စစ်ကောင်စီကိုတော်လှန်ဖို့ နိုင်ငံခြားသင်္ဘောသားဘဝကို စွန့်လွှတ်ခဲ့သူ
အသက် ၂၂ နှစ်အရွယ်ရှိတဲ့ ကရင်နီလူငယ် ဦးရယ်ဟာ နိုင်ငံခြားသင်္ဘောသားအလုပ်ကို စွန့်လွှတ်ပြီး အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ ကရင်နီတပ်မတော် KA မှာ စစ်သင်တန်းတက်နေပါတယ်။
သူဟာ အာဏာမသိမ်းခင်က ထိုင်ဝမ်မှာ သင်္ဘောသားအလုပ်ကို တစ်နှစ်လုပ်ခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ကြုံရချိန် နေရပ်ကိုပြန်လာပြီး လက်နက်ကိုင် လမ်းစဉ်ရွေးချယ်ခဲ့တာပါ။
"ကျနော့်မှာ အလုပ်ရှိတယ်။ ဒါပေမဲ့ ကျနော့်အလုပ်ကို ပစ်ထားပြီးတော့မှ ကျူးကျော်နေတဲ့ စစ်အာဏာ ရှင်တွေကို တစ်ဖက်တစ်လှမ်းကနေ တိုက်ထုတ်ချင်တယ်။ အဲလုပ်ရပ်တွေ မမှန်ကန်ကြောင်း အသိ အမှတ်မပြုနိုင်ဘူးပေါ့။ သူတို့အခု လူတွေကို ဒုက္ခပေးနေတယ်။ အဲဒါကို မကျေနပ်ဘူး။ ပြီးတော့ သူတို့ကို လက်နက်ကိုင် တော်လှန်ချင်တယ်ပေါ့။"
အခုတော့ ဦးရယ်ဟာ ကရင်နီတပ်မတော် (KA) ရဲ့ အပတ်စဉ် ၇၂ စစ်သင်တန်းကို ၃ လနီးပါးကြာ တက်ခဲ့ပြီး အောက်တိုဘာလ ၉ ရက်နေ့က သင်တန်းဆင်းခဲ့ပါတယ်။
"သူတို့က နိုင်ငံခြားမှာ ရောက်နေပေမယ့်လို့ မခံနိုင်လို့ ပြန်လာတာပေါ့"
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ မေ ၂၁ ရက်နေ့ကစပြီးတော့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားလာခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ဦးရယ်တစ်ယောက်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ တိုက်ပွဲတွေမှာ ပါဝင်လာခဲ့တာလို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီတိုက်ပွဲတွေမှာ ဦးရယ်ကိုင်ထားတဲ့ တူမီးသေနတ်က စစ်ကောင်စီရဲ့လက်နက်တွေကို ဘယ်လိုမှ မယှဉ်နိုင်တာကြောင့် အခုလို ကရင်နီတပ်မတော်ထဲကို ဝင်ရောက်ခဲ့တာလို့ ဦးရယ်က ပြောပါတယ်။
"အစပိုင်းကတော့ PDF အနေနဲ့ပဲ တိုက်ဖြစ်ပါတယ်။ လက်နက် အဆင်မပြေဘူးလေ။ ပွိုင့် 2 တို့ ယမ်းထောင်းတို့နဲ့ နောက်ပြီး အားမရဘူးပေါ့ ကိုယ့်စိတ်ထဲမှာ။ သူတို့ကို တွေ့တဲ့နေရာမှာ ဆော်မယ်။ အဲလောက်အထိ စိတ်ထဲမှာရှိတယ်။ နောက်ပြီး အဆင်မပြေဘူး။ လက်နက်ရချင်တဲ့ စိတ်တစ်ခုတည်းနဲ့ နောက်ပြီး သူတို့ကို မကြောက်ဘူးပေါ့။ လုံးဝပဲ။ အသေချေမှုန်းမယ်ဆိုပြီးတော့ ဒီကိုလာလိုက်တာ"
အောက်တိုဘာလ ၉ ရက်နေ့မှာ ကရင်နီတပ်မတော်ကနေ ဦးရယ် အပါအဝင် သင်တန်းသား ၃၇၄ ဦး သင်တန်းဆင်းခဲ့ပါတယ်။ ဒါဟာ ကရင်နီတပ်မတော်ကပေးခဲ့တဲ့ စစ်သင်တန်းတွေထဲမှာ သင်တန်းသား အများဆုံး အပတ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။
