ကချင်ကျေးလက်အတွက် နတ်ဆေးတစ်ခွက် (သို့) နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့

ကချင်ဒေသကိုချစ်တဲ့ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကျောပိုးအိတ် နယ်လှည့်ကျန်းမာရေး လုပ်သားအဖွဲ့ (Kachin Back Pack Health Worker Team) ဟာ ကချင်ပြည်နယ်အတွင်း က ခက်ခဲလွန်းတဲ့ ဒေသတွေကို လှည့်လည်ပြီး ဆေးကုသပေးနေတာ အခုဆိုရင် ၁၃ နှစ် ရှိပါပြီ။
သူတို့အဖွဲ့မှာ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် စုစုပေါင်း ၅၀ လောက် ရှိပါတယ်။ သူတို့ လှည့်လည်သွားလာရာ ကျေးရွာတွေမှာ သူတို့ကိုယ်တိုင် လက်ဆင့်ကမ်း သင်တန်း ပေးထားတဲ့ စေတနာ့ဝန်ထမ်းတွေ လည်း ရှိပါတယ်။
“သူတို့နဲ့ဆိုင်တဲ့ ကျန်းမာရေး ရသင့်ရထိုက်တဲ့ အခွင့်အရေးတော့ တော်တော်နည်းပါးတယ်လို့ ပြောရမယ်"
ကားနဲ့ ဆိုင်ကယ်လမ်းမပေါက်တဲ့ ဒေသတွေထိ ဆေးဝါးတွေကို ကျောပိုးအိတ်မှာ ကိုယ်စီသယ်၊ ခြေလျင် လမ်းလျှောက်ပြီး ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့အဖွဲ့ ဖြစ်တာကြောင့် ကချင်-ကျောပိုးအိတ် နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့လို့ အမည်ပေးထားပါတယ်။
ခက်ခဲလွန်းတဲ့ဒေသက ကျေးလက်နေပြည်သူတွေကို စေတနာ့ဝန်ထမ်းကူညီလိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ သူတို့အဖွဲ့ကို စတင်ခဲ့တာလို့ ဒီအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ စီမံကိန်း ဒါရိုက်တာ Mr.Zet က ပြောပါတယ်။
“တိုင်းရင်းသားဒေသတွေ၊ ဝေးလံခေါင်ဖျားတဲ့ နေရာဒေသတွေ၊ ပိုပြီးတော့ အလှမ်းဝေး တဲ့ ဟာပေါ့နော် အဲလိုမျိုး Remote area လိုမျိုး၊ Hard to reach area လိုမျိုး နေရာဒေသမှာရှိတဲ့ ကျနော်တို့ရဲ့ တိုင်းသူပြည်သား တိုင်းရင်းသား ညီအစ်ကိုမောင်နှမ ပြည်သူတွေ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှ လက်လှမ်းမမီတဲ့ အပိုင်းတွေ အများကြီး ရှိခဲ့တယ်၊ ဆိုတဲ့အခါကျတော့ မဆုံးရှုံးသင့်ဘဲနဲ့ ဆုံးရှုံးတဲ့ဟာတွေ၊ ပြီးရင် ကလေးပိုင်းမှာ လည်း ဉာဏ်ရည်မဖွံ့ဖြိုးတဲ့ ဟာမျိုးတွေပေါ့နော်၊ ဒါမျိုးတွေ ကျနော်တို့ ကြုံခဲ့ရတယ်။ ကျနော်တို့လည်း အဲလိုမျိုးပြဿနာတွေကို ဖြေရှင်းချင်တဲ့ စေတနာ့ဝန်ထမ်းစိတ်ပေါ့ နော်၊ ခက်ခက်ခဲခဲပဲ လူအနည်းဆုံးနဲ့ပေါ့နော် စတင်ပြီးတော့မှ ဖွဲ့စည်းခဲ့တာ”
