ရန်ကုန်ဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွင်းခံရမှုကြောင့် ခြေတစ်ဖက် ဆုံးရှုံးခဲ့ရတဲ့လူငယ်

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် သစ်ဆိုင်ကွေ့မှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတွေက ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြလူအုပ်ထဲက အသက် ၂၄ နှစ်အရွယ် ကိုဖြိုးရဲ့ ဘယ်ဖက်ပေါင်ကို ကျဉ်ထိမှန်ခဲ့ပါတယ်။
အဲဒီအချိန်က ကိုဖြိုးဟာ ဆန္ဒပြပွဲမှာ ရှေ့တန်းကနေ ဒိုင်းကာအဖြစ် တာဝန်ယူခဲ့တာပါ။ ကျည်ထိမှန်လို့ လဲကျသွားတဲ့ သူ့ဆီကို စစ်သားတွေ လာရောက်ပြီးတော့ ဘယ်ဖက်ပေါင်ကို စိုက်ဝင်နေတဲ့ ကျည်ဖူးကို အဲဒီနေရာမှာတင် ထုတ်ယူခဲ့ကြပါတယ်။
"ခြေထောက်က ထိတာထိသွားတာ ချက်ချင်းကြီး သိတာမဟုတ်ဘူး။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ထုံနေတယ်။ ဒါနဲ့ ကျနော့်ခြေထောက် ကျနော်ကြည့်လိုက်တော့ သွေးတွေထွက်နေတယ်။ ပြန်ထတယ် ထလို့ လုံးဝမရတော့ဘူး ခြေထောက်က။ အဲမှာပစ်တဲ့ စစ်သားက ကျည်လာထုတ်သွားတယ်။ အနာ မရှိသေးဘူးဗျ။ ပုံမှန်ဆိုရင်တော့ အသားထဲကို ဓါးထိုးထည့်တာ နာတာပေါ့။ အဲဒီမှာ မနာဘူး ထုံနေတယ်။ သူယူလို့ ပြီးလည်းပြီးရော သွေးအရမ်းထွက်နေလို့ ဆေးပတ်တီးတွေပါ စည်းပေးပြီးတော့ ကားပေါ်လည်း တင်ရော ခြေထောက်က အဲမှာစပြီး အနာပြတာ။ အဲမှာ ကိုက်တဲ့ ကိုက်ချက်က အတိုင်းထက်အလွန်ပဲ အဲခြေထောက်ကြီးကို တစ်ခါတည်း ဖြတ်ပစ်လိုက်ချင်တာ။ တောက်လျှောက်ကြီးကိုက်နေတာ။ ဆွဲလည်း မရော ခြေထောက်က ပက်လက်ကြီး အရိုးပါကျိုးသွားတယ်။ ဆေးရုံရောက်လည်း ရောက်ရော သွေးကြော သုံးကြော ပြတ်သွားတယ် ပြောတယ်။ သွေးကြောပြတ်တယ် ဆိုတာကလည်း အမှန်ဆိုရင် ကျည်ကို ဆေးရုံရောက်မှ ထုတ်မယ်ဆိုရင် သွေးကြောတွေ မပြတ်လောက်ဘူးလို့ ကျနော်ထင်တာပဲ။ အဲကောင် ပြောလိုက်တာ မှတ်မိတယ် ကျနော့်စီကနေ ကျနော်ဝတ်ထားတဲ့ ဦးထုပ်တွေ မက်စ်တွေ အကုန်သိမ်းမယ် ကျည်ဆံယူမယ်လို့ စခန်းမှူးကိုပြောလိုက်တာ ကြားတယ်"
သူ့ဘယ်ခြေထောက်ကို မတ်လ ၁၇ ရက်နေ့က စစ်တပ်ဆေးရုံမှာပဲ ဖြတ်တောက်ခဲ့ရတာပါ။ ဒါပေမဲ့ ဒဏ်ရာထဲ ချုပ်ရိုးစကြိုးတွေ ကျန်ခဲ့တာကြောင့် နောက်ထပ် အကြီးစားခွဲစိတ်မှု နှစ်ကြိမ် လုပ်ခဲ့ရပါတယ်။
ကိုဖြိုးဟာ စစ်တပ်က အာဏာမသိမ်းခင်က တောင်ဒဂုံစက်မှုဇုန်ထဲမှာ ပွဲစားအလုပ် လုပ်ကိုင်ပါတယ်။ သူ့မှာ သုံးနှစ်အရွယ် သားလေးတစ်ဦးလည်း ရှိပါတယ်။
"ကိုယ့်ကို လုပ်လို့မရတော့ ညီကို ရိုက်နှက်သွားသေးတယ်။ ရိုက်နှက်သွားပြီးတော့မှ ထွက်သွားတယ်။"
အခုတော့ သူ့သားလေးအတွက် နေ့တဓူဝ ဝေယျာဝစ္စတွေကို မလုပ်ပေးနိုင်တော့တဲ့အတွက် ဖခင်တစ်ဦး အနေနဲ့ ကိုဖြိုးက စိတ်မကောင်းဖြစ်နေပါတယ်။
