ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ် အလူးအလဲကြုံနေရတဲ့ ကချင်စစ်ဘေးဒုက္ခသည်များ

2022.08.17
Share on WhatsApp
Share on WhatsApp
ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ် အလူးအလဲကြုံနေရတဲ့ ကချင်စစ်ဘေးဒုက္ခသည်များ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနား (KBC) စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသည့် ကလေးငယ်အချို့ကို တွေ့ရစဉ်
Photo: RFA

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းက ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုဒဏ်ကို စစ်ဘေး ဒုက္ခသည်တွေလည်း အလူးအလဲ ကြုံတွေ့ ခံစားနေကြရပါတယ်။

ဒေါ်ဂျာဘောက်တစ်ယောက် နောက်နေ့အတွက် ဆန် မရှိတော့တာကိုတွေးရင်း ညစာချက်ပြုတ်နေပါတယ်။

သူဟာ ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့နယ် စန်ပိုင်ကျေးရွာကနေ မိုင်းနား (KBC) စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတာ အခုဆိုရင် ၁၁ နှစ်တာ ကာလအထိ ရှိနေပါပြီ။ သူ့မှာ သားနှစ်ယောက်ရှိပြီး သားကြီးက အိမ်ထောင် ကျပြီး ခွဲနေသလို သားငယ်ကလည်း စခန်းပြင်ပမှာ အလုပ်သွားလုပ်နေရတာကြောင့် လက်ရှိမှာ ကျန်းမာရေး မကောင်းတဲ့ ခင်ပွန်းနဲ့အတူ စခန်းထဲမှာ ဒုက္ခသည်အဖြစ်နဲ့ ဖြတ်သန်းနေရတာပါ။

လက်ရှိ စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ နိုင်ငံစီးပွားကျဆင်းမှုနဲ့အတူ အခြေခံကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်မှုဒဏ်ကို ဒေါ်ဂျာဘောက်တို့လို စစ်ဘေးဒုက္ခသည်တွေက အလူးအလဲ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။

ကမ္ဘ့ာစားနပ်ရိက္ခာအဖွဲ့ (WFP) က လူတစ်ဦးကို တစ်လ ၁၄၀၀၀ ကျပ်နှုန်းနဲ့ ပုံမှန် ထောက်ပံ့ပေးပါတယ်။ ဒါပေမဲ့ လက်ရှိ ကုန်ဈေးနှုန်းတွေနဲ့ မလုံလောက်တော့တာကြောင့် နွမ်းပါးသူတွေကို ဘုရားကျောင်းမှာ တစ်လတစ်ကြိမ် ရောင်းချပေးတဲ့ဆန်ကိုပဲ ဒေါ်ဂျာဘောက် အားကိုးလာရပါတယ်။

"၁၄၀၀၀ ရတယ်ဆိုပေမယ့် အခု ဆန် တစ်အိတ် ငါးသောင်းကျော်၊ ဆား တစ်ပိဿာ ၇၀၀၊ ဆီ တစ်ပိဿာဆို အရင် ခုနစ်ထောင်လောက်ပဲ၊ အခုက တစ်သောင်းကျော် ဖြစ်နေပြီ။ အခု ဆန်ဈေးနှုန်းတွေကလည်း ဈေးကြီးလာတော့ ဘုရားကျောင်းကနေ မရှိတဲ့သူတွေကို ရောင်းပေးတာ ဆန်တစ်ပြည်ကို တစ်ထောင် ဟုတ်တယ်။ အခုကြည့် မိသားစုအကုန်ပေါင်းတောင် ဆန်တစ်အိတ်စာဖိုး မရဘူး။ အခု ဆန်တစ်အိတ် ငါးသောင်းကျော် ဟုတ်တယ်။ ဒါကြောင့် ကျမကတော့ ဘုရားကျောင်းကနေ မရှိတဲ့ သူတွေအတွက် ဈေးချိုချိုနဲ့ ရောင်းပေးတဲ့ နေရာကနေပဲ ဝယ်စားနေတာ"

မိုင်းနား (KBC) စစ်ဘေးဒုက္ခသည်စခန်းမှာ ရွာပေါင်း ၅၀ ကျော်ကနေ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ အိမ်ထောင်စု ၅၀၀ ကျော် လူဦးရေ ၃၀၀၀ နီးပါးရှိပါတယ်။

kachin-idp.jpg
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနား (KBC) စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူအချို့ကို တွေ့ရစဉ်

လက်ရှိကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုတွေကြောင့် အိမ်ထောင်စု ၄၀၀ လောက်ဟာ စားဝတ်နေရေး အကျပ်တည်းဆုံး အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒုက္ခသည်စခန်း ဒုတာဝန်ခံ ဦးလွမ်းဇောင်းက ပြောပါတယ်။

"တချို့က ကျပန်း အလုပ်လုပ်တယ် ပြီးတော့ တချို့မိသားစုက အရွယ်ရောက်ပြီး၊ အလုပ်လုပ်နိုင်တဲ့သူတွေက အလုပ်သွားလုပ်တယ် ရွှေမှော်၊ ကျောက်မှော် သွားတဲ့သူတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ကလည်း ရချင်ရတယ်၊ မရချင်လည်းမရဘူးပေါ့ အဲလို လည်ပတ် နေတဲ့သူတွေ ရှိတယ်။ တချို့ကျတော့ အပြင်မှာ ဟင်းသီးဟင်းရွက် စိုက်စားတယ်။ နေရာက အမျိုးတွေဆီတောင်းပြီးတော့ပေါ့။ အများအားဖြင့်ကတော့ ဒီမှာ အိမ်ထောင်စု ငါးရာကျော်ရှိတဲ့အထဲက အလုပ်လုပ်နိုင်တဲ့ အရွယ်ရောက်ပြီးသားသူတွေ၊ နေ့စား လုပ်နိုင်တဲ့သူတွေက အိမ်ထောင်စု ၁၀၀ လောက်ပဲ ရှိတယ်။ ကျန်တဲ့ အိမ်ထောင်စု လေးရာလောက်က အရမ်းခက်ခဲတယ်ပေါ့"

