မိမိကိုယ်ကို ခုခံကာကွယ်ဖို့ ဆယ်ကျော်သက်တွေ ကိုယ်ခံပညာသင်ယူနေ

RFA Burmese
2023.02.27
မိမိကိုယ်ကို ခုခံကာကွယ်ဖို့ ဆယ်ကျော်သက်တွေ ကိုယ်ခံပညာသင်ယူနေ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဇိုင်ဝန်ပေါင် (Zai Wunpawng) ကရာတေးကလပ်မှာ ကိုယ်ခံပညာသင်ကြားနေသူအချို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

တရားစီရင်ရေးနဲ့ ဥပဒေစိုးမိုးမှု ပျက်သုဉ်းသွားတဲ့ အခုလိုအချိန်မျိုးမှာ ကချင်ပြည်နယ်က မိန်းကလေးငယ်တွေအပါအဝင် ဆယ်ကျော်သက်လူငယ်တွေဟာ မိမိကိုယ်ကို ခုခံ ကာကွယ်နိုင်မယ့် ကိုယ်ခံပညာတွေကို သင်ယူလာကြပါတယ်။

မြစ်ကြီးနားမြို့က ဇိုင်ဝန်ပေါင် (Zai Wunpawng) ကရာတေးကလပ်မှာဆိုရင် လူမျိုး ဘာသာမရွေး အသက်ခြောက်နှစ်ကစပြီး အမျိုးသားရော၊ အမျိုးသမီးပါ ကရာတေး ကိုယ်ခံပညာကို သင်ကြားပေးနေတယ်လို့ သင်တန်းဆရာ ကိုရိန်းဘောမ်က ပြောပါတယ်။

ဒီသင်တန်းကို ၂၀၁၇ ခုနှစ်ကတည်းက သူ စတင်တည်ထောင်ခဲ့တာပါ။

ကိုယ်ခံပညာတစ်ခုခု တတ်မြောက်ထားသူဟာ ကိုယ့်ကိုရန်ပြုလာမယ့်သူကို တခြား သူတွေထက် ပိုမြင်လေ့ရှိတယ်လို့ ဇိုင်ဝန်ပေါင် ကရာတေးကလပ် တည်ထောင်သူ ကိုရိန်းဘောမ်က ပြောပါတယ်။

"ကျနော်တို့ ဒီမှာသင်တဲ့အခါ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် အသိ၊ သတိပေါ့။ လူက အရေးကြီးဆုံးက အသိ၊ သတိ ထားတတ်ဖို့ပေါ့။ ကိုယ့်ကို ဘယ်လိုပုံစံ ရန်ပြုလာမယ်၊ ဘယ်လိုပုံစံ လုပ်လာမယ်ဆိုတာကို မြင်တတ်၊ သိတတ်လာတာပေါ့။ ဒါက သူရဲ့ ဆဌမအာရုံလို့ ပြောရမလား။ အဲဒါကတော့ မဆော့တာထက်စာရင် ဆော့တဲ့လူကတော့ အဲလိုအမြင်တွေ ရှိလာမယ်။ အနည်းဆုံးကတော့ ကိုယ်ခံပညာ ဆော့ခြင်း အားဖြင့် ကိုယ့်ဆီလာတဲ့ဟာကို ခုခံတတ်လာမယ်။ ရန်သူကို တိုက်ခိုက်နိုင်ဖို့ထက် ခုခံပြီးတော့ ကိုယ့်ရဲ့ လွတ်မြောက်ရာ၊ ကိုယ့်ရဲ့ဘေးကင်းရာကို ကိုယ်တိုင် လုပ်ဆောင် တတ်လာမယ်လို့ ကျနော် ယုံကြည်ပါတယ်"

မူးယစ်ဆေးဝါး ပြဿနာနဲ့ ရုန်းကန်နေရတဲ့ ကချင်ပြည်နယ်မှာ လူငယ်တွေ မူးယစ်ဆေးဝါး ဘက်ကို အာရုံလွဲမသွားစေဖို့၊ စိတ်ဓာတ် ပိုကြံ့ခိုင်လာဖို့ ဒီသင်တန်းကို ရည်ရွယ် ဖွင့်လှစ်ခဲ့တာလို့လည်း ကိုရိန်းဘောမ်က ဆိုပါတယ်။

"ရန်သူကို တိုက်ခိုက်နိင်ဖို့ထက် ခုခံပြီးတော့ ကိုယ့်ရဲ့ လွတ်မြောက်ရာ၊ ကိုယ့်ရဲ့ဘေးကင်းရာကို ကိုယ်တိုင် လုပ်ဆောင်တတ်လာမယ်လို့ ကျနော် ယုံကြည်ပါတယ်"

