လိုင်ဇာက ကချင်ဒုက္ခသည်တွေ အိမ်ပြန်နိုင်ဖို့ အလှမ်းဝေးနေဆဲ

2022.04.12
Share on WhatsApp
Share on WhatsApp
လိုင်ဇာက ကချင်ဒုက္ခသည်တွေ အိမ်ပြန်နိုင်ဖို့ အလှမ်းဝေးနေဆဲ ကေအိုင်အိုဌာနချုပ် လိုင်ဇာဒေသ ဂျေယန် (Je Yang) ဒုက္ခသည်စခန်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာဒေသမှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါး ရှိတဲ့အထဲက ဂျေယန် (Je Yang) ဒုက္ခသည်စခန်းမှာ လူဦးရေး ရှစ်ထောင်လောက် ခိုလှုံနေပါတယ်။

ဒီဒုက္ခသည်တွေဟာ KIA) မြန်မာစစ်တပ်အကြား ၂၀၁၁ ခုနှစ်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်တွေမှာရှိတဲ့ ရွာပေါင်း ၇၀ ကျော်က ထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။ သူတို့ ဒီစခန်းကို ရောက်နေတာ ၁၂ နှစ်နီးပါး ရှိနေပါပြီ။

"စစ်ကောင်စီတွေရဲ့ အခုသူတို့လုပ်နေတဲ့ စိတ်ဓာတ်တွေကိုကြည့်ရင် ကျမတို့ အိမ်ပြန်မယ်ဆိုလည်း ဒီကိုပြန်လာရမှာပဲ"

ဇာတိရွာကို ပြန်ချင်ပေမယ့် သူတို့ ရွာမှာ မြန်မာစစ်သားတွေ အခုချိန်ထိ တပ်စွဲထားတာကြောင့် မပြန်ရသေးဘူးလို့ အသက် ၅၀ ကျော်အရွယ် ဒေါ်ကော့ဂျာက ပြောပါတယ်။

“ရွာဘက်မှာ စစ်တပ်တွေက လှုပ်ရှားနေတယ်။ စစ်ကြောင်းတွေက ခဏခဏရောက် တယ်လို့ သတင်းတွေလည်း ကြားနေရတယ်။ ကျမတို့လည်း ကိုယ့်ရပ်ရွာကိုပဲ ခြံတွေကို သွားရှင်းချင်တယ်ဆိုရင်လည်း မိုင်းတွေကို ကြောက်တယ်။ ရွာမှာ ဘယ်သူက ဘယ်လို လာလုပ်ထားလဲ ကိုယ်မသိဘူးလေ။ အိမ်ပြန်ချင်တာက အရမ်းပြန်ချင်တယ်။ ကျမတို့ စိတ်တွေ၊ ဝိညာဉ်တွေက အကုန်လုံးက ရွာမှာပဲ။ ခန္ဓာကိုယ်ပဲ ဒီမှာရှိနေတာ။ အခု ချက်ချင်းတောင်မှ ပြန်သွားပြီး အလုပ်ကြိုးစားလုပ်ကိုင်ဖို့ပဲ စိတ်ရှိနေတာ”

သူဟာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ဆိုင်မိုင်ရွာကဖြစ်ပြီး လူသူကင်းမဲ့တဲ့ သူတို့ ရွာမှာ အခုဆို အိမ်တစ်လုံးမှ မရှိတော့ဘဲ အပင်ရိုင်းတွေ၊ ချုံနွယ်တွေနဲ့သာ ပြည့်နေတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေပြန်ဖြစ်လာတာကြောင့် ဝိုင်းမော်၊ အင်ဂျန်းယန်၊ မိုးမောက် စတဲ့ မြို့နယ်တွေမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် အသစ်ထပ်တိုးလာပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂ဝ ပြည့်နှစ်က NLD အစိုးရ၊ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) နဲ့ ကချင်လူသားချင်း စာနာထောက်ထားမှုအဖွဲ့ (KHCC) တို့အကြား သဘောတူညီမှု ရထားခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝ၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာတော့ သူတို့တတွေ အိမ်ပြန်နိုင်ရေး မျှော်လင့်ချက်တွေ ပျက်သွားခဲ့ရပါတယ်။

အသက်ကြီးပြီး ကျန်းမာရေး မကောင်းတာမို့ သေမယ်ဆိုရင် သူ့ခင်ပွန်းခေါင်းချခဲ့တဲ့ ဇာတိ ဆိုင်မိုင်ရွာမှာပဲ သူလည်း ခေါင်းချချင်တယ်လို့ ဂျေယန် ဒုက္ခသည်စခန်းမှာပဲ ခိုလှုံနေတဲ့ ဆိုင်မိုင်ရွာသူ အသက် ၇၄ နှစ်အရွယ် ဒေါ် မရန်ကော့က ပြောပါတယ်။

