ဘိုကလေးမြို့နယ်က ဓနိခြံတွေမှာ လုပ်သားရှားပါးမှုနဲ့ ရင်ဆိုင်နေရ
2024.01.18
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာ ဓနိပင်တွေ အများဆုံးပေါက်ပါတယ်။ ဓနိပင် တွေဟာ မြစ်ချောင်းကမ်းပါးတွေမှာ အလေ့ကျလည်း ပေါက်သလို၊ စနစ်တကျ စိုက်ပျိုးကြတာလည်း ရှိပါတယ်။ ဓနိရွက်တွေကို အိမ်အမိုးအဖြစ်နဲ့ မြန်မာလူမျိုးတွေ သုံးလာတာ နှစ်ပရိစ္ဆေဒ ကြာခဲ့ပါပြီ။
အခုဆိုရင် မြန်မာနိုင်ငံမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာတဲ့ အပူဒဏ်ကြောင့် ဘိုကလေးမြို့နယ် အောက်ပိုင်းက ရွာတွေမှာ အိမ်အမိုးအတွက် ရိုးရာဓနိကို ပိုသုံးလာကြပြီး စျေးကွက် ပိုရှိပါတယ်။
“မနှစ်ကစပြီး အရောင်း သွက်တယ်။ အခုဆိုရင် ခုတ်လိုက် ကုန်လိုက်။ ခုတ်လိုက် ကုန်လိုက်ပဲ မှာကြတာ။ အခုကပို့ရင် မှာတာက ရက်ချိန်း ပေးထားခဲ့ရတယ်။ ရက်ချိန်းပေးပြီးတော့ ပို့ပေးနေရတယ်။ ပင်တိုင်တစ်ဦးကတော့ ထားတာပေါ့။ ရာသီဥတုတွေက ပူပြင်းလာတာလေ။ အခုဆောင်းတွင်းက ဆောင်းတွင်းနဲ့မှ မတူတော့တာ။ ပူချင်တဲ့အချိန် ထပူ။ မိုးရွာချင်တဲ့အချိန် ထရွာ။ အဲဒီလိုတွေ ဖြစ်နေတာ”
ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာအုပ်စု၊ တောင်ယာကြီးရွာက ဓနိခုတ်သမား အသက် ၅၉ နှစ်အရွယ် ဦးကြီးမြင့် ပြောပြတာပါ။ သူ့မှာ သားသမီး လေးယောက်ရှိပါတယ်။ သားကြီးနဲ့ သမီးလတ်က ထိုင်းနိုင်ငံမှာ အလုပ် လုပ်နေပါတယ်။ နောက်သားတစ်ယောက်ကလည်း ရန်ကုန်မှာ အလုပ် လုပ်ပါတယ်။
ဓနိခြံလုပ်ငန်းနဲ့ ဓနိထိုးတဲ့ အလုပ်တွေက ဝင်ငွေနည်းလို့ စားဝတ်နေရေး မဖူလုံတဲ့အတွက် လူငယ်တွေကို ဒီအလုပ်က ဆွဲဆောင်မှု မရှိသလောက် ဖြစ်နေပါတယ်။ ဒေသတွင်း လူငယ်တွေဟာ ဝင်ငွေပိုရဖို့အတွက် မြို့ကြီးတွေပေါ် ပြောင်းရွှေ့တာ၊ အဲဒီကတစ်ဆင့် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ကြတာတွေ ပိုများနေပါပြီ။
ဦးကြီးမြင့်လည်း ဓနိကို ခြံရှင်တွေဆီက ပုတ်ပြတ်ဝယ်ရပြီး အလုပ်သမား ရှားတဲ့အတွက် ကိုယ်တိုင် ခုတ်နေရပါတယ်။ သူ တစ်နေကုန် ဓနိခုတ်တာ ဓနိပျစ်ရေ ခြောက်ရာလောက် ရပြီး သူ့အတွက်တော့ ငွေတစ်သောင်းလောက် ရပါတယ်။ သူ့ဇနီး အသက် ၅၀ အရွယ် ဒေါ်သန်းသန်းမော်ကတော့ ဦးကြီးမြင့် ခုတ်လို့ရတဲ့ ဓနိတွေကို ထိုးသားတွေနဲ့အတူ ဓနိထိုးရပါတယ်။
ဓနိပျစ် တစ်ရာကို ကျပ် ၈၅၀၀ ပေါက်စျေးရှိပေမယ့် အဝယ်ဒိုင်ကို ခြောက်ထောင်ကျပ်နဲ့ ရောင်းရပါတယ်။ သုံးမယ့်သူ တိုက်ရိုက်မှာရင်တော့ ခုနစ်ထောင်ကျပ်နဲ့ ရောင်းတယ်လို့ ပြောပါတယ်။
