မူးယစ်သားကောင်ဘဝကနေ ရုန်းထွက်နေတဲ့ အမျိုးသမီးငယ်

2023.03.17
မူးယစ်သားကောင်ဘဝကနေ ရုန်းထွက်နေတဲ့ အမျိုးသမီးငယ် Victory ပြန်လည်ထူထောင်ရေး စင်တာတွင် မူးယစ်ဆေးဝါးဖြတ်နေသည့် အမျိုးသမီးငယ် တစ်ဦးကို ၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့က တွေ့ရစဉ်။
RFA
အဆိုတော်ဖြစ်ချင်တဲ့ အသက် ၁၉ နှစ်အရွယ် မဂျုံးညမ်းဟာ မူးယစ်ဆေးဝါး ကျေးကျွန်ဘဝကနေ လွတ်မြောက်ဖို့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မိုင်းနားရွာက Victory ပြန်လည်ထူထောင်ရေး စင်တာကိုရောက်နေတာ နှစ်လနီးပါးရှိပါပြီ။
 
မဂျုံးညမ်းဟာ ၂၀၂၀ ပြည့်နှစ်မှာ မြစ်ကြီးနားကနေ ဆယ်တန်းအောင်ထားတဲ့ လူငယ် တစ်ယောက်ပါ။ ၂၀၂၁ ခုနှစ်၊ သူ အသက် ၁၈ နှစ်မှာတော့ ဝိုင်းမော်မြို့နယ် ပန်ဝါမြို့က စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်သွားလုပ်ရင်း မူးယစ်ဆေးဝါးစမ်းသုံးမိရာကနေ ဆေးစွဲတဲ့ဘဝကို ရောက်ခဲ့ရတာပါ။
 
သူ့သူငယ်ချင်းတွေကပြောလို့ အပျော်သဘောနဲ့ ဘိန်းဖြူစမ်းသုံးမိရာကနေ ဆေးထိုးအပ်နဲ့ သွေးကြောထဲ ထိုးသွင်းတဲ့အထိဖြစ်ခဲ့တာလို့ သူက RFA ကိုပြောပါတယ်။
 
“မူးယစ်ဆေး စသုံးတာကတော့ (၁၀) တန်းဖြေပြီး ပန်ဝါမှာ ပိုက်ဆံရှာသွားတုန်းက အဲဒီအချိန်မှာ သူငယ်ချင်းတွေက ကောင်းတယ် ကောင်းတယ်ဆိုလို့ ခေါ်သုံးလို့ အပျော်သဘောနဲ့ စမ်းရင်းနဲ့ စွဲသွားတာပေါ့။ စစချင်း သုံးတုန်းက တစ်ခါတည်း မထိုးဘူးပေါ့။ နောက်မှ အကိုတွေနဲ့တွေ့မှ အကိုတွေလည်းချတယ်လေ အကိုတွေက ပေါ့စွဲရင် ကြာတယ် အဲကြောင့်ထိုးဆိုပြီးမှ လက်သွေးကြော အဲလိုမျိုးဖြန့်ခိုင်းတာ အဲမှာထိုးပေး။ အဲကနေ ငါးခါ ခြောက်ခါလောက် ထိုးတယ်။ အဲကနေ ရင်းကန်လာပြီလေ အဲကနေစွဲတယ်ဆိုတာ ကိုယ့်ကိုကိုယ်သိသွားတာ ”
 
သူဟာ victory ဆေးဖြတ်စခန်းရောက်တာ သိပ်မကြာသေးပါဘူး။ ဒါကြောင့် ဆေးစဖြတ်သူတွေ ဖြစ်လေ့ရှိတဲ့ အိပ်မပျော် စားမဝင်တာ၊ နေလို့ထိုင်လို့မကောင်းတာမျိုးတွေ ခံစားနေရပေမယ့် ဒီဝေဒနာတွေကို ကျော်လွှားနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
 
မောင်နှမခြောက်ဦးထဲမှာ ဒုတိယမြောက်ဖြစ်တဲ့ မဂျုံးညမ်းဟာ ပတ်ဝန်းကျင်ရဲ့ဒဏ်ကို အမျိုးသားတွေထက် ပိုခံခဲ့ရသလို မိဘတွေကို စိတ်ဆင်းရဲမိစေခဲ့လို့လည်း ဝမ်းနည်းနေပါတယ်။
 
ဒါကြောင့် သူ့ဘဝကို ပြန်လည်တည်ဆောက်ဖို့ Victory ပြန်လည်ထူထောင်ရေးစင်တာ တာဝန်ခံဆရာတွေရဲ့ အကြံပြုချက်အရ ခြောက်လ ဒါမှမဟုတ် တစ်နှစ်လောက်နေပြီး ဆေးဖြတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