“ဒီမှာက ဘာမှစားလို့မဝင်ဘူး။ အိပ်လို့လည်း မပျော်ဘူးဆိုတော့ အဘွားက ဒီလိုမျိုးပဲ သေသွားတော့မယ်လို့ပဲ ထင်တယ်။ ဒီမှာလည်း နေရာကျဉ်းကျဉ်းလေးပဲဖြစ်ဖြစ် အဘွား ဖို့ နေရာရရင်တော့ဆိုပြီး မျှော်လင့်မိတယ်။ အခုက အခန်းကျဉ်းကလေးတွေဆိုတော့ အိပ်မရဘူး။ နွေရာသီဆို ပူလွန်းလို့ ပေါင်းထားသလိုပဲ။ ပူလွန်းလို့တောင် သေသွားနိုင် တယ်။ အိမ်ပြန်နိုင်ဖို့တော့ မျှော်လင့်သေးတယ်။ အမျိုးသားကို မြှုပ်ထားတာကလည်း ရွာမှာပဲဆိုတော့ အဘွားက ဒီမှာသေပြီး ဒီမှာမြှုပ်လိုက်မှာကို မကြိုက်ဘူး၊ ဒီမှာမသေ ချင်ဘူး ရွာကိုပဲပြန်ချင်တယ်။ ဘယ်လောက်မှ နေနိုင်မှာလဲ မဟုတ်တော့တဲ့အတွက် ရွာကိုပဲ ပြန်ချင်နေတယ်”

အဘွား ဒေါ်မရန်ကော့ဟာ နှလုံးနဲ့ သွေတိုးရောဂါ ခံစားနေရပြီး နေ့စဉ်ပုံမှန်ဆေးသောက် နေရသူ ဖြစ်ပါတယ်။

အရင်က နယ်စပ်ဖြတ် တရုတ်ပြည်ဘက်ကူးပြီး ငှက်ပျောခြံတွေမှာ နေ့စားအလုပ်နဲ့ ပိုက်ဆံ ရှာလို့ရခဲ့ပေမယ့် ကိုဗစ် ကပ်ရောဂါနဲ့ အာဏာသိမ်းနောက်ဆက်တွဲ ပြည်တွင်းစစ်ကြောင့် တရုတ်ဘက်က ကချင်ဒုက္ခသည်တွေကို ပေးမဝင်တော့ပါဘူး။ ဒါ့ကြောင့် ဒုက္ခသည်တွေ စားဝတ်နေရေး ပိုခက်ခဲလာတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

သူ့ရဲ့ဇာတိ ဂန်ဒေါင်ရွာကို ပြန်ချင်ပေမယ့် အာဏာသိမ်းပြီး အသစ်ပြန်ဖြစ်လာတဲ့ တိုက်ပွဲ တွေကြောင့် မပြန်ရဲဘူးလို့ ဒေါ်လွမ်းနန်းက ပြောပါတယ်။

“မနှစ်ကနေစပြီးတော့ Lockdown ပြန်လုပ်လိုက်တော့ ကုန်ဈေးနှုန်းတွေလည်း အဝေး က သယ်ယူရတာလည်းခက်တော့ ဈေးကလည်း ပိုကြီးသွားပြီ။ ကျမတို့လည်း အဝေးကို သွား ငွေမရှာနိုင်တော့ဘူး။ အရင်ကတော့ တရုတ်တွေလုပ်တဲ့ ငှက်ပျောခြံတွေမှာ နေ့စား ရှာစားနိုင်တဲ့သူတွေလည်းရှိတယ်။ အခုကတော့ ကိုဗစ်ကြောင့် တရုတ်တွေလည်း ငှက် ပျောခြံတွေ မလုပ်တော့ ကျမတို့လည်း ဘယ်မှာမှ ရှာစားလို့ မရတော့ဘူး။ စစ်ကောင်စီ တွေရဲ့ အခုသူတို့လုပ်နေတဲ့ စိတ်ဓာတ်တွေကိုကြည့်ရင် ကျမတို့ အိမ်ပြန်မယ်ဆိုလည်း ဒီကို ပြန်လာရမှာပဲ။ စစ်ပွဲတွေက ပြန်မဖြစ်ဘူးလို့ မပြောနိုင်ဘူးလို့ပဲ တွေးနေမိတယ်”

သူဟာ ၂၀၁၁ ခုနှစ်ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဇာတိ ဂန်ဒေါင်ရွာကနေ ထွက်ပြေးလာ ပြီး ဒီဒုက္ခသည်စခန်းမှာ ခိုလှုံနေတာ ၁၁ နှစ်ရှိပါပြီ။ ရုပ်မြင်သံကြားမှာ စပါးစိုက်တာ၊ တောင်ယာခုတ်တာတွေကို မြင်ရချိန်နဲ့ ဒီစခန်းမှာ ဆန်ဝေပေးတဲ့အချိန်မျိုးဆို သူ့ဇာတိ ဂန်ဒေါင်ရွာကို သတိရတယ်လို့ ဒေါ်လွမ်းနန်းက ဆိုပါတယ်။

