အခက်အခဲပိုကြုံလာရတဲ့ ကချင် မသန်စွမ်း စစ်ဘေးဒုက္ခသည်များ

2022.08.23
Share on WhatsApp
Share on WhatsApp
အခက်အခဲပိုကြုံလာရတဲ့ ကချင် မသန်စွမ်း စစ်ဘေးဒုက္ခသည်များ ဂျေယန်ဒုက္ခသည်စခန်းမှ မသန်စွမ်း စစ်ဘေးဒုက္ခသည် ဦးဂွန်းတန်နှင့် မိသားစုအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့အနီးက ဂျေယန်၊ ဖုန်လွမ်ယန်၊ ဝိုင်ကြိုင် စစ်ဘေးဒုက္ခသည် စခန်းသုံးခုမှာ မသန်စွမ်း ၃၀၀ ကျော်ရှိပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်း အလုပ်အကိုင်တွေ ရှားပါးလာတဲ့အတွက် ရပ်တည်ရေး ပိုမိုခက်ခဲလာတယ်လို့ အဲဒီ မသန်စွမ်း စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

အဲဒီမသန်စွမ်း ၃၀၀ ကျော်ဟာ မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်ရသူတွေ၊ မွေးရာပါ မသန်စွမ်းတွေ၊ ဆေးထိုးမှားမှုကြောင့် မသန်စွမ်းဖြစ်ရသူတွေနဲ့ လေဖြတ်လို့ မသန်စွမ်း ဖြစ်ရသူတွေ ဖြစ်ပါတယ်။

"ကျနော်တို့က သူများတွေလုပ်နိုင်သလောက်လည်း မလုပ်နိုင်တော့ သူများတွေထက် တစ်ဆလောက် ပိုခက်ခဲသွားတာပေါ့"

အဲဒီမသန်စွမ်းတွေဟာ အရင်က တရုတ်လုပ်ငန်းရှင်တွေရဲ့ ငှက်ပျောစိုက်ခင်းတွေမှာ အလုပ်လုပ်ခွင့်ရခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာ အပြင် နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးတွေကိုပါ တရုတ်နိုင်ငံဘက်က အပြီးပိတ်လိုက်တာ ကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းသွားကြတာလို့လည်း ပြောကြပါတယ်။

ဒါကြောင့် ရပ်တည်ရေးပိုမိုခက်ခဲလာတယ်လို့ မသန်စွမ်း စစ်ဘေးဒုက္ခသည် ဦးနော်ထွယ်က ပြောပါတယ်။

“အရင်က ရွာမှာဆိုတော့ လယ်ယာတွေ လုပ်စားတယ်။ ဒီမှာက ကျနော်လုပ်နိုင်တဲ့ အလုပ်တွေ့ရင်တော့ သူငယ်ချင်းတွေနဲ့အတူ နေ့စားအလုပ်တွေလုပ်တယ်။ ဒီ ဓား၊ ပေါက်ပြားတို့နဲ့ လုပ်ရတဲ့ အလုပ်တွေကိုတော့ လုပ်နိုင်တယ်။ အဲဒါတောင် အသိ သူငယ် ချင်းတွေနဲ့မှ လုပ်လို့ရတယ်။ သူများလို သိပ်မလုပ်နိုင်တော့။ အခုက အခက်အခဲက အများကြီးပဲ၊ ပိုပိုပြီးလည်း များလာတယ်၊ အလုပ်လည်း ဘာမှမရှိတော့ဘူး”

ဦးနော်ထွယ်ဟာ မွေးရာပါ လက်တစ်ဖက်မပါသူဖြစ်ပြီး ကလေးခြောက်ယောက်ရဲ့ ဖခင် လည်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၁ ခုနှစ်က စစ်တပ်နဲ့ ကေအိုင်အေ တပ်တို့အကြားတိုက်ပွဲ တွေကြောင့် ဝိုင်းမော်မြို့နယ် ကျနန့်ဇွပ် ကျေးရွာကနေ လိုင်ဇာမြို့အနီးက ဂျေယန် စစ် ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတာပါ။

