၁၇ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့အခမ်းအနား မဲဆောက်မြို့မှာ ကျင်းပ
2024.09.18
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ခဲ့တဲ့စစ်အစိုးရကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေ၊ ကျောင်းသား ပြည်သူတွေကို စစ်တပ်က သေနတ်တွေနဲ့ ရက်ရက်စက်စက် ပစ်ခတ်ပြီး ဆန္ဒပြပွဲကို ဖြိုခွင်းခဲ့ပါတယ်။
အဲဒီအချိန်က စစ်အစိုးရရဲ့အမိန့်နဲ့ စက်သုံးဆီစျေးနှုန်းတွေကို မြှင့်လိုက်တဲ့အတွက် နောက်ဆက်တွဲ မြင့်တက်လာတဲ့ ကုန်စျေးနှုန်းဒဏ်တွေကို ပြည်သူတွေ ခံခဲ့ကြရတဲ့ အချိန်ပါ။
ပြည်သူတွေရဲ့အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေက လမ်းပေါ်ထွက်ကာ မေတ္တာသုတ်ရွတ်ဖတ် ဆန္ဒပြခဲ့ပေမဲ့လည်း စစ်အာဏာရှင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းတာ ခံခဲ့ရပါတယ်။
စစ်အစိုးရကို ခုချိန်ထိ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်နေဆဲပဲလို့ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဆရာတော် မင်းသုညက မိန့်ကြားပါတယ်။
"ဦးဇင်းတို့ ပြောရမယ်ဆိုရင် ၁၉၉၀ သပိတ်လည်း ပြန်မလှန်ရသေးဘူး။ ၂၀၀၇ ဦးဇင်းတို့ ပတ္တနိက္ကုဇ္ဇ နကံဆောင်သပိတ်မှောက်ခဲ့တာလည်း ပြန်မလှန်ရသေးဘူး၊ အဲဒါကိုသူတို့ကထပ်ပြီးတော့ အခုဆိုရင် ဒါ ဝင်းနိမ္မိတာရုံဆရာတော်ကြီးကို ပစ်သတ်တဲ့အတွက်ကြောင့် ၂၂ မြို့နယ်က သံဃာတော်တွေဟာ ဆက်လက်ပြီးတော့ သပိတ်မှောက်ထားတယ်၊ ဒါကြောင့် ဦးဇင်းတို့ ယနေ့ထက်ထိ ဒါဟာ သုံးကြီမ်မြောက်ဟာ စစ်အာဏာရှင်ကို နောက်ဆုံးသတ် အပြီး သပိတ်မှောက်ခြင်းပဲ၊ စစ်အာဏာရှင် လုံးဝ အမြစ်ပြတ်စေရမယ်လို့ ဦးဇင်းတို့အနေနဲ့ ပြောကြားလိုက်ပါတယ်"
ရန်ကုန်မြို့အပါအဝင် မြို့ကြီးအတော်များများမှာ ရဟန်းသံဃာတွေဦးဆောင်ခဲ့တဲ့ ရွှေဝါရောင်တော် လှန်ရေးလှုပ်ရှားမှုဟာ စစ်အစိုးရရဲ့ပြင်းထန်တဲ့ရက်စက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ရန်ကုန်မြို့က ဘုန်းကြီးကျောင်းပေါင်း ၆၀ ကျော်ကို ဝင်ရောက်စီးနင်းခဲ့ပြီး သံဃာပေါင်း တစ်ထောင်ကျော် အဖမ်းခံခဲ့ရပါတယ်။
ပခုက္ကူမြို့မှာဆိုရင်လည်း သံဃာတော်နှစ်ပါးဟာ ဓာတ်တိုင်မှာ ကြိုးတုပ်ရိုက်နှက်ခံခဲ့ရသလို မြို့ကြီးတချို့က လမ်းပေါ်တွေမှာ ဆန္ဒပြသူတွေကို စစ်တပ်က လူစုခွဲနှိမ်နင်းလို့ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