"ကိုယ်က ဘယ်လောက်ပဲ ပညာတတ်တတ် ဒီဘိန်းစားဆိုတဲ့ နာမည်ရထားပြီဆိုတာနဲ့ သုံးစားလို့မရ။" 

Victory စင်တာကို မြန်မာပြည် AG အသင်းတော်ကနေ ဦးဆောင်ပြီး အသင်းတော်အပြင် ပြင်ပ အလှူရှင်တွေရဲ့ အလှူငွေနဲ့ ဝိုင်းမော်မြို့နယ် မိုင်းနားရွာမှာ ၂၀၁၆ ခုနှစ်ကတည်းက ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အဲဒီမှာ လက်ရှိ ဆေးဖြတ်နေတဲ့သူ တစ်ရာကျော်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
 
နိုင်ငံရေးပဋိပက္ခနောက်ပိုင်း ဆေးလာဖြတ်တဲ့အထဲ အသက်မပြည့်တဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေ သိသိသာသာတိုးလာတယ်လို့ Victory ပြန်လည်ထူထောင်ရေးစင်တာ တည်ထောင်သူ သိက္ခာတော်ရ ဆရာတော် ဦးဒေါင်လွမ်းက RFA ကိုပြောပါတယ်။
 
“နယ်ပယ်အသီးသီးမှာ လူငယ်တွေ၊ လူလတ်ပိုင်းတွေ တချို့သော အမျိုးသမီးတွေ အသက်ကြီးပိုင်း ပုဂ္ဂိုလ်တွေကအစ အနည်းနဲ့အများ မူးယစ်ဆေးစွဲတဲ့သူ များခဲ့ပါတယ်။ သို့သော်လည်း ဒီဘက်ပိုင်း ၂၀၂၁၊  ၂၀၂၂  ဝန်းကျင်ကတော့ အဆိုးဆုံးလို့ ပြောရမှာဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ကျနော်တို့ တိတိကျကျ မပြောနိုင်ပေမယ့် လူတော်တော် များများ လူမျိုးတိုင်း ဘာသာတိုင်း နေရာအနှံ့မှာလိုလို မူးယစ်ဆေးဝါးက အရင်ထက် ပိုများလာတယ်လို့တော့ ပြောလို့ရတယ် ”
 
လက်ရှိ မဂျုံးညမ်းအပါအဝင် အမျိုးသမီး ၁၀ ဦးဝန်းကျင်ရှိနေပါတယ်။ သူတို့ကို ဆေးနဲ့ ကုသပေးသလို၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာပါ တစ်ပြိုင်တည်း ပြုစုပျိုးထောင်ပေးပြီး ဘာသာရေး အဆုံးမနဲ့လည်း ပြောင်းလဲပေးတယ်လို့ ဆိုပါတယ်။
 
Victory ဆေးဖြတ်စခန်းမှာ ဆေးဖြတ်ပေးခဲ့တဲ့သူ ၂၀၀၀ ကျော်ရှိပြီလို့ဆိုပါတယ်။ အဲဒီလူတွေထဲမှာ ၄၀၀ လောက်ပဲ ဆေးပြတ်သွားကြပြီး တချို့ဆေးပြန်စွဲတဲ့ ဘဝရောက်ကြသလို ဆေးသမားဘဝနဲ့ နိဂုံးချုပ်သွားသူလည်း ရှိတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
 
အသက် ၃၉ နှစ်အရွယ် ကိုလွမ်းဒေါင်ကလည်း ထိုင်းနဲ့ တရုတ်နိုင်ငံမှာ စားဖိုမှူးအဖြစ် အလုပ်လုပ်ရင်း စိတ်ဖိစီးမှုဒဏ်ကို ဖြေဖျောက်ဖို့ ၂၀၀၇ ခုနှစ်မှာ မူးယစ်ဆေးစမ်းသုံးခဲ့တာပါ။ အဲဒီကနေ ဆေးစွဲခဲ့ပြီး အိမ်ထောင်ရေးပျက်စီးခဲ့ရသလို၊ သမီးကိုသွားတွေ့ဖို့တောင် အလှမ်းဝေးနေသူပါ။
 
ဆေးဖြတ်ပြီး လူ့အဖွဲ့စည်းထဲ ပြန်ဝင်လာသူတွေကို ပတ်ဝန်းကျင်က ဖေးမကူညီပေးသင့်တယ်လို့ ကိုလွမ်းဒေါင်က RFA ကိုပြောပြပါတယ်။
 