မွေးရာပါ ခြေတစ်ဖက်မသန်စွမ်းသူ ဦးဂွန်းတန်ကတော့ အရင်က သူ့မိသားစုကို ရှာဖွေ ကျွေးမွေးနိုင်ခဲ့ပေမယ့် အခုတော့ အလုပ်အကိုင်တွေ မရှိတော့တာကြောင့် သက်မွေးဝမ်း ကျောင်းအတွက် တတ်နိုင်သူတွေက အကူအညီပေးစေချင်တယ်လို့ ပြောပါတယ်။

“အခုက ပိုပြီးခက်ခဲလာတယ်။ အစပိုင်းမှာဆိုတော့ သွားလာဖို့လည်းလွယ်တယ်၊ ဘယ် ကိုမဆို လွတ်လွတ်လပ်လပ် သွားလို့ရတယ်။ အခုက ကျနော်တို့က သူများတွေလုပ်နိုင် သလောက်လည်း မလုပ်နိုင်တော့ သူများတွေထက် တစ်ဆလောက် ပိုခက်ခဲသွားတာပေါ့။ ကူညီမယ့်သူရှိရင်တော့ ကျနော်တို့ လုပ်ချင်တဲ့အလုပ်မှာ ပိုက်ဆံမဟုတ်ရင်တော့ ပစ္စည်းတွေ ကူညီပေးတာလို့ရှိတယ်။ ဥပမာ - ကျနော်က လက်သမားလုပ်ချင်တယ်ဆို ရင် အဲဒါနဲ့ဆိုင်ပြီး ပညာသင်ပေးတာတွေ၊ လိုအပ်တဲ့ပစ္စည်းတွေကို ကူညီပေးစေချင် တယ်”

ဦးဂွန်းတန်ဟာ ကလေးသုံးယောက်ရဲ့ ဖခင်ဖြစ်ပြီး ဝိုင်းမော်မြို့နယ် ဒိန်ခုန်းကျေးရွာကနေ ဂျေယန် စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ဒုက္ခသည်စခန်းမှာ ဆန်ရိက္ခာအထောက်အပံ့ရပေမယ့် အစားအသောက်နဲ့ ကလေးတွေရဲ့ ကျောင်းစရိတ်အတွက် တော်တော်အခက်ကြုံနေရတယ်လို့လည်း ဦးဂွန်းတန်က ပြောပါတယ်။

မသန်စွမ်း စစ်ဘေးဒုက္ခသည်တွေ လက်ရှိကြုံနေကြရတဲ့ အခက်အခဲတွေအတွက် ဝိုင်းဝန်း ကူညီပေးစေချင်တယ်လို့ လိုင်ဇာအခြေစိုက် နှလုံးသားများရဲ့ နှလုံးသားများ မသန်စွမ်းအဖွဲ့ ဥက္ကဋ္ဌ ဦးမလန်ဘောက်နော်က ပြောပါတယ်။

“မသန်စွမ်းတွေရဲ့ အခက်အခဲက အဓိက ငွေရှာတဲ့အပိုင်းမှာ ခက်ခဲသွားတော့ စားဝတ် နေရေးအတွက် အခက်အခဲတွေရှိကြတယ်။ မသန်စွမ်းဆိုပေမယ့်လည်း သားသမီးတွေ လည်းရှိကြတော့ သားသမီးတွေကို ကျောင်းစရိတ်ထောက်ပံ့တဲ့နေရာမှာလည်း အခက် အခဲတွေ ရှိလာကြတယ်။ အစားကောင်းကောင်း မစားရတော့ အာဟာရတွေ ပြတ်ပြီး သေသွားတဲ့ မသန်စွမ်း သက်ကြီးပိုင်းတွေလည်းရှိတယ်။ အများပိုင်းက အခုချက်ချင်း အာဟာရ အစားအစာဝယ်ဖို့ ပိုက်ဆံလိုတယ်။ တချို့သူတွေအတွက် သူတို့ လုပ်ချင်တဲ့ အလုပ်တွေ၊ အရင်းတွေ နည်းနည်းပါးပါးပဲဖြစ်ဖြစ် ကူညီပေးနိုင်ရင်တော့ ပိုကောင်း မယ်လို့ ကျနော်က ဆန္ဒရှိတယ်”

