တစ်နေ့မှာ ပိတ်စတွေ ညှပ်ထားရင်တော့ တစ်ထည်ချုပ်နိုင်တယ် မညှပ်ထားရင်တော့ သူများလို အမြန်မချုပ်နိုင်ဘူး။ နှစ်ရက်လောက်မှ တစ်ထည်လောက် ချုပ်နိုင်တာ၊ ခြေထောက်လည်း တစ်ဖက်နဲ့ပဲချုပ်တော့ တစ်နေကုန် ထိုင်တာများပြီး စက်နင်းတာ များရင် ညနေဆိုရင် ခြေထောက်ရောင်ပြီး လေးသွားသလိုပဲ ခံစားရတယ်၊ လမ်းလျှောက်လို့တောင် မရဘူး။ ဒူးတွေ ပျော့သွားတာနဲ့ လမ်းလုံးဝမလျှောက်နိုင်တာ တွေလည်းရှိတယ်။”

သူက အတန်းပညာကောင်းကောင်း မသင်ခဲ့ရပေမယ့် စက်ချုပ်ပညာမှာတော့ ကျွမ်းကျင်တာမို့ သူ့လက်ရာတွေ ကို ဒုက္ခသည်စခန်းက အမျိုးသမီးတွေက အတော်နှစ်သက်ပါတယ်။

ကလေးဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ သူဟာ အသက် ၃၀ မပြည့်ခင်မှာပဲ စစ်ဘေးဒုက္ခသည်တစ်ဦး ဖြစ်လာခဲ့ပြန်ပါတယ်။ ၂၀၁၁ ခုနှစ်က သူ့ရဲ့ဇာတိ ဝိုင်းမော် မြို့နယ်မှာ စစ်တပ်နဲ့ KIA အကြား တစ်ကျော့ပြန် စစ်ပွဲတွေ ထပ်ဖြစ်လာတဲ့အခါ KIO ထိန်းချုပ်ရာ လိုင်ဇာဒေသကို ထွက်ပြေးလာပြီး ဝေကျိုင်ဒုက္ခသည်စခန်းမှာ သူ ခိုလှုံနေတာ ၁၀ နှစ်ကျော်ပါပြီ။ အခုတော့သူက အသက် ၄၀ ကျော်အရွယ်ပါ။

 

မရန်ဘောက်တောင်မှာ မွေးချင်း အစ်ကိုတစ်ယောက်၊ မောင်နှစ်ယောက်နဲ့ ညီမ တစ်ယောက် ရှိပါတယ်။

သူငယ်ငယ်ကတည်းက မိဘမစုံတာကြောင့် ဒီစစ်ဘေးဒုက္ခသည်စခန်းမှာ မုဆိုးဖို မောင်အငယ်၊ မောင်ငယ်ရဲ့ မိတဆိုးကလေးတွေဖြစ်တဲ့ တူ၊ တူမ နှစ်ယောက်နဲ့အတူ သူနေထိုင်ပါတယ်။ မောင်ငယ်ရဲ့ ဇနီးက လွန်ခဲ့တဲ့ နှစ်နှစ်ကမှ တူမအငယ်ဆုံးကို မွေးပြီး မီးတွင်းထဲမှာပဲ ဆုံးသွားတာမို့ မိခင်မဲ့ကလေးနှစ်ယောက်ကို သူက မိခင်သဖွယ် ကျွေးမွေးစောင့်ရှောက် နေတာပါ။

သူဟာ မသန်စွမ်းပေမယ့် စိတ်ပျက်အားငယ်နေတာမျိုး မရှိဘဲ သူလုပ်နိုင်တာကို ဇွဲမလျှော့ဘဲ လုပ်လေ့ရှိတယ်လို့ ဆွေမျိုးသားချင်းတစ်ဦးဖြစ်တဲ့ မလဖိုင်နန်ဖုန် က ပြောပါတယ်။

“သူက မနက်ဆိုလည်း အစောကြီးထတယ်။ နွေရာသီဆိုပိုပြီးတော့ စောစောထတယ်၊ မနက် ၄ နာရီလောက်ဆို ထပြီ။ အခုဆောင်းရာသီ အေးတော့ မနက် ၅ နာရီလောက်မှ ထတာ။ ညဆို မိုးချုပ်မှ ပြန်တာ။ တစ်ခါတစ်လေ အလုပ်ပါးရင်တော့ နည်းနည်း စောစော ပြန်တယ်။ သူက အပ်ချုပ်တာလည်း လက်ရာကောင်းတော့ ဒီကလူတွေလည်း တော်တော်များများက သူ့ဆီမှာပဲ ချုပ်ကြတယ်။ အားလုံးကလည်း ဝတ်လို့ ကောင်းတယ်လို့ ပြောကြတယ်”

စိတ်ဓာတ်ခိုင်မာသူဖြစ်ပေမယ့် မပြည့်မစုံနေထိုင်ရတဲ့ ဒီဒုက္ခသည်စခန်းမှာ မိုးတွင်းဆိုရင် မသန်စွမ်း တစ်ယောက်ဖြစ်တဲ့ သူ့သမီးဟာ အခက်အခဲတွေကို ကြုံရလေ့ရှိတယ်လို့ မိခင်ဖြစ်သူ ဒေါ်ကော့ထန်က ပြောပါတယ်။