“လူတွေရဲ့ အထင်အမြင်သေးခံခြင်းကို ကိုယ်က တစ်ခါတလေ မခံနိုင်ဘူး။ မခံနိုင်တဲ့အခါမှာ ပြန်ပြန်ပြီးမှ နဂိုလမ်းထဲ ပြန်ယိုင်လဲတဲ့သူများတာ။ တကယ်တမ်း ကူညီမယ်ဆိုရင် တစ်ခုခုအစား ထိုးပေါ့။ သူ့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ အသက်မွေးဝမ်းကြောင်းပိုင်း ဆိုင်ရာပဲဖြစ်ဖြစ် ကျနော်တို့ ကာယကံရှင် မူးယစ်ဆေးတစ်ယောက်ရဲ့ ပြောင်းလဲနေတဲ့ လက္ခာဏာထဲမှာ ရပ်တည်ပေးရင် ပိုပြီးမှ အဆင်ပြေတယ်လို့ မြင်တွေ့ရတယ်“
 
သူဟာ ဒီဆေးဖြတ်စခန်းကို ၂၀၂၁ ခုနှစ်၊ နှစ်ကုန်မှာရောက်ခဲ့ပြီး တစ်နှစ်ကျော်မှာ ဆေးပြတ် သွားပေမယ့် အပြင်ရောက်ရင်လည်း အပြီးဖြတ်နိုင်ဖို့ ဒီဆေးဖြတ်စခန်းမှာပဲ ဆက်နေဦးမယ်လို့ ဆိုပါတယ်။
 
Victory ပြန်လည်ထူထောင်ရေး စင်တာတွင် မူးယစ်ဆေးဝါး လာရောက်ဖြတ်နေသူများကို  ၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA )
Victory ပြန်လည်ထူထောင်ရေး စင်တာတွင် မူးယစ်ဆေးဝါး လာရောက်ဖြတ်နေသူများကို ၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA )
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ရှမ်း၊ ကချင်၊ ကယားနဲ့ ချင်းပြည်နယ်တွေမှာ ဘိန်းစိုက်ပျိုးတဲ့ မြေဧကတစ်သိန်းကျော် တိုးလာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ဇန်နဝါရီလ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီကလည်း ဒီနှစ်နှစ်အတွင်း ဘိန်းနဲ့ စိတ်ကြွဆေးပြားအပါအဝင် မူးယစ်ဆေးဝါး ကျပ်ဘီလီယံ နှစ်ထောင်ကျော်ဖိုး ဖမ်းဆီးရမိတယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်ထုတ် စစ်ကောင်စီ ထိမ်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
 
မဂျုံးညမ်းကတော့ ဆေးပြတ်သွားတာနဲ့ သူနာပြုသင်တန်းကျောင်းတက်ဖို့ ရည်ရွယ်ထားပါတယ်။ ဘယ်သူမှ မူးယစ်ဆေးကိုစမ်းသုံးတာမျိုးတောင် မလုပ်ကြပါနဲ့လို့ အကြံပြုပါတယ်။
 
“ကိုယ်က ဘယ်လောက်ပဲ ပညာတတ်တတ် ဒီဘိန်းစားဆိုတဲ့ နာမည်ရထားပြီဆိုတာနဲ့ သုံးစားလို့မရ။ သုံးမိခြင်း အားဖြင့် ခန္ဓာကိုယ်ပိုင်းလည်း ပျက်စီးတယ်။ ပြီးရင် တချို့ဆိုရင် အပ်တွေဘာတွေ ပေါင်းသုံးရင် အခုဆို ART ဆေးစားတဲ့လူတွေရှိတယ် အဲလိုမျိုးတွေရှိတယ်။ မိန်းကလေးတွေဆို ခန္ဓာကိုယ်ပိုင်းပျက်စီးတယ်။ မသုံးတာ ပိုကောင်းတယ်"
 
ပန်ဝါမြို့က မြေရှားသတ္တုတူးဖော်တဲ့လုပ်ငန်းတွေ၊ လောင်းကစားရုံ၊ ငါးဂိမ်းဆိုင်တွေနဲ့ အခြားလုပ်ငန်း မျိုးစုံမှာ လစာကောင်းတာကြောင့် မြန်မာပြည်အနှံ့က လူအများအပြား အလုပ်လာလုပ်ကြပြီး အဲဒီအထဲမှာ မဂျုံးညမ်းလို မူးယစ်ဆေးရဲ့ သားကောင်ဖြစ်သွားတဲ့ အမျိုးသမီးတွေ များစွာရှိတယ်လို့ ဆိုပါတယ်။
 
မူးယစ်ဆေးဝါးနှိမ်နှင်းရေး အရပ်ဘက်အဖွဲ့တွေဟာ နိုင်ငံရေးအခြေအနေကြောင့် သူတို့ရဲ့ လုပ်ငန်းတွေကို အရင်လို လွတ်လွတ်လပ်လပ် မလုပ်နိုင်တော့သလို မူးယစ်ဆေးဝါး ရောင်းဝယ်မှု များလာတာနဲ့ အလွယ်တကူရရှိနေတာကလည်း အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို တွန်းပို့သလို ဖြစ်နေတယ်လို့ အဲဒီအဖွဲ့တွေက ထောက်ပြကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။