ဦးမလန်ဘောက်နော် ကိုယ်တိုင်ကလည်း မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက် ဆုံးရှုံးထားသူ ဖြစ်ပါတယ်။ နှလုံးသားများရဲ့ နှလုံးသားများ မသန်စွမ်းအဖွဲ့ကို မသန်စွမ်းတွေက အဓိက ဦးစီးထားတာဖြစ်ပြီး လက်ရှိမှာ မသန်စွမ်းတွေအတွက် စိတ်ဓာတ်မြှင့်တင်ရေးအပိုင်းကိုသာ ကူညီပေးနိုင်တယ်လို့ ဦမလန်ဘောက်နော်က ပြောပါတယ်။

nawhtoi.JPG
ဂျေယန်ဒုက္ခသည်စခန်းမှ မသန်စွမ်း စစ်ဘေးဒုက္ခသည် ဦးနော်ထွယ်အား ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

စစ်ဘေးဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့လည်း မဖြစ်နိုင်သေးသလို လက်ရှိမှာလည်း အကျပ် အတည်းတွေနဲ့ ပိုမိုရင်ဆိုင်လာရတာကြောင့် မျှော်လင့်ချက်မဲ့သလိုဖြစ်နေကြောင်း ဂျေယန် ဒုက္ခသည်စခန်း မသန်စွမ်းတစ်ဦးရဲ့ ဇနီး ဒေါ်ကိုင်ထွယ်က ပြောပါတယ်။

“ရွာမှာတော့ လယ်တွေ၊ ကျွဲ၊ နွားတွေကို သူများတွေကို ငှားပြီး အဲကရတာနဲ့ စားတာပေါ့။ အခုက စစ်ဘေးဒုက္ခသည် ဆိုတော့ ရွာက ကျွဲ၊ နွားတွေလည်းမရှိတော့ဘူး။ မိုင်းတွေ နင်းပြီး အကုန်သေကုန်ပြီ။ အခုက ကျွဲတွေ၊ နွားတွေကို အရမ်းမျှော်လင့်ထားတာ။ ကျွဲ၊ နွားတွေလည်း အကုန်မိုင်းနင်းပြီး သေသွားတော့ ပိုင်ဆိုင်တာ ဘာမှမရှိတော့ဘူး။ နေရပ် အိမ်ပြန်ဖို့ စဉ်းစားရင်လည်း ပိုပြီးအသက်ရှူကျပ်သလို ခံစားရတယ်။ ဘာမှမရှိတော့ဘူး ဆိုတော့ မျှော်လင့်ချက်မဲ့သလို ခံစားရတယ်”

ဒေါ်ကိုင်ထွယ်ဟာ ဝိုင်းမော်မြို့နယ် ဆိုင်မိုင်ကျေးရွာကဖြစ်ပြီး သူ့ခင်ပွန်းကတော့ ကေအိုင် အေတပ်မှာ တာဝန်ထမ်းဆောင်ရင်း လွန်ခဲ့တဲ့ ၁၉၈၀ ပြည့်နှစ်ဝန်းကျင်လောက်က တိုက်ပွဲ မှာ မိုင်းထိပြီး လက်တစ်ဖက် ဆုံးရှုံးခဲ့ရသူပါ။

သူ့အမျိုးသားက အလုပ်မလုပ်နိုင်တဲ့အတွက် ဒေါ်ကိုင်ထွယ်ကပဲ မိသားစုကို ဦးဆောင်နေရ တာကြောင့် ခက်ခဲမှုတွေက ပိုများတယ်လို့လည်း ပြောပါတယ်။

ကချင်ပြည်နယ်မှာ အခြားစစ်ဘေးဒုက္ခသည်တွေပါ အခက်အခဲတွေ ကြုံတွေ့နေကြရတာ ဖြစ်ပေမယ့် အဲဒီအထဲမှာ မသန်စွမ်း စစ်ဘေးဒုက္ခသည်တွေကတော့ ပိုမိုဆိုးရွားတဲ့အခြေ အနေနဲ့ ရင်ဆိုင်နေကြရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။