ထိုင်းနိုင်ငံ မဲဆောက်မြို့က ဒေါက်တာ စင်သီယာမောင် ဖွင့်လှစ်ထားတဲ့ မယ်တော်ဆေးခန်း မှာ ဆေးဝါးနဲ့ ပတ်သက်ပြီး သင်တန်းတက်ပြီးတဲ့နောက် ကချင်ဒေသမှာရှိတဲ့ ပြည်သူတွေကို ဆေးကုသပေးဖို့ ၂၀၀၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာလို့ သူက ပြောပါတယ်။ စဖွဲ့ချိန်က တရုတ်၊ ကချင်နဲ့ ရှမ်းပြည်နယ်အစပ်မှာ အခြေစိုက်ခဲ့တာပါ။
အဲဒီနောက် ၂၀၁၇ ခုနှစ်မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ပြောင်းရွှေ့လာပြီး ဖားကန့်၊ တနိုင်း၊ ရှင်ဗွေယန်၊ အင်ဂျန်းယန်၊ ပူတာအို၊ မချမ်းဘော့၊ ဗန်းမော်၊ ဝိုင်းမော်၊ မြစ်ကြီးနား စတဲ့ မြို့နယ် ကိုးခုက ကျေးရွာပေါင်း ၂၂၄ ရွာမှာ ဆေးဝါးကုသပေးနေတာပါ။
အဲဒီကျေးရွာပေါင်း ၂၀၀ ကျော်က ပြည်သူ နှစ်သိန်းနှစ်သောင်းကျော်ကို တတ်နိုင်သလောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတာလို့ ဒီအဖွဲ့က ပြောပါတယ်။ တချို့ကျေးရွာတွေဆိုရင် ခြေလျင် ခရီးနဲ့ ငါးရက်လောက်ကြာအောင် လမ်းလျှောက်သွားရတယ်လို့ ဆိုပါတယ်။
တချို့ ခက်ခဲလွန်းတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ကျန်းမာရေးဗဟုသုတ နည်းလွန်းပြီး ဆေးတစ်လုံး သောက်ရဖို့ကို အလွန်ဝေးတဲ့ မြို့ကြီးတွေထိ ရက်အတော်ကြာ လမ်းလျှောက် သွားကြရတယ်လို့ ကချင်-ကျောပိုးအိတ် နယ်လှည့်ကျန်းမာရေး လုပ်သားအဖွဲ့က မဇာဇာ ထွန်း က ပြောပါတယ်။
“သူတို့နဲ့ဆိုင်တဲ့ ကျန်းမာရေး ရသင့်ရထိုက်တဲ့ အခွင့်အရေးတော့ တော်တော်နည်းပါး တယ်လို့ ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ မြို့နဲ့နီးတဲ့ နေရာတွေမှာဆို လက်လှမ်းမီ တာပေါ့နော်၊ ဆေးဝါးတွေလည်း ဝယ်သောက်လို့ ရတယ်ပေါ့။ တချို့လက်လှမ်းမမီတဲ့ နေရာဆိုတာ အရမ်းဝေးလံခေါင်ဖျားပြီး မြို့သွားဖို့တောင်မှ လမ်းလျှောက်ရတဲ့နေရာ တွေဆို ဆေးတစ်လုံးရဖို့ အရမ်းကို ခက်ခဲလွန်းတယ်။ ဥပမာ - ပိုက်ဆံရှိရင်တော့ အဲဒီဆေးကို ဝယ်စားဖို့အတွက် မြို့အထိ ခြေလျင်လျှောက်လာရတဲ့အနေအထားတွေ လည်း ရှိတယ်ပေါ့နော်။ ကျန်းမာရေးဗဟုသုတလည်း အရမ်းကို အသိပညာနည်းပါး တယ်လို့ ပြောရမယ်။ ဥပမာ - လက်ဆေးဖို့တောင်မှ သူတို့မှာ ဘယ်လို ဆေးရမယ်ဆိုတဲ့ အသိပညာ သူတို့မှာ မရှိဘူး။ လက်ဆေးဖို့ အသိပညာမရှိတာထက် ဆပ်ပြာဆိုတာလည်း သူတို့မှာ အရမ်းကိုခက်ခဲတယ်။ ဆပ်ပြာဆိုတာလည်း မရှိဘူး”
တစ်ခါတစ်ရံ ရာသီဥတု ဆိုးဝါးချိန်နဲ့ တိုက်ပွဲဖြစ်ချိန်တွေဆိုရင် ဒေသခံတွေကို ဆေးကုသဖို့ ခရီးမထွက်နိုင်ဘဲ ရပ်ဆိုင်းထားရတယ်လို့လည်း သူက ပြောပါတယ်။ သူတို့အဖွဲ့ဟာ ဆေးကုသတာအပြင် ဒေသခံတွေအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ အသိပညာပေး သင်တန်းတွေကိုလည်း ဖွင့်လှစ်ပေးနေတယ်လို့ ဆိုပါတယ်။

