ကရင်နီဒုက္ခသည်စခန်းမှာ ဆေးဝါးအကူအညီ လိုအပ်နေ
2021.08.03
ထိုင်း-မြန်မာနယ်စပ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ထိန်းချုပ်နယ်မြေထဲက စစ်ဘေးဒုက္ခသည် စခန်းမှာ လူဦးရေ တစ်ထောင်ကျော်အထိရှိနေပြီး၊ အဲဒီအထဲမှာ ထက်ဝက်ကျော်ကျော်က အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။
စစ်ဘေးဒုက္ခသည်ကယ်ဆယ်ရေးကော်မတီကနေ ဒုက္ခသည်တွေကို နိုင်သလောက် ကူညီပေးနေပေမယ့် လုံလောက်မှုမရှိဘဲ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ မိခင်တွေနဲ့ ကလေးငယ်တွေအတွက် ဆေးဝါးနဲ့ အသုံးအဆောင်တွေ လိုအပ်နေသေးတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) အတွင်းရေးမှူး (၂) မော်ပရေးမြာ က ပြောပါတယ်။
"အဓိက စခန်းမှာ ဦးဆောင်နေတဲ့ ကယ်ဆယ်ရေးကော်မတီတွေက အဓိကခြုံပြီးတော့မှ လိုအပ်ချက်တွေ IDP ရဲ့ လိုအပ်ချက်တွေကို ကူညီပေးတယ်။ သီးသန့် အမျိုးသမီးနဲ့ ကလေးငယ်တွေကို ကျမတို့ ကရင်နီ အမျိုးသမီးအစည်းအရုံးအနေနဲ့ အမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေ အမျိုးသမီးလိုအပ်တဲ့ပစ္စည်းတွေ ကတော့ gender ဘက်ကနေပြီးတော့မှ ကူညီပေးနေတာတော့ရှိတယ်။ လုံလောက်မှုတော့မရှိဘူးပေါ့။”
"ကလေးတိုင်းလည်း ဆေးသောက်ဖို့ မပေးနိုင်ဘူး"
အသက် ၅ နှစ်အောက် ကလေးငယ်တွေကို ပုံမှန်ထိုးနေကျ ကာကွယ်ဆေးတွေ ထိုးပေးဖို့လည်း အလုံ အလောက် မရှိတာကြောင့် ကလေးငယ်တွေ ကျန်းမာရေးအတွက် ရေရှည်မှာ အခက်အခဲရှိတယ်လို့လည်း လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ ကရင်နီကျန်းမာရေးဆေးမှူးတစ်ဦးက ပြောပါတယ်။
"အခက်အခဲရှိတယ်။ အခက်ခဲဆုံးက ၅ နှစ်အောင်ကလေးတွေ ကျနော်တို့ ကာကွယ်ဆေး ငါးမျိုး ခြောက်မျိုး ထိုးရတယ်ဆိုတော့ ကျနော်တို့ လောလောဆယ်တော့ မထိုးပေးနိုင်သေးဘူးပေါ့နော်။ ဒါပေမဲ့ တော့ အလှူရှင် ကျနော်တို့ မြန်မာပြည်မှာ တင်တောင်းထားတာတွေရှိတယ်။ ပြီးတော့ IRC ကိုလည်း တောင်းထားတာရှိတယ်။ အခုလောလောဆယ်တော့ ထိုးဖို့အခက်အခဲတွေရှိနေသေးတယ်။ တစ်ခုတော့ ရှိတယ် စခန်းထဲမှာမွေးပေးတာတို့ လောလောဆယ်တော့ စခန်းမှာ တစ်ခါတည်းထိုးပေးလို့ရတယ်။ အဲဒါက Dose တစ်ခုပဲ ထိုးပေးလို့ရမယ်။ ကလေးတစ်ယောက်မှာ လေးငါးလုံးထိုးရမယ်ဆိုတော့ အခက် အခဲအများကြီးရှိတာပေါ့။"

ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း ဆေးဝါးတွေ အစုံအလင်မရှိသလို ရောဂါကိုဓာတ်ခွဲဖို့ ဓာတ်ခွဲခန်းမရှိ တဲ့အတွက် ရောဂါကိုခန့်မှန်းပြီး ကုသနေရတယ်လို့ ဆိုပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ အဲဒီစစ်ရှောင် စခန်းမှာ လောလောဆယ် ကိုယ်ဝန်ဆောင်မိခင် ၁၀ ဦးရှိပြီး ကိုယ်ဝန်ဆောင်အားဆေးတွေ လုံလုံလောက် လောက် မရနိုင်ကြသေးဘူးလို့ ဒုက္ခသည်အမျိုးသမီးတွေက ပြောပါတယ်။ ကိုယ်ဝန် ခုနစ်လရှိနေတဲ့ အမျိုးသမီးတစ်ဦးက မွေးဖွားခါနီးအချိန်ထိ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ဘူးလို့ ပြောပါတယ်။
"ကျမကိုယ်ဝန်က ၇ လ ရှိပါပြီ။ ဆရာမက ကျမကို အားဆေးပေးတယ် ဖောလစ်အက်ဆစ်ပေးတယ်။ နောက် လေးမျိုးရှိတယ် တချို့ကတော့ အမည်မသိဘူး။ ဆရာမ ကျမကို ဆယ့်လေးရက်စာ ပေးပါတယ်။ အခုတော့ သုံးလေးရက်စာပဲ ရှိတော့တယ်။"
ထိုင်း-မြန်မာနယ်စပ် တောနက်ထဲက ဖြစ်သလိုနေထိုင်ရတဲ့ ဒုက္ခသည်စခန်းမှာ အမိုးအကာနဲ့ စောင်တွေ နွေးနွေးထွေးထွေး မရှိတဲ့အတွက် အခုလို မိုးရာသီမှာ ကလေးအတော်များများက ဖျားနာနေကြတယ်လို့ ကလေးမိဘတစ်ဦးက ပြောပါတယ်။
"ဒီမှာက ကလေးတွေ ချောင်းဆိုးကြတယ်။ ယောက်တိုင်းနီးပါပါပဲ ကျမ ကလေးလည်း ကိုယ်တွေပူတယ်။ ကလေးတိုင်းလည်း ဆေးသောက်ဖို့ မပေးနိုင်ဘူး။ ကလေးဆေးတွေက လိုသေးတယ်လို့ အဲလိုပြော ကြတယ်။"
လောလောဆယ် ကိုဗစ်ကာလဖြစ်နေတာကြောင့် လိုအပ်တဲ့ဆေးဝါးတွေကို ဝယ်ယူသယ်ဆောင်ဖို့ အခက်အခဲ ဖြစ်နေပြီး အခြေခံဆေးဝါးတွေကိုပဲ နိုင်သလောက် ဝယ်ယူသယ်ဆောင်နေရတယ်လို့ ဒုက္ခသည်စခန်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
ရာသီဥတုကြောင့်ဖြစ်တဲ့ လည်းချောင်းနာ၊ ချောင်းဆိုး စတဲ့ ရောဂါတွေအတွက်လည်း ဆေးဝါးတွေ မလုံ လောက်ဘူးလို့ ဒုက္ခသည်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွား ခဲ့လို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူပေါင်း တစ်ထောင်ကျော်လောက်ရှိနေပါတယ်။