သူတို့ရွာမှာတော့ ဓနိလုပ်ငန်းလုပ်ကိုင်သူတွေ တဖြည်းဖြည်း နည်းလာကြသလို ပိုက်ဆံပေးရင်တောင် လုပ်သားရှာရတာ ခက်နေတယ်လို့ ဒေါ်သန်းသန်းမော်က ပြောပြပါတယ်။
“ဒီမှာ အရင်တုန်းကတော့ တော်တော်များများပဲ လုပ်ကြတာ။ အခုနောက်ပိုင်း မလုပ်ကြတော့ဘူးလေ။ အခုနောက်ပိုင်း လုပ်တဲ့သူက သိပ်မရှိဘူး။ ပြောမယ်ဆိုရင် မတတ်နိုင်ကြတာပေါ့။ စျေးနှုန်းတွေနဲ့ လုပ်ရတဲ့အလုပ်နဲ့။ လူကလည်း ရှားကုန် တယ်လေ”
အသက် ၆၀ အရွယ် ဦးသိန်းဟန်က အလုပ်သမား ရှားနေတဲ့ သူ့သူငယ်ချင်း ဦးကြီးမြင့်ကို ဓနိ ဝိုင်းကူခုတ်ပေးနေတာပါ။
“သူငယ်ချင်းတွေဆိုတော့ ကိုယ်က သွားတဲ့ လာတဲ့အခါ ကူညီပေးတာ။ ဓနိခုတ်တဲ့သူက ဘယ်သူတွေ များလာလဲဆိုတော့ အသက်ကြီးပိုင်းတွေ ခုတ်တယ်။ ဒီမှာနေတဲ့ မိန်းမသားလေးတွေ ဘာတွေခုတ်တယ်။ တစ်နေ့ကို တစ်ရာစ နှစ်ရာစ သူတို့ အိမ်စရိတ်ပေါ့။ အဲဒီလောက်ပဲ ခုတ်တယ်။ လူငယ်ပိုင်းတွေ မခုတ်တော့ဘူး”
အသက်၂၉ နှစ်အရွယ် မသင်းသင်းလှိုင်ကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ဦးကြီးမြင့်တို့ရဲ့ ဓနိရုံမှာ ဓနိအငှားထိုးနေပါ။ သူတို့မိသားစုသုံးယောက် တစ်နေကုန် ဓနိထိုးလို့ ရတဲ့ဝင်ငွေဟာ ကျပ်တစ်သောင်းဝန်းကျင်ပဲ ရှိတယ်လို့ ပြောပြပါတယ်။
“သားအမိသုံးယောက် ထိုးတယ်ပေါ့။ တစ်နေ့ ခုနစ်ရာရတယ်။ ၁၅၀၀ စျေးနဲ့ ထိုးရတယ်။ ဒါပေမဲ့ ဒီတစ်မယ်တည်းတော့ မလောက်ဘူး။ ညီမလေးတို့ ကဏန်း ထောင်ရတယ်။ ရေထပတ်ကြရင်။ ရေသေပတ်ကြရင် ဒီကို လာတယ်။ ရေထပတ်ကြရင် ကဏန်း ထောင်တယ်။ ဓနိထိုးတဲ့ဟာက ဆန်ဖိုးပဲရတယ်”
ကဒုံကနိရွာက ရေလုပ်ငန်းသမား အသက် ၇၅ နှစ်အရွယ် ဦးမြချစ်ကတော့ သူ့အလုပ်ရုံမှာ ရေရှည်ခံတဲ့သွပ်ကို မမိုးဘဲ ဦးကြီးမြင့်တို့ဆီက ရိုးရာဓနိကိုပဲ အသုံးပြုနေတာပါ။
“အခုအိမ်တွေ သုံးအိမ်စလုံး သွပ်မိုးထားတာ နေလို့မရဘူး။ နေပူလာရင် နေလို့မရတော့ ဘူး။ အဲဒါကြောင့် ကမ်းနားပဲ ဆင်းနေလိုက်တာ။ ဒီမှာ သွပ်မိုးမယ်ဆိုရင် ဘယ်လောက်မှမကျဘူး။ အနည်းဆုံး မခံဘူးဆိုရင်တောင် ငါးနှစ်ကတော့ ခံတယ်။ သွပ်မိုးထားရင်။ ဒါပေမဲ့ နေလို့လည်း မရဘူး”
ဦးကြီးမြင့်တို့ မိသားစုကလည်း ဓနိခုတ်၊ ဓနိပျစ်လုပ်ပြီး ရလာတဲ့ဝင်ငွေနဲ့ ပိုလျှံမှု မရှိပေမယ့် စားဝတ်နေရေးဖြေရှင်းဖို့ ဒီအလုပ်ကိုပဲ ဆက်ပြီး လုပ်နေရဦးမယ်လို့ ပြောပါတယ်။
“ဓနိက ပုံမှန်စျေးပဲ သွားနေတာ။ မနှစ်က စျေးပဲ။ မတက်သေးဘူး။ ဝယ်စားရတာ တွေက တက်တာပေါ့။ တက်လည်း ဒီလိုပဲပေါ့။ မိုးပြို အများပေါ့။ ပိုလျှံမှုကတော့ မရှိဘူးပေါ့။ လုပ်လိုက် စားလိုက်ပဲ။ ရတာလေးတော့ စုထားရတာပေါ့။ တစ်လစာဆို တစ်လစာ ဝယ်ထားရတာပေါ့”