ဘဝနေဝင်ချိန်ကို ဒုက္ခသည်စခန်းမှာ ကုန်ဆုံးနေရတဲ့ ကချင်သက်ကြီးဒုက္ခသည်များ

RFA Burmese
2023.06.22
ဘဝနေဝင်ချိန်ကို ဒုက္ခသည်စခန်းမှာ ကုန်ဆုံးနေရတဲ့ ကချင်သက်ကြီးဒုက္ခသည်များ လိုင်ဇာအနီးက ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်ကြသည့် သက်ကြီးရွယ်အို စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့က တွေ့ရစဉ်။
RFA

၂၀၁၁ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန်ကချင်စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ရတဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေ ဒီနေ့ထိ အိမ်ပြန်ဖို့ ခက်ခဲနေပါတယ်။ နယ်မြေ အခြေအနေ မတည်ငြိမ်မှုတွေကြောင့် သူတို့ အိမ်မပြန်နိုင်တာ ၁၂ နှစ်ကျော် ကြာပါပြီ။

စစ်ဘေးဒုက္ခသည် အဘိုး၊ အဘွားတွေကလည်း နေရပ်ပြန်ပြီး ဘဝကို အေးအေးချမ်းချမ်း နေချင်ပေမယ့် နိုင်ငံရေးအာမခံချက် မရှိသေးတာကြောင့် သူတို့ရဲ့ ဘဝနေဝင်ချိန်ကို စစ်ဘေးဒုက္ခသည်စခန်းမှာပဲ ဖြတ်သန်းရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

သူတို့က ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးဒုက္ခသည် စခန်းတွေမှာ နေထိုင်ကြရတာပါ။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့အနီးက ဂျေယန်ဒုက္ခသည်စခန်းမှာ စစ်ဘေးဒုက္ခသည် ၈,၀၀၀ ကျော် နေထိုင်ပါတယ်။

အဲဒီထဲက အသက် ၇၀ ကျော်အရွယ် ဦးလဖိုင်ဂမ်ဒေး က စခန်းမှာ လူများပြီး ဆူညံလို့ သူ့အတွက် နေ့စဥ်နဲ့အမျှ ခက်ခက်ခဲခဲ ဖြတ်သန်းနေရတယ်လို့ ဆိုပါတယ်။ လူများတဲ့ နေရာကို ရှောင်လိုတာကြောင့် စခန်းဘေးမှာ ငါးမွေးပြီး သီးသန့်ထွက်နေပေမယ့်လည်း ကိုယ့်ရပ် ကိုယ့်ဒေသ မဟုတ်တာကြောင့် နေထိုင်စားသောက်ရေး အဆင်မပြေပါဘူး။

“ဆေးဖိုးတွေဘာတွေတော်တော်ခက်လာတယ်။ ခက်ခဲလာတော့ ဟို တရုတ်ပြည်ဘက်မှာ ပိုက်ဆံသွားရှာတော့ သူတို့ လက်မခံဘူး။ ခင်ဗျား အသက်ကြီးပြီတဲ့ ကျွန်တော်တို့ မယူတော့ဘူးဆိုပြီးတော့မှ ပိုက်ဆံ တစ်ထောင် နှစ်ထောင်နဲ့ လက်ဖွဲ့ပြီးမှ ပြန်ခိုင်းလိုက်တယ်။ ဒီစစ်ရှောင်စခန်းမှာလည်း နေလို့ တော်တော်ခက်တယ် အသက်ကြီးလာပြီဆိုတော့ ဆူဆူညံညံနဲ့နေလို့မရဘူး အလုပ်လည်းမရှိဘူးဆိုတော့ ဒီမှာ ငါးကန်လုပ်တဲ့ ခြံမှာလာနေတယ်။ အလုပ်ဖြစ်မလားဆိုတော့လည်း ငါးမျိုးက တရုတ်ပြည်ဘက်က ယူတယ် တရုတ်ပြည် ဘက်က လမ်းပိတ်လိုက်တော့ မျိုးလည်းမရတော့ဘူး။ အခုလည်း စားဖို့သောက်ဖို့ အဆင်မပြေ တော်တော် အခက်အခဲတော့ ကြုံရနေတာပေါ့”

အခုလောလောဆယ် စားသောက်ရေးအခက်အခဲကြောင့် ရွာပြန်ပြီး အနည်းငယ် စိုက်ပျိုးစားဖို့ကိုသာ အဓိက မျှော်မှန်းထားပါတယ်။

သူဟာ ငါးကန် ၈ ကန်အထိလုပ်ရင်း ကြက်မွေးပြီးနေခဲ့တာပါ။ ကြက်နာတွေကြောင့် ကြက်တွေလည်း သေသွားသလို ငါးလည်း မျိုးမရ ငါးစာတွေလည်း စျေးကြီးတဲ့အတွက် ပိုပြီး ခက်ခဲနေတာပါ။