သင်တန်းကြေး အတိအကျ သတ်မှတ်ထားပေမယ့် စစ်ဘေးဒုက္ခသည် ကလေးတွေ၊ မိဘမဲ့ ကလေးတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို အခမဲ့ သင်ကြားပေးနေတယ်လို့ သင်တန်းဆရာက ရှင်းပြပါတယ်။

မြစ်ကြီးနားမြို့သာမက မိုးညှင်း၊ ဗန်းမော်၊ ဆွမ်ပရာဘွမ်နဲ့ ရှမ်းပြည်နယ် မူဆယ်မြို့မှာပါ သင်တန်းခွဲတွေ ဖွင့်လှစ်ထားပြီး သင်တန်းသား တစ်ထောင်ဝန်းကျင်ကို သင်ကြား ပေးနေတာပါ။

ကရာတေး ကိုယ်ခံပညာကို သင်ယူနေတဲ့အခါ စိတ်ပိုင်းသာမက ရုပ်ပိုင်းမှာလည်း ပိုပြီး ကြံ့ခိုင်လာတယ်လို့ အသက် ၁၄ နှစ်အရွယ် ဇိုင်ဝန်ပေါင် ကရာတေးသင်တန်းသား မောင်ဘရန်လတ်က ပြောပါတယ်။

"အရင်ကတော့ အိမ်မှာနေတဲ့အချိန် ပျင်းပျင်းရိရိနဲ့ အိမ်အလုပ်လည်း မလုပ်ချင်ဘူး၊ အပြင်တွေပဲ လျှောက်လည်ချင်တာ။ ဒီမှာ ကရာတေး လေ့ကျင့်သင်ကြားတဲ့အခါ ဆရာကလည်း သေချာ ဆုံးမသင်ကြားပေးတော့ ကျနော်တို့ စိတ်တွေ ပြောင်းလဲ လာတယ်၊ မိဘတွေကိုလည်း ချစ်ခင်ရိုသေတတ်လာသလို အိမ်အလုပ်တွေလည်း ဝိုင်းကူတတ်လာတယ်။ နေ့တိုင်း လေ့ကျင့်နေတာကြောင့် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင် လာတယ်၊ မဆော့တဲ့ သူငယ်ချင်းတွေထက်စာရင် ပိုပြီး ခွန်အားရှိလာတာပေါ့။ နာခံမှုကလည်း ပိုပြီးရှိလာတယ်"

သူ ဒီသင်တန်းတက်နေတာ ငါးနှစ်ကျော်ပြီမို့ အညိုရောင်ခါးပတ်အဆင့် ရောက်နေပါပြီ။ ဒါပေမဲ့ သူက ခါးပတ်အနက် ရချင်သူပါ။ ခါးပတ်နက်အဆင့်သင်ယူဖို့ အသက် ၁၈ နှစ် ပြည့်ဖို့ လိုအပ်ပါတယ်။

ကရာတေးကိုယ်ခံပညာကို ခါးပတ် အဖြူ၊ လိမ္မော်၊ အပြာ၊ အဝါ၊ အစိမ်း၊ အညို၊ အနက် ဆိုပြီး အဆင့်ဆင့် သတ်မှတ်ထားပါတယ်။ ခါးပတ်အနက်က အမြင့်ဆုံး ဖြစ်ပါတယ်။

အခုလို မလုံခြုံတဲ့အချိန်မျိုးမှာ အမျိုးသမီးငယ်တွေအနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်နိုင်ဖို့ ကိုယ်ခံပညာ သင်ယူထားသင့်တယ်လို့ အသက် ၁၄ နှစ်အရွယ် သင်တန်းသူ မဆွတ်ဆိုင်းရိန်က တိုက်တွန်းပါတယ်။

"ကရာတေးမသင်သေးတဲ့အချိန်က အတိုက်အခိုက်က ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု လည်း မရှိဘူး။ ဘယ်နေရာပဲဖြစ်ဖြစ် မသွားရဲ၊ မလာရဲဘူး။ အခု လေ့ကျင့်သင်ကြားပြီး နောက်တော့ ကိုယ်ကိုယ်ကိုယ်လည်း ပိုယုံကြည်မှု ရှိလာတယ်။ အတိုက်အခိုက်က ဒုတိယပဲ ဖြစ်တယ်။ စိတ်ခွန်အားရတယ်၊ အခုက ခေတ်ကာလလည်း မကောင်းတော့ အမျိုးသမီးတွေ အဓိက ပိုပြီး သင်ယူထားသင့်တယ်"

