ရခိုင်စစ်ဘေးဒုက္ခသည် အမျိုးသမီးတွေရဲ့ဘဝ

2020.12.25

ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်တွေ စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတွေဟာ ဒုက္ခသည် စခန်းမှာ လုံခြုံရေးလိုအပ်ချက်တွေအပြင် တခြားအခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။

အဲဒီစစ်ဘေးဒုက္ခသည် အမျိုးသမီးတွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ အစိုးရကလည်း တစ်စုံတစ်ရာ လုပ်ပေးနိုင်တာ မရှိသေးဘူးလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဝန်ခံပြောဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံတွေဟာ အိုးအိမ်တွေကိုစွန့်ခွာပြီး ဘေးလွတ်ရာ စစ်ဘေးဒုက္ခသည် စခန်းတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒုက္ခသည် ၆၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့တွေက ထောက်ပြကြပါတယ်။

အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ မပြည့်စုံတဲ့ ပြဿနာကလည်း စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။

“အမျိုးသမီး အသုံးအဆောင်ပစ္စည်းတွေပေါ့။ အမျိုးသမီးများတဲ့ အိမ်ထောင်စုအတွက်ဆိုရင် လုံလောက်မှုမရှိဘူး။ အမျိုးသမီးနည်းတဲ့ အိမ်ထောင်စုအတွက်ဆိုရင် လုံလောက်မှုရှိပါတယ်။ မိသားစု ရှစ်ယောက်မှာ အဖေတစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေက အမျိုး သမီးတွေ အဲဒီလိုမိသားစုတွေလည်းရှိတယ်။ ၁၅ နှစ် ၁၆ နှစ်ဆိုရင် အပျိုဖော်ဝင်ခါစအခါဖြစ်တဲ့အတွက် အမျိုးသမီးသုံးပစ္စည်းတွေက မလုံလောက်ဘူး။ သမီးမိသားစုနည်းတဲ့သူတွေမှာဆိုရင်တော့ လုံလောက်ပါတယ်”

နောက်ထပ်ပြဿနာတစ်ခုကတော့ အမျိုးသမီး ဣန္ဒြေကိုလုံခြုံစေမယ့် ရေချိုးခန်း၊ အိမ်သာတွေမရှိတာကလည်း အခက်အခဲတစ်ခု ဖြစ်ပါတယ်။

“ဒုက္ခသည်စခန်းကို ရောက်စတုန်းကဆိုရင် ဟိုးလမ်းမကြီးနားမှာ ရေသွားချိုးရပါတယ်။ ယောကျာ်းရော၊ မိန်းမပါ အကုန်လုံး ချိုးနေကြတာပါပဲ။ ယောကျာ်း၊ မိန်းမရှောင်မဲ့နေရာလည်း မရှိတော့ဘူးလေ။ ယောကျာ်းက ဒီဘက်ကချိုးရင် မိန်းမကဒီဘက်က ချိုးတယ်။ အဲဒီလိုအခြေအနေတွေရှိပါတယ်။ အခုဆိုရင် အိမ်နောက်က ချိုးလို့တော့ရပါတယ်။ ဒါပေမဲ့ မလုံခြုံဘူး။ အဲဒါကို ကူညီပေးတဲ့သူတွေအနေနဲ့ မိန်းကလေးတွေ လုံခြုံဖို့အတွက် ရေချိုးဖို့အခန်းနေရာတွေ ပေးစေချင်ပါတယ်”

ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေဟာ အလှူရှင်တွေရဲ့အကူအညီနဲ့ ယာယီတဲအိမ်တွေကို ဖြစ်သလိုဆောက်လုပ်နေထိုင် ကြရတဲ့စခန်းတွေဖြစ်ပါတယ်။

စစ်ဆင်ရေးတွေကြားထဲမှာ အသက်အန္တရာယ်လုံခြုံရေးနဲ့ စားဝတ်နေရေးပြေလည်ရေးအတွက်ကို အဓိက ဦးစားပေးဆောင်ရွက်ကြ ရတာကြောင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်နေပါတယ်။

ကိုယ်ထူကိုယ်ထက် ဖြစ်သလိုဆောက်လုပ်ထားကြရတဲ့ အခန်းကျဉ်းတွေထဲမှာ မိသားစုတစ်ခု ပြွတ်သိပ်ထိုင်ကြရတာကလည်း စိန်းခေါ်မှုတွေထဲကတစ်ခုဖြစ်ပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကနေ စစ်တွေမြို့ကိုအထိ ထွက်ပြေးရောက်ရှိလာတဲ့ ဒေါ်ခင်သန်းနုကတော့ မိသားစုတစ်ခုလုံး စုပြုံနေကြရတဲ့ ကျဉ်းလေးထဲက အမျိုးသမီးတွေရဲ့ လုံခြုံမှုကို စိုးရိမ်နေသူ တစ်ဦးပါ။

“အခုကျွန်မတို့နေတာ ၇လရှိပါပြီ။ နေရတဲ့အခန်းက ငါးတောင်ကွင်းအခန်း။ ကျွန်မတို့မှာက မိသားစု ငါးယောက်ရှိတယ်။ မိသားစု ငါးယောက်မှာ ကျွန်မရဲ့ သားတစ်ယောက်၊ သမီးတစ်ယောက် ပြီးတော့ ကျွန်မတို့လင်မယား နှစ်ယောက်။ အဓိကအခက်အခဲက ကျွန်မမှာ ညီမလေးတစ်ယောက်ပါလာတယ်။ အဲဒီတော့ အိပ်ရတာ၊ နေရတာအဆင်မပြေဘူး။