ဂျေယန်စခန်းမှာ ၁၁ နှစ်ကျော်နေထိုင်လာတဲ့ ဒုက္ခသည် ဦးမရှုလဝမ်ကတော့ သူတို့နေရပ် ပြန်ဖို့ဆိုရင် ကေအိုင်အေနဲ့ စစ်တပ် နှစ်ဖက်စလုံးက မိုင်းရှင်းလင်းရေးနဲ့ နေအိမ်ပြန် ဆောက်ပေးတာတွေ လုပ်ပေးမှ အဆင်ပြေလိမ့်မယ်လို့ ပြောပါတယ်။

“ဟိုတလောက ကျနော်တို့ ရွာနဲ့ကပ်ရပ်ပဲ အဲမှာတောင် တောင်ယာသွားခုတ်တဲ့ သူငယ် ချင်း တစ်ယောက် တောင်ယာခုတ်တဲ့အချိန် မိုင်းပေါက်ကွဲပြီး ခြေထောက်တောင် ပြတ်သွားတယ်။ နေရပ်ပြန်နေဖို့လည်း အဓိကတော့ ရပ်ရွာကို မိုင်းတွေ ရှင်းလင်းရေး လုပ်ပေးတာတွေ၊ အစိုးရနှစ်ဖက် သဘောတူပြီး အမခံချက်ပေးရင်တော့ ဘာပဲဖြစ်ဖြစ် မိမိနေရပ် ခြံတွေရှိနေတော့ အမခံချက်ရပြီး လုံလုံခြုံခြုံ ပြန်ရရင်တော့ ပြန်ချင်တယ်”

laiza-refugees-camp.jpg
ကေအိုင်အိုဌာနချုပ် လိုင်ဇာဒေသမှ ဂျေယန် (Je Yang) ဒုက္ခသည်စခန်းအား ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒုက္ခသည်တွေ နေရပ်ပြန်မယ်ဆိုရင် မိုင်းရှင်းတာ၊ လုံခြုံရေးယူပေးတာတွေ လုပ်ပေးလေ့ရှိတယ်လို့ ပြောပါတယ်။

“ကိုယ့်ရပ်ရွာမှာ ပြန်ပြီးအခြေချနေထိုင်တယ်ဆိုရင် ကျနော်တို့အနေနဲ့က နယ်မြေဒေသ အခြေအနေအရလည်း လုံခြုံရေးလုပ်ပေးရတယ်။ ပြီးရင် မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ကျနော်တို့ ဆောင်ရွက်ပေးရတယ်။ ဆောင်ရွက်ပေးပြီး သူ့နေရာသူ နေရာပြန်ချတာပေါ့၊ နောက်တစ်ခုကတော့ ကိုယ့်ရွာမှာ ကိုယ်မနေချင်တော့ဘူး နယ်မြေအသစ်မှာပဲ နေမယ် ဆိုတဲ့လူတွေ ရှိပါတယ်။ နယ်မြေအသစ်မှာ နေမယ်ဆိုတဲ့သူတွေကိုလည်း ကျနော်တို့ အနေနဲ့ သင့်တော်မယ့်နေရာတွေကို ပြောင်းရွှေ့နေရာချထားတာတွေလည်း ရှိပါတယ်။ တတိယကတော့ နယ်မြေအသစ်မှာလည်း မဟုတ်ဘူး၊ ကိုယ်လည်း မပြန်သေးတဲ့အဖွဲ့ တွေလည်း ရှိပါတယ်။ အဲလိုလူမျိုးတွေအတွက်လည်း ကျနော်တို့အနေနဲ့က ခုနက ပြောတဲ့ IDP Camp တွေမှာ ဆက်နေလို့ရအောင်ပေါ့နော် ဆောင်ရွက်နေတာရှိပါတယ်”

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ရဲ့ စာရင်းတွေအရ လိုင်ဇာအပါအဝင် KIO ထိန်းချုပ်နယ်မြေထဲမှာ ဒုက္ခသည်စခန်းပေါင်း ၂၀ ကျော်ရှိနေပြီး အင်ဂျန်းယန်၊ ဝိုင်းမော်၊ မန်စီနဲ့ မိုးမောက်မြို့နယ်ထဲက ထွက်ပြေးလာသူ ခြောက်သောင်းလောက် ခိုလှုံနေပါတယ်။

ကချင်လူသားချင်း စာနာထောက်ထားမှုအဖွဲ့ (KHCC) အပါအဝင် ဘာသာရေးနဲ့ လူမှုရေး ကူညီရေးအဖွဲ့တွေကတော့ ကေအိုင်အေဌာနချုပ် လိုင်ဇာအပါအဝင် ကချင်ပြည်နယ်တစ်ခု လုံးမှာ ဒုက္ခသည်စခန်းပေါင်း ၁၆၀ ကျော်ရှိနေပြီး စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲလောက် ခိုလှုံနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် အပါအဝင် မြန်မာပြည်အတွင်း စစ်ပွဲတွေ မရပ်မနား ဆက်ပြီးဖြစ်နေတာကြောင့် ဒုက္ခသည်တွေ အိမ်ပြန်နိုင်ရေးက အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
လေကြောင်းရန်ကာကွယ်ဖို့ ကြိုးစားနေတဲ့ PDF နည်းပြ ဂျက်မ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။