“သူက မိုးတွင်းမှာ မိုးတွေရွာရင်တော့ အရမ်းခက်ခဲတယ်။ အပေါ့အလေးသွားတာတွေ လမ်းလျှောက်သွားလာတာတွေက သူ့အတွက်တော့ တော်တော်ခက်ခဲတယ်။ ချော်လဲပြီး ဒူးတွေ ဒဏ်ရာ ရတာတွေလည်း ရှိတယ်။ အဲလို ဒဏ်ရာရပြီး လမ်းမလျှာက်နိုင်လို့ စက်မချုပ်နိုင် ဆိုင်မဖွင့်နိုင်တာတွေလည်း ရှိတယ်”

Maran Bawk Tawng
လိုင်ဇာမြို့ ကေအိုင်အို ထိန်းချုပ်ရာဒေသ စစ်ဘေးဒုက္ခသည်စခန်းမှ မသန်စွမ်းသူ မမရန်ဘောက်တောင်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ခက်ခဲကြမ်းတမ်းတဲ့ ကလေးဘဝကို ဖြတ်သန်းခဲ့ရတဲ့ မမရန်ဘောက်တောင်ဟာ အတန်းပညာ ကောင်းကောင်း မသင်ခဲ့ရပါဘူး၊ ဒါပေမဲ့ သူက နိုင်ငံရေးကို သတင်းတွေက တစ်ဆင့် သူတတ်နိုင်သလောက်လေးတော့ လေ့လာထားပါတယ်။

လိုင်ဇာကိုရောက်နေတာ ၁၀ နှစ်ကျော်ပြီမို့ မနှစ်က ဇာတိ ဝိုင်းမော်မြို့နယ်ကိုပြန်ဖို့ ကြိုးစားခဲ့ပေမယ့် နိုင်ငံရေးက ပိုရှုတ်ထွေးလာလို့ မပြန်နိုင်သေးဘူးလို့ သူက ဆိုပါတယ်။

ဖြစ်နိုင်ရင် ဇာတိရပ်ရွာကိုပြန်ပြီး ကိုယ်ပိုင်မြေကွက်လေးမှာ ဈေးရောင်း၊ စက်ချုပ်၊ စိုက်ပျိုးရေးလုပ်ပြီး မောင်ငယ်ရဲ့ မိသားစုနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်နိုင်ဖို့ မမရန်ဘောက်တောင်က မျှော်လင့်ထားတာပါ။

“အရင်နှစ်တွေကတည်းက ပြန်ဖို့လုပ်ကြတယ်၊ ပြန်ဖို့လုပ်တိုင်း နိုင်ငံရေးကလည်း ပိုပိုပြီးရှုပ်လာတယ်။ နိုင်ငံရေးလည်း ရှုပ်နေသေးတော့ ပြန်ဆိုလည်း ဒီဘက်ပြန်ခေါက် လာရမလိုဖြစ်နေတော့ သွားနေဖို့ သတ္တိ မရှိသေးဘူး။ စစ်ဘေးဒုက္ခသည်စခန်းကိုပဲ ပြန်လာရဖို့ အလားအလာဖြစ်နေတော့ ငြိမ်းချမ်းရေး အမြန်ရချင်တယ်။ ဖြစ်နိုင်ရင်တော့ နေရပ်ပြန်ပြီး အကိုတွေဆီက မြေနေရာတောင်းပြီး နေမယ်။ ကျမကလည်း တခြား ဘာမှမလုပ်နိုင်တော့ အခုလိုပဲ စျေးရောင်း၊ အပ်ချုပ်၊ ကြက်မွေး၊ ဝက်မွေး၊ စိုက်ပျိုးရေးတွေလုပ်ပြီး နေထိုင်မယ်လို့ ဆုံးဖြတ်ထားတယ်”

လိုင်ဇာမှာရှိတဲ့ နှလုံးသားများရဲ့ နှလုံးသား မသန်စွမ်းအဖွဲ့ရဲ့ စာရင်းအရ KIA ဌာနချုပ် လိုင်ဇာအနီးက ဂျေယန်၊ ဖုန်လွမ်ယန်၊ ဝေကျိုင်စတဲ့ စစ်ဘေးဒုက္ခသည်စခန်း သုံးခုမှာ မမရန်ဘောက်တောင်လို မသန်စွမ်းသူ အယောက် ၃၀၀ ကျော်ရှိပါတယ်။

အဲဒီ အယောက် ၃၀၀ ကျော်မှာ မမရန်ဘောက်တောင်လို ဘဝကို အရှုံးမပေးဘဲ ရုန်းကန်နေသူ၊ မသန်ပေမယ့် စွမ်းနိုင်သူကတော့ အနည်းအကျဉ်းသာ ရှိတယ်လို့ သူ့ရဲ့မိသားစုနဲ့ မိတ်ဆွေတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။