အဝတ်အစားတွေလဲဖို့ကလည်း အခက်အခဲရှိတယ်။ ဘာကြောင့်လည်းဆိုရင် ကျွန်မအမျိုးသားက ယောကျာ်းလေ။ သူကအပျိုဆိုတော့ အဝတ်လဲရတာလည်း အခက်အခဲဖြစ်တယ်။ အိပ်ရတာလည်းအခဲဖြစ်တယ်။ ပြီးတော့ ဟိုနေရာမှာသွားအိမ် ဒီနေရာမှသွားအိပ်ဆိုရင် လည်း ကျွန်မတို့က စိုးရိမ်ရပါတယ်”

စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေရတဲ့ အမျိုးသမီးတွေဟာ အဲဒီလိုအခက်အခဲတွေနဲ့ ကြုံနေရသလို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ အပြောအဆိုတွေ အပြုအမူတွေကိုလည်း ခံနေကြရပါတယ်။

“အမျိုးသမီးတွေက သူတို့ရဲ့နဂိုမူလနေရာမှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံလုံခြုံခြုံနဲ့နေခဲ့ရတဲ့ဟာတွေက အခုဆိုရင် သူတို့အကုန်လုံးကို စိုးရိမ်ထိတ်လန့်ပြီးတော့နေနေရတယ်။ အိမ်သာသွားတဲ့အချိန်မှာ အိပ်တဲ့အချိန်မှာ နောက်ရေချိုးတဲ့နေရာမှာ အလွတ်မလပ် ကျဥ်းကျဉ်းကျပ်ကျပ်ထဲမှာနေနေရတယ်။ တချို့ဆိုရင် လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ အပြောအဆိုတွေ အပြုအမူတွေ လုပ်တဲ့ဟာတွေ လည်းကြားနေရတယ်။ အထူးစိုးရိမ်ရတာက ဒီထက်ပိုပြီး လိင်ပိုင်းဆိုင်ကိစ္စပိုဆိုးလာမှာကို အရမ်းစိုးရိမ်ရတယ်”

ဒီအခက်အခဲတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာအဖွဲ့တွေက ကူညီပေးနိုင်မှာ ဖြစ်သလို ဒီအဖွဲ့တွေနဲ့ MOU လို့ ခေါ်တဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးထားတဲ့ အစိုးရမှာလည်း တာဝန်ရှိတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက ထောက်ပြပါတယ်။

“စစ်ရှောင်တွေအတွက်ဆိုရင် အဓိကတာဝန်ရှိတာကတော့ အစိုးရဖြစ်ပါတယ်။ အစိုးရလုပ်နိုင်တဲ့ အခန်းကဏ္ဍတွေ အများကြီးရှိသလို နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အစိုးရနဲ့ချိတ်ဆက်ပြီး MOU ထိုးပြီးတော့လာတာများတယ်။ ဆိုတော့ စစ်ရှောင်စခန်းတွေမှာ လုံခြုံဖို့ဆိုလို့ရှိရင် အမြဲတမ်း မှောင်နေလို့မရဘူး။ အလင်းက လိုအပ်လာတယ်။ တိုင်းပြည်ရဲ့အခြေအနေအရပေါ့နော်၊ ရေရှည်နေမယ် ဆိုလို့ရှိရင် မီးကလိုအပ်တယ်။ မီးလိုတယ်။ ရေလိုတယ်။ တံခါးလုံလုံခြုံခြုံနဲ့ နေနိုင်ဖို့လိုတယ် စသည်ဖြင့်ပေါ့နော် အစိုးရအနေနဲ့ စီစဉ်ဆောင်ရွက်သင့်တယ်”

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေထဲက အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးနဲ့ အခွင့်အရေးတွေကို မြှင့်တင် ကာကွယ်ဖို့ အစိုးရဘက်က အလေးထားဆောင်ရွက်ဖို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက ပြောဆိုထောက်ပြနေကြပေမယ့် အစိုးရမှာတော့ ဒါတွေနဲ့ပတ်သက်လို့
အခုချိန်ထိလုပ်ပေးထားတာ မရှိသေးဘူးလို့ အစိုးရအဖွဲ့က ဝန်ခံပါတယ်။

“အခုအချိန်ထိတော့ ဒါတွေဘာမှလုပ်ပေးတာ မရှိသေးဘူး။ ဒါတွေက ဖြစ်နေကြမယ့်ဟာပဲ။ စစ်ပွဲတွေရပ်ဆိုင်းသွားလို့ မိမိနေရာကိုမိမိပြန်နိုင်ရင်တော့ ပြေငြိမ်းသွားမယ့်ဟာတွေပဲ။ စစ်ပွဲတွေဆက်ဖြစ်နိုင်တော့ ဒါက ဆက်ဖြစ်နေမှာပဲ။ ဒါက စစ်ရဲ့အနိဌာရုံတွေပဲ”

မြန်မာနိုင်ငံအတွင်းမှာ အစကတည်းက ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ ရခိုင်ပြည်နယ်မှာ အခုဆိုင်ရင် စစ်ဘေး၊ စစ်ဒဏ်ကြောင့် အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုနဲ့အခွင့်အရေးတွေ ပိုပြီးနိမ့်ကျလာခဲ့တာပါ။

ဒီစစ်ရေးပဋိက္ခအတွင်းမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတာတွေရှိပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ တိုးတက်လာဖို့အတွက် အလေးထားဆောင်ရွက်ပေးဖို့ကိုလည်း အမျိုးသမီးအရေးလှုပ်ရှားသူတွေက တိုက်တွန်းကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။