လူငယ်တွေ နိုင်ငံခြားကနေပြန်လာပြီး လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့တာဟာ ပြည်သူတွေ ဒုက္ခ ရောက်နေတာမခံနိုင်လို့ ဖြစ်တယ်လို့ ကရင်နီတပ်မတော် KA ရဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် အောင်မြတ်က ပြောပါတယ်။
"မျိုးချစ်စိတ်ပေါ့။ နိုင်ငံခြားရောက်တာတောင်မှ မလေးရှားတို့၊ ထိုင်းတို့၊ စင်ကာပူတို့ ရောက်ပြီး ပြန်လာပြီးတော့မှ တိုက်ပွဲဝင်ဖို့ သူတို့ဆုံးဖြတ်တယ်။ အဲဒါက သူ့အမျိုးသားတွေ တအားဒုက္ခ ရောက်တဲ့အတွက် သူတို့က နိုင်ငံခြားမှာ ရောက်နေပေမယ့်လို့ မခံနိုင်လို့ပြန်လာတာပေါ့"
လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့ ဦးရယ်ဟာ အာဏာမသိမ်းခင်က နိုင်ငံခြားသင်္ဘောသားဘဝနဲ့ မိဘတွေကို အလုပ်အကျွေးပြုရင်း ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းဖို့ ရည်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သူရဲ့ရည်မှန်းချက်ဟာ အာဏာရှင်ကိုတော်လှန်ပြီး နိုင်ငံအတွက်အကျိုးရှိစေမယ့် စစ်သားကောင်းတစ်ယောက် ဖြစ်ဖို့ပါပဲ။
"ကျနော် အဲဒီအိပ်မက်တွေ မရှိသလောက်ဖြစ်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင်ကြောင့် အသက်လည်း ကြီးသွားပြီလေ။ သူတို့ မသိတဲ့လူတွေကျတော့ တစ်နှစ်လောက်ပဲ။ သူတို့ အာဏာသိမ်းတာ ဘာမှမဖြစ်ဘူး ဆိုပေမယ့် ကျနော့်အတွက်တော့ အလုပ်လည်း အဆင်ပြေတော့မှာ မဟုတ်ဘူး။ ရည်ရွယ် ချက်တွေ ဆိုရင်လည်း မအောင်မြင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် အခုလည်း ရိုးရိုးသန်မာလူ မဟုတ်တော့ဘူး။ စစ်သား တစ်ယောက်ဖြစ်နေပြီ စစ်သားဆိုတာ စီးပွားရေးဘက် သိပ်ပြီးတော့ မပါချင် တော့ဘူး။ နိုင်ငံအတွက် အကျိုးပြုတဲ့ဟာ အဲဟာပဲ လုပ်ချင်တယ်။ အဲလောက်ပဲ"
နိုင်ငံတကာအသိုင်းအဝိုင်းကတော့ မြန်မာနိုင်ငံမှာ တစ်နေ့တစ်ခြားပြင်းထန်လာနေတဲ့ ပြည်တွင်းရေး ပဋိပက္ခတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းမယ့်ဆုံးဖြတ်ချက်ကို အားမပေးပါဘူး။ ဒါပေမဲ့ ပြည်တွင်း မှာ ကြုံတွေ့နေရတဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို နိုင်ငံတကာက မဟန့်တားနိုင်တာကြောင့် လူငယ်တွေ ဟာ ကိုယ့်ပြည်တွင်းအရေးကို ကိုယ်တိုင်ဖြေရှင်းမယ့် သွေးထွက်သံယို လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ် ထားကြပါတယ်။