"ကျနော့်သားလေးနဲ့ အရင်တုန်းကဆို ကျနော်တို့ သားအဖနှစ်ယောက်ပဲ နေကြတာဗျ။ မဖြစ်ခင်တုန်းက ဆိုရင် သားအဖနှစ်ယောက် တပူးပူး တတွဲတွဲရှိတယ်။ အခုကြတော့ တော်ရုံတန်ရုံ သားနဲ့အတူ တွဲလာ တွဲသွားခွင့် မရှိတော့ဘူး။ ကလေးကိုလည်း ချီပြီးတော့ သွားလို့မရတဲ့ အခါကျတော့ သားအတွက်တော့ နည်းနည်း တချို့ဟာတွေတော့ စိတ်အားတော့ စိတ်ဓာတ်တော့ နည်းနည်းကျတယ်။ သားသမီးချင်း တူတာတောင် ကျနော့်သားကို သူများတွေလို တန်းတူမပေးနိုင်တော့ဘူး ဆိုတော့လေ နည်းနည်းတော့ ခံစားရတယ်"
သူဟာ ဘယ်ပါတီစွဲမှ မရှိဘဲ စစ်အာဏာသိမ်းမှုကို မခံမရပ်နိုင်ဖြစ်ရလို့ ဆန္ဒပြဆန့်ကျင်မှုမှာ ပါဝင်ခဲ့သူပါ။ ဒါကြောင့် သူ့အနေနဲ့ နောင်တမရဘူးလို့လည်း ကိုဖြိုးက ပြောပါတယ်။
"ကျနော် ဘယ်ပါတီစွဲမှ မရှိဘူး။ ကျနော့်အသက် ၂၀ ကျော်ပြီ ဘယ်ပါတီကိုမှ မဲမထည့်ခဲ့ဘူး။ ကျနော်တို့ သွားတာက အမှန်တရားပေါ်က သွားတဲ့အတွက် အမှန်တရားက ဖြစ်ချိန်တန်ရင် ဖြစ်မယ်လို့ထင်တယ်။ သိပ်ပြီးတော့ နောင်တကတော့မရှိဘူး။ ဒီလိုကာလကြီး ထပ်ဖြစ်လာတဲ့အတွက်ကို ကိုယ့်သားသမီးတွေ နောင်လာမယ့် ကလေးတွေအတွက်ကို လမ်းပေါ်ထွက်ခဲ့တာ အဲဒီအတွက် နောင်တကတော့ သိပ်မရဘူး။ ဖြစ်ချိန်တန်ရင် ဖြစ်တယ်လို့ပဲ တွေးထားတယ်"
သူဟာ ယခင်ကလို အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ မပါဝင်နိုင်တော့ပေမယ့် အာဏာသိမ်း စစ်ကောင်စီ တပ်သားတွေရဲ့ သင်္ကာမကင်းမှုကို ဒီနေ့အထိ ကြုံနေရဆဲပါ။

သူနေထိုင်ရာ ပတ်ဝန်းကျင်မှာ ဆန္ဒပြတာတွေ၊ ပစ်ခတ်တာတွေ ဖြစ်လာရင် သူ့အိမ်ကိုလာရောက် မေးမြန်းစုံစမ်း ခံနေရဆဲဖြစ်တာကြောင့် မလုံခြုံမှုကို ခံစားနေရတယ်လို့လည်း ကိုဖြိုးက ပြောပြပါတယ်။
"ကိုယ့်ကို လုပ်လို့မရတော့ ညီကို ရိုက်နှက်သွားသေးတယ်။ ရိုက်နှက်သွားပြီးတော့မှ ထွက်သွားတယ်။ သိပ်မကြာသေးဘူး တောင်ဒဂုံက နဂါးလေးအပစ်ခံရတဲ့ ကိစ္စမှာ ကျနော့်အိမ်ကို ရောက်လာသေးတယ်။ ရောက်လာတော့ ကျနော်တို့ဆီ ဘယ်သူမှလည်းမရှိဘူး။ အဲလိုတွေ အရမ်းရှုပ်မှာစိုးလို့ အစ်မက သူနဲ့ နီးစပ်တဲ့နေရာကို ခေါ်ထားတာ။ ကျနော့် အပေါင်းအသင်းတွေလည်း မလာကြဘူး အဲဒါပြောလိုက်ရ သေးတယ်"
မြန်မာနိုင်ငံနိုင်ငံမှာ အာဏာသိမ်းချိန်ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ သေဆုံးခဲ့ရတဲ့ ပြည်သူ ၁,၂၉၉ ဦးအထိ ရှိလာတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က မနေ့က ထုတ်ပြန်ထားပါတယ်။
ပြည်သူတွေဘက်က အသက်နဲ့ ဘဝပေါင်းများစွာ ရင်းနှီးထားရတာဖြစ်လို့ သူ့အနေနဲ့ ဒီတော်လှန်ရေးကိုတော့ ပေးဆပ်ရကျိုးနပ်စေချင်တယ်လို့ ကိုဖြိုးကပြောပါတယ်။