မဆွတ်ဆိုင်းရိန်ဟာ ကရာတေးပညာ လေ့ကျင့်သင်ယူနေတာ တစ်နှစ်ဝန်းကျင်ရှိနေပါပြီ။

သူကတော့ မိမိကိုယ်ကို ခုခံကာကွယ်ဖို့အပြင် နိုင်ငံဂုဏ်ဆောင်နိုင်တဲ့ နိုင်ငံတကာပြိုင်ပွဲဝင် အားကစားသမားတစ်ယောက် ဖြစ်ချင်တာပါ။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဇိုင်ဝန်ပေါင် (Zai Wunpawng) ကရာတေးကလပ်မှာ ကိုယ်ခံပညာသင်ကြားနေသူအချို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဇိုင်ဝန်ပေါင် (Zai Wunpawng) ကရာတေးကလပ်မှာ ကိုယ်ခံပညာသင်ကြားနေသူအချို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။

ကိုယ်ခံပညာသင်ပြီးနောက်မှာ ဆယ်ကျော်သက်အရွယ် သမီးလေး ကိုယ်တိုင်ယုံကြည်မှု တွေ တိုးလာတာကို မြင်ရတဲ့အတွက် မိခင်တစ်ယောက်အနေနဲ့ ပီတိဖြစ်ရတယ်လို့ မဆွတ်ဆိုင်းရိန်ရဲ့ မိခင် ဒေါ်ဘန်လတ် က ပြောပါတယ်။

"မိန်းကလေးတစ်ယောက်လည်း ဖြစ်တယ်၊ ဒီလိုဖွံ့ဖြိုးထွားကြိုင်းလာတဲ့အရွယ် ရောက်လာတော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ခုခံနိုင်တဲ့ ပညာရပ်တစ်ခုပေါ့နော်။ ကိုယ့်နိုင်ငံရေး အခြေအနေအရပဲဖြစ်စေ၊ ပတ်ဝန်းကျင်မှာပဲဖြစ်စေ ကျမတို့နယ်မှာဆို ပိုပြီး မလုံခြုံဘူး။ အဲခါကျတော့ အသွားအလာမှာ တစ်စုံတစ်ရာဆိုလည်း ကိုယ့်ကိုယ် ကိုယ် လုံခြုံမှုပေးနိုင်တဲ့ အနေထားတစ်ခုကို ဖြစ်စေချင်တာပေါ့၊ မိဘဆိုတော့။ အခု ဒီကရာတေး တက်လည်းတက်ပြီးရော သူ့ရဲ့ နေပုံထိုင်ပုံ စမတ်ကျလာတယ်၊ ပြီးတော့ သူပြောတာဆိုတာတွေ နည်းနည်း လူကြီးဆန်တယ်လို့ အမေတစ်ယောက်အနေနဲ့ မြင်တာပေါ့။ သမီးကျောင်းသွားရင် ဘယ်လိုဖြစ်ရင် သမီး မကြောက်ဘူး၊ အဲလိုမျိုးက အစ လူကြီးဆန်လာတယ်။ သူ့ကိုယ်သူ ယုံကြည်မှု တိုးလာတာတွေကိုတော့ တော်တော်လေး သဘောကျဖြစ်တယ်"

စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းပြည် မငြိမ်မသက်ဖြစ်နေချိန် မြန်မာပြည်မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပျောက်ဆုံးကြောင်း ပြောဆိုချက်တွေကို Facebook လူမှုကွန်ရက်ပေါ်မှာ မကြာခဏ မြင်တွေ့ရပါတယ်။

မိမိလုံခြုံရေးအတွက် ကိုယ်တိုင်တာဝန်ယူနေရတဲ့ အခုလိုအချိန်မျိုးမှာ ကိုယ်ခံပညာ သင်ယူထားတာဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်တယ်လို့ ဇိုင်ဝန်ပေါင် ကရာတေးအသင်း တည်ထောင်သူ ကိုရိန်းဘောမ် က ပြောပါတယ်။

အခုနောက်ပိုင်းမှာတော့ ကချင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းမှာ ကရာတေးနဲ့ အခြား တိုက်ခိုက်ရေး အတတ်ပညာတွေကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ဖို့နဲ့ ကျန်းမာ ကြံ့ခိုင်ဖို့ ကချင်ပြည်နယ်မှာတော့ မူးယစ်ဆေးဝါး သားကောင်မဖြစ်ဖို့အတွက်ပါ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူလာကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။