ဆက်နွှယ်သောသတင်းများ
ထိုင်းအာဏာပိုင်တွေ အရေးယူမှုကြောင့် မြန်မာရွှေ့ပြောင်းကျောင်းတချို့ ရပ်နားထားရ
ထိုင်းနယ်စပ်မှာ မြန်မာလူနာ နှစ်ဆတိုးလာ
ထိုင်းနိုင်ငံက ရွှေ့ပြောင်းမြန်မာကလေးငယ် တစ်ယောက်ရဲ့ ဖြတ်သန်းမှု
အခုနွေဦးတော်လှန်ရေးမှာတော့ စစ်အာဏာရှင်အဆုံးသတ်ဖို့အချိန်တန်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆိုပါတယ်။
"ရွှေဝါရောင်တော်လှန်ရေးမှ မဟုတ်ပါဘူးနော်၊ ရှေ့မှာ တော်လှန်ရေးအဆက်ဆက် ကျွန်တော်တို့ လိုချင်တဲ့ဟာ၊ ပြည်သူလူထုအတွက် တကယ်လိုအပ်တဲ့ ဒီမိုကရေစီ၊ နောက်ပြီးတော့ လူ့အခွင့်အရေး၊ နောက်ပြီးတော့ တရားမျှတမှု ဒါတွေအားလုံး ဘာတစ်ခုမှ မရသေးဘူး၊ အဲအတွက်ကြောင့်မို့ အဲဒါတွေ ရရှိဖို့ အခုတော့ ကျွန်တော်တို့ နည်းလမ်းပေါင်းစုံနဲ့ တော်လှန်နေကြပြီ၊ ဒီနွေဦးတော်လှန်ရေးကဖြင့် တော်လှန်ရေးအားလုံးရဲ့အဆုံးသတ်ပေါ့နော်၊ တော်လှန်ရေးအားလုံးမှာရှိခဲ့တဲ့ ကျွန်တော်တို့ ရင်းနှီးမှုတွေ၊ ပေးဆပ်မှုတွေ၊ ဒါတွေအကုန်လုံးကို ဒါ ရိတ်သိမ်းမယ့် တော်လှန်ရေးတစ်ခုဖြစ်တယ်၊ အဲအတွက် ကြောင့်မို့ ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ အဆုံးသတ်တိုက်ပွဲကို နွှဲနိုင်ပြီးတော့ ခုနက ကျွန်တော်တို့ မရခဲ့တဲ့အရာတွေအားလုံး ဒီကာလမှာတော့ ရရှိအောင် ကြိုးစားကြရမဲ့ အချိန်ဖြစ်ပြီလို့ ပြောလိုပါတယ်ဗျ"
စစ်အာဏာရှင်အမြစ်ပြတ်မှပဲ တိုင်းပြည်ဖွံ့ဖြိုးနိုင်မယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်းက ဦးမြင့်အောင်က ပြောပါတယ်။
"ကျွန်တော်တို့နိုင်ငံမှာက စစ်အာဏာရှင်တွေက အာဏာရှိနေမယ်ဆိုရင် ဒီလိုမျိုး မကြာခဏ အာဏာသိမ်းမှုတွေဖြစ်မှာမို့လို့ ကျွန်တော်တို့က အမြစ်ပြတ်ချေမှုန်းပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ပြန်လည်ထူထောင်နိုင်မှသာလျှင် ကျွန်တော်တို့ရဲ့ တိုင်းပြည်အတွက်ရော၊ ပြည်သူတွေအတွက် ရော၊ အကျိုးများမယ်လို့ ယူဆပါတယ်ခင်ဗျ"
စစ်အစိုးရကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ကို ရွှေဝါရောင်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး နှစ်ပတ်လည်နေ့ အခမ်းအနားတွေကို ကျင်းပခဲ့တာဟာ ခုဆိုရင် ၁၇ နှစ်ပြည့်တာဖြစ်ပါတယ်။