ဝေးလံခေါင်ဖျားဒေသက လူနာတွေဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတာကြောင့် သူတို့အဖွဲ့ ရောက်သွားချိန်မှာ အချိန်လွန်ပြီး အသက်ဆုံးရတာတွေ ရှိသလို တချို့ကိုတော့ အသက်ကယ်နိုင်ခဲ့တဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရတယ်လို့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Mr.Zet က ပြောပါတယ်။
အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုတန်ဂွန်း ကတော့ ခက်ခဲလွန်းတဲ့ ကချင်ဒေသမှာ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးတွေအားလုံး ကျန်းမာရေးစောင့်ရှောက်မှု အများကြီး လိုအပ်နေတာမို့ ဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းပါတယ်။
“ကိုယ်ဝန်ဆောင်မိခင်တွေ ကာကွယ်ဆေးထိုးရမယ်၊ ဒါကို သိရင်တောင်မှ ဒီကာကွယ် ဆေးထိုးရဖို့အတွက် အရမ်းခက်ခဲမှုရှိတယ်။ တောင်ပေါ်မှာဆိုရင် ဆေးဆရာလည်း မရှိ ဘူးပေါ့နော်။ မြို့ကိုသွားပြီး ကာကွယ်ဆေးထိုးရဖို့လည်း လမ်းမှာ တစ်ညအိပ်ရတာတို့၊ စစ်ပွဲဖြစ်လာတာနဲ့ သဘာဝဘေးအန္တရာယ်နဲ့ တောင်ပြိုတာတို့ဆိုရင်တော့ အများကြီး ခက်ခဲမှုရှိတယ်။ အဲဒါကြောင့် ဒီကလေးများ ကာကွယ်ဆေးထိုးရဖို့လည်း ခက်ခဲမှု အများကြီးရှိတယ်။ အဲဒီအခက်အခဲတွေကို အားလုံးကူညီနိုင်ဖို့အတွက် နိုင်ငံတကာက အားလုံးလွမ်းခြုံတဲ့အကူအညီတွေ NGO၊ INGO အဖွဲ့တွေ အားလုံးကို ဝိုင်းဝန်းကူညီပေး ဖို့ တောင်းဆိုချင်ပါတယ်”
ဆင်းရဲလွန်းတဲ့ ကချင်ဒေသက ကျေးရွာတွေမှာ တောင်ယာကိုပဲ အဓိကလုပ်ကိုင် စားသောက်ရပြီး နေအိမ်အမိုးအကာကအစ၊ အိမ်သာအဆုံး ဘာမှ မပြည့်စုံဘဲ လိုအပ် နေဆဲလို့ သူက ပြောပါတယ်။
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရဲ့ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက် ထုတ်ပြန်ချက်အရ ကချင် ပြည်နယ်မှာ လူဦးရေ ၁၉ သိန်းနီးပါး ရှိပါတယ်။ အဲဒီအထဲက ၃၆ ရာခိုင်နှုန်းသာ မြို့ပြမှာ နေထိုင်ပြီး ၆၄ ရာခိုင်နှုန်းက ကျေးလက်မှာ နေထိုင်ကြတာပါ။
တောတောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့ ကချင်ပြည်နယ်က ကျေးရွာတချို့မှာ အခုချိန်ထိ ကျန်းမာရေးဝန်ထမ်းလုံးဝမရှိတဲ့ အခြေအနေကို ရင်ဆိုင် နေရတယ်လို့ ကချင်-ကျောပိုးအိတ် နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့က ပြောပါတယ်။