ဒုက္ခသည်တွေဟာ အရင်က စခန်းအနီးဝန်းကျင်က ငှက်ပျောခြံ၊ ဖရဲခြံတွေမှာ နေ့စား အလုပ်လုပ်ရင်း မိသားစု စားဝတ်နေရေးကို ဖြေရှင်းခဲ့ကြတာပါ။ ဒါပေမဲ့ အာဏာသိမ်းပြီး နောက် လုံခြုံရေးအခြေအနေတွေကြောင့် လုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့ရပါတယ်။ ဒါကြောင့် အခြေအနေတွေ ပိုပြီးခက်ခဲလာခဲ့တယ်လို့ စစ်ဘေးဒုက္ခသည် ဒေါ်ဂျီနူးက ပြောပါတယ်။

"ဒီက ထောက်ပံ့တာကို မှီခိုပြီး ကျမတို့လည်း တတ်နိုင်သလောက်ပေါ့ ခရီးဝေးထွက် အလုပ်လုပ်ဖို့ကလည်း တိုက်ပွဲတွေ ဖြစ်နေတာဆိုတော့ ဘာပဲဖြစ်ဖြစ် စိုးရိမ်ရတယ်လေ။ တစ်ခါတလေ သားတွေ နေ့စားသွားလို့ရရင် နည်းနည်းပါးပါး မိသားစုစားဝတ်နေရေးကို ဖြေရှင်းရင်းနေနေတာ ဟုတ်တယ်။ အခုက ဆန်တွေ ဈေးကြီးတယ်၊ အစားအသောက် တွေ အရမ်းဈေးကြီးတယ်။ တစ်ခုခုဝယ်ဖို့ဆိုရင် ငါးရာအထက်မှ နှစ်ရာဆို ဘာမှမရဘူး။ အဲဒါကြောင့် ဘာပဲ ဝယ်စားဝယ်စား မလောက်ဘူးပေါ့"

ဒေါ်ဂျီနူးဟာ သားငါးယောက် မိခင်ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၁ နှစ်ကျော်လောက်ထဲက တိုက်ပွဲ တွေကြောင့် ဝိုင်းမော်မြို့နယ် ဒဘတ်ယန် ကျေးရွာကနေ မိုင်းနား စစ်ဘေးဒုက္ခသည် စခန်းမှာ ခိုလှုံနေတာပါ။

ကချင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးရဲဝင်းထွန်းက ဒုက္ခသည်တွေ အတွက် ကျန်းမာရေး၊ ပညာရေးနဲ့ အခြားလိုအပ်ချက်တွေကို ကူညီနေပြီး သူတို့ တာဝန် ယူထားတဲ့ ကာလမှာ ကျေးရွာ သုံးရွာ ပြန်လည် နေရာချထားပေးနိုင်ခဲ့သလို နောက်ထပ် လည်း ပြန်လည်နေရာချထားနိုင်အောင် ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

"ရုတ်တရက် စားဖို့ ဘာတို့ လုံးဝမရှိဘူးဆိုရင်တော့ အရေးပေါ်အနေနဲ့ အသင်းတော်တွေ၊ နောက် နယ်အဖွဲ့တွေ၊ KBC အဖွဲ့ချုပ်တွေကတော့ ကူညီသွားမှာ ဖြစ်ပါတယ်"

ကချင်အမျိုးသားများအတိုင်ပင်ခံရုံး ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန် ကလည်း ဒုက္ခသည် တွေရဲ့ အရေးပေါ် လိုအပ်ချက်ပေါ်မူတည်လို့ ကူညီသွားဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

"၁၁ နှစ်ကျော်ပြီပေါ့နော် ဆိုတော့ ဘယ်လိုရုန်းကန်ရမယ်ဆိုတာ သူတို့ သိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်မို့ လုံးဝကို အကူအညီမဲ့နေရင်တော့ တစ်မျိုးပေါ့လေ။ တချို့ တော့ အစီအစဉ်ရှိကြမှာပါ။ ကိုယ် ဒါကို ဘယ်လိုရုန်းထွက်မယ်ဆိုတာ။ ကျနော်တို့က တော့ ဥပမာ- သူတို့ရဲ့ လိုအပ်မှုပေါ် မူတည်ပြီးမှ အရေးပေါ် ကူညီဖို့တော့ လုပ်ရမှာ ဖြစ်တယ်။ ရုတ်တရက် စားဖို့ ဘာတို့ လုံးဝမရှိဘူးဆိုရင်တော့ အရေးပေါ်အနေနဲ့ အသင်းတော်တွေ နောက် နယ်အဖွဲ့တွေ၊ KBC အဖွဲ့ချုပ်တွေကတော့ ကူညီသွားမှာ ဖြစ်ပါတယ်"

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန် လာတာကြောင့် ဒုက္ခသည်တွေကို သွားရောက်ကူညီရေးအပိုင်းမှာ ခက်ခဲလာတယ်လို့လည်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒေသအခြေစိုက် ကချင်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလကုန်အထိ ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်စခန်းပေါင်း ၁၆၀ ကျော်ရှိပြီး ဒုက္ခသည် တစ်သိန်းခွဲနီးပါး ရှိပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ဒုက္ခသည် တစ်သောင်းကျော် ထပ်တိုးလာတာကြောင့် အခု ဆိုရင် ကချင်စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်သောင်းကျော်အထိ ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။