သူ့ဇနီးဖြစ်သူကလည်း ကျန်းမာရေးမကောင်းတဲ့အတွက် ပုံမှန် ဆေးရုံပြနေရသလို ဆေးဖိုးကုန်ကျစရိတ်တွေလည်း ရှိနေတယ်လို့ပြောပါတယ်။

"ဒီမှာနေတာ ကြာလာလေလေ ပိုပြီးတော့ ခက်ခဲလာတယ်။ လုပ်ကိုင်စားသောက်ဖို့ နေရာက မရှိတာနဲ့။"

သူ့ဇာတိက ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့က ဖြစ်ပေမယ့် ၂၀၀၅ ခုနှစ်မှာ ကချင်ပြည်နယ် နမ်ဆန်ယန်ကျေးရွာကို ပြောင်းရွှေ့လာခဲ့တာပါ။

အဲဒီနောက် ၂၀၁၁ ကချင်တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားချိန်က စပြီး ဂျေယန် စစ်ဘေးဒုက္ခသည်စခန်းမှာ စစ်ရှောင်နေရတာဖြစ်ပါတယ်။

နေရပ်ပြန်ချင်သူတွေထဲမှာ လိုင်ဇာမြို့နားက ဝေကျိုင် စစ်ဘေးဒုက္ခသည်စခန်းမှာ ခင်ပွန်းနဲ့အတူ ခိုလှုံနေတဲ့ ဝိုင်းမော်မြို့နယ်၊ အင်ပွန်ကျေးရွာက အသက် ၆၅ နှစ်အရွယ် ဒေါ်ခေါန်ဘူလည်း ပါဝင်ပါတယ်။

“အကုန်လုံး ပြန်ရင်တော့ပြန်မယ် မသေသေးရင်ပေါ့။ သေသွားရင်တော့ လိုင်ဇာမှာ နေခဲ့ရမယ်ပေါ့။ မသေသေးရင်တော့ တုတ်ကောက်ကိုင် ပြီးလည်း ကိုယ်ခြံဝင်းမှာ သွားလုပ်ကိုင်စားမယ်လို့ စဉ်းစားထားတယ်။ တစ်ခါတလေ လူသူတိတ်ဆိတ်တဲ့ အဝေးကြီးကို သွားလိုက်ချင်ပေမယ့် သွားဖို့နေရာကမရှိဘူး။ ဒီနားတွေပဲသွားပြီး ပြန်လာတယ်။ ဆောင်းတွင်းဆိုရင် ရေတွေလည်း အရမ်းခက်ခဲတယ်။ ရေတောင် မချိုးရဘူး။ ပူကပူတာနဲ့တော်တော် နေရခက်တယ်။ ”

ငွေမရှာနိုင်တော့တဲ့ သူတို့ နှစ်ယောက်အတွက် ဆန်ကို စခန်းကထောက်ပံ့လို့ စားနေရပေမယ့် တခြားအစားအသောက်တွေ အတွက်တော့ သူများ ကူညီမှ စားရတာဖြစ်တယ်လို့ပြောပါတယ်။ အသားငါးတွေ ဝယ်ချင် စားချင်ပေမယ့်လည်း ပိုက်ဆံမရှိတော့ နှစ်လကြာမှ တစ်ခါလောက်သာ အသားဝယ်စားပြီး ကျန်တဲ့ အချိန်တွေမှာ ဖြစ်သလို စားသောက်ပြီး နေထိုင်နေရပါတယ်။ သူတို့ဇနီးမောင်နှံမှာ သားတစ်ယောက် ရှိပေမယ့် ဖားကန့်ကို ထွက်သွားပြီးကတည်းက အဆက်အသွယ်မရတော့တာပါ။

ပြီးခဲ့တဲ့ ၂၀၂ဝ ပြည့်နှစ်က NLD အစိုးရ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ ကချင် လူသားချင်း စာနာထောက်ထားမှုအဖွဲ့ (KHCC) တို့အကြား စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေး ကိစ္စ သဘောတူညီမှု ရခဲ့ပေမယ့် ၂ဝ၂၁ ခုနှစ်မှာ စစ်တပ်က အာဏာ သိမ်းလိုက်တာကြောင့် အဲဒီအစီအစဉ် ပျက်သွားခဲ့ပြီး နေရပ်ပြန်ဖို့ ပိုခက်ခဲသွားတာ ဖြစ်ပါတယ်။

အသက် ၇၃ ရှိပြီဖြစ်တဲ့ ဝိုင်းမော်မြို့နယ် ဘန်ဒေါင်ကျေးရွာက အဖွား ဒေါ်အင်ခွမ်ထုကလည်း ဒုက္ခသည်စခန်းမှာနေတာ ကြာလာတာနဲ့အမျှ ခက်ခဲလာတယ်လို့ ပြောပါတယ်။

“ဒီမှာနေတာ ကြာလာလေလေ ပိုပြီးတော့ ခက်ခဲလာတယ်။ လုပ်ကိုင်စားသောက်ဖို့ နေရာက မရှိတာနဲ့။ ပိုက်ဆံရှာတဲ့သူကလည်းမရှိတော့ ပိုခက်ခဲလာတယ်။ ဒီမှာက ကလေးတွေကများပြီး ဆူညံတွေ နေရတာလည်း အရမ်းကျဥ်းကျပ်တယ်။ အသက်ကြီးပြီဆိုတော့ ကလေးတွေ ဆူရင်လည်း အိပ်မပျော်တော့ဘူး။ နေတာ ကြာလာတော့ အတူတူ ထွက်ပြေးလာတဲ့ အသက်ကြီးတဲ့ အဖိုးအဖွားတွေကလည်း ဆုံးသွားကြတာများပြီ ကျွန်မအမျိုးသားလည်း ဒီမှာပဲဆုံးသွားတာ။”

သူတို့ နေရပ်မှာ စစ်ကောင်စီတပ်တွေ အခြေချနေထိုင်တာ မရှိတော့ပေမယ့် လုံခြုံရေး အာမခံချက် မရှိသေးတဲ့အတွက် ပြန်မနေရဲကြတာ ဖြစ်တယ်လို့ပြောပါတယ်။

လိုင်ဂျာအနီးက ဂျေယန်၊ ဖုန်လွမ်ယန်၊ ဝေကျိုင် စတဲ့ စစ်ဘေးဒုက္ခသည်စခန်း သုံးခုမှာ အသက် ၆၀ နှစ်နဲ့အထက် အဖိုးအဖွားတွေ အယောက် ၂,၀၀၀ ကျော်ရှိနေတာဖြစ်ပြီး အသက်အရွယ် ကြီးတာနဲ့အမျှ အချို့ကလည်း ကျန်းမာရေးချို့တဲ့ကြသူတွေ ဖြစ်ပါတယ်။

လိုင်ဇာအနီးက ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်ကြသည့် သက်ကြီးရွယ်အို စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
လိုင်ဇာအနီးက ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်ကြသည့် သက်ကြီးရွယ်အို စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အသက် ၆၄ နှစ်အရွယ် မျက်မမြင်အဖွား ဒေါ်ဒေါင်နော်က နေရပ်ပြန်ချင်ပေမယ့် နေရပ်ပြန်ဖို့ လမ်းစမမြင်သေးတော့ စိတ်ဓာတ်ကျနေပါတယ်။

“မျက်စိလည်း မမြင်တော့ ခြေထောက်လည်း မကောင်းတော့ လမ်းမလျှောက်နိုင်ဘူး။ အပေါ့အလေးသွားတာတောင် အခန်းထဲမှာပဲ။ အိမ်မှာနေရင်တော့ မျက်စိမမြင်တာဘဲ ဘယ်ကိုလည်းရောက်တယ် အလုပ်လည်းလုပ်နိုင်တယ်။ နေရာတွေလည်း အကျင့်ဖြစ်နေတော့ အိမ်ထဲက အလုပ်တွေလည်းလုပ်နိုင်တယ်။ အခု ဒီမှာက သွားလာရင်လည်း ကျောက်ခဲတွေနဲ့ တိုက်ပြီးဒဏ်ရာရတဲ့ဟာတွေပဲ အိမ်ကလို မခန့်မှန်းတတ်တော့ မြောင်းထဲလည်းကျတော့ ဒဏ်ရာတွေများတော့ ခြေထောက်လည်း ကင်ဆာလိုမျိုးဖြစ်သွားတာ။ အခုကပိုဆိုးတယ် ပိုပြီး ဒုက္ခရောက်တယ် မြန်မြန်သေပါစေလို့ပဲ စိတ်ကူးနေတယ်။”

သူဟာ အသက် ၂၅ နှစ်အရွယ်ကတည်းက အမြင်အာရုံဆုံးရှုံးခဲ့တာပါ။ အခုက သူယောင်းမ ဖြစ်သူနဲ့ နေထိုင်နေတာပါ။ လမ်းလည်းမလျှောက်နိုင်တော့တဲ့အတွက် အပေါ့အလေး သွားတာတောင် အခန်းထဲမှာပဲ သွားနေရတာဖြစ်ပြီး တစ်နေကုန် အခန်းကျဉ်းလေးမှာပဲ နေထိုင်ရင်း အချိန်ကုန်နေရတာလည်းဖြစ်တယ်လို့ပြောပါတယ်။

ကေအိုင်အေဌာနချုပ် လိုင်ဇာအပါအဝင် ကချင်ပြည်နယ် တစ်ပြည်နယ်လုံးက စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲလောက်ဟာ စခန်းပေါင်း ၁၆၀ ကျော်မှာ ခိုလှုံ နေကြရတယ်လို့ ကချင်လူသားချင်း စာနာထောက်ထားမှုအဖွဲ့ (KHCC) အပါအဝင် ဘာသာရေးနဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။