မဲဆောက်ရောက် ညောင်လေးပင် စစ်ဘေးဒုက္ခသည်တချို့ အခက်အခဲကြုံနေရ
2024.09.04
ပြီးခဲ့တဲ့ဇွန်လဆန်းလောက်က ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် တောဝိ စံပြကျေးရွာအပါအဝင် အနီးတဝိုက်ကရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွာတွေထဲ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သလို PDF တွေ ရွာတွေမှာ စခန်းချနေတယ်လို့ ယူဆပြီး လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ အဲဒီလိုတိုက်ခိုက်တာကြောင့် နှစ်ဘက် တိုက်ပွဲဖြစ်ခဲ့ပြီး ဒေသခံရွာသားတွေလည်း ဘေးလွတ်ရာထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
ညောင်လေးပင်မြို့နယ် တောဝိစံပြရွာကနေ မဲဆောက်မြို့ကို ထွက်ပြေးခိုလှုံနေတဲ့ အသက် ၅၀ ကျော်အရွယ် ဦးသိန်းဦးက ရွာမှာ တိုက်ပွဲတွေကြောင့် နေလို့မရတော့ဘူးလို့ ပြောပါတယ်။
“ရွာမှာနေရင်းကနေပြီးတော့ ဒီမှာ တူမတွေ ညီအစ်ကိုမောင်နှစ်မတွေရှိတော့ အဲကိုပြေးလာရတာ၊ လက်ဦးကတော့ ရွာမှာပဲ ကိုယ်တွေဒုက္ခခံပြီးနေတာပေါ့၊ အဲဒီမိုင်းတွေကြားဘာတွေကြားမှာ နေလို့မရတော့ အိမ်တွေလည်းပျက်စီး’’
အများစု မဲဆောက်မြို့မှာ ရွှေ့ပြောင်းလုပ်သားတွေအဖြစ် နေထိုင်ကြတဲ့ ဆွေမျိုးတွေဆီ ခိုလှုံဖို့ ရောက်လာကြတာပါ။
ဆက်နွှယ်သောသတင်းများ
ရှေ့တန်းတိုက်ပွဲဝင်ရင်း လက်တစ်ဖက်ဆုံးရှုံးခဲ့ရပေမယ့် ဘဝကိုအရှုံးမပေးသူ
မဲဆောက်မြို့က တရုတ်ကုန်သည်တွေ မြန်မာတစ်သောင်းကျော်ကို စားစရာလှူဒါန်း
ထိုင်းရောက်မြန်မာတွေအတွက် ပန်းရောင်ကတ်ကို ပုံစံနှစ်မျိုးခွင့်ပြုပေးဖို့ တောင်းဆို
ထိုင်းလူမျိုးမြေပိုင်ရှင်ခွင့်ပြုချက်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အယောက် ၃ဝ ကျော်သာ နေထိုင်ကြပေမယ့် ထပ်တိုးရောက်လာသူတွေရှိတာကြောင့် အခုဆို တဲ ၁၅ လုံးမှာ လူဦးရေ ၆ဝ ကျော်အထိ ခိုလှုံနေထိုင်ကြပါတယ်။
တောဝိစံပြကျေးရွာဟာ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ သုံးထောင်ကျော်နေထိုင်တဲ့ရွာဖြစ်ပြီး လယ်လုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ကြတဲ့ရွာပါ။
တိုက်ပွဲတွေကြားကနေ ထွက်ပြေးခဲ့ရတဲ့အကြောင်း အသက် ၂၅ နှစ်အရွယ် မတင်တင်မာ ပြောပြတာက
“PDF တွေက သမီးတို့ရဲ့အရှေ့ဖက်နားလေးမှာ သိပ်မဝေးဘူး ဟုတ်၊ ရှိတော့ PDF တွေရှိတော့ သူတို့ အဲလိုမျိုးပစ်ကြတာ၊ လက်နက်နဲ့လည်းပစ်တယ်၊အဲလိုမျိုး ဒရုန်းနဲ့လွှတ်ပြီး ဗုံးကြဲတာတွေဘာတွေ၊ လူကို ထိခိုက်တာတွေရှိတယ်၊ နှစ်ယောက်၊ သုံးယောက်ထိခိုက်တယ်၊ သမီးတို့လည်းထွက်ပြေးရတာ’’
သူ့မှာ အသက် နှစ်နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပြီး ကလေးပညာရေးနဲ့ မိသားစုစားဝတ်နေရေးအတွက် အလုပ်ရှာဖွေနေတယ်လို့ သူက ဆိုပါတယ်။
စစ်ဘေးတိမ်းရှောင်လာသူတွေကို မဲဆောက်မြို့ပေါ်က အလှူရှင်တွေနဲ့ အဖွဲ့အစည်းတချို့က အခြေခံစားသောက်ကုန်တွေ မကြာခဏလှူဒါန်းပေးတာကြောင့် စားသောက်ရေးအတွက် ခဏတာအဆင်ပြေကြတယ်လို့ ပြောပါတယ်။ ရေရှည်မှာတော့ အလှူရှင်တွေကိုပဲ မှီခိုနေလို့မရတာကြောင့် အလုပ်အကိုင်ရဖို့ လိုအပ်နေကြပါတယ်။
သူတို့တွေကို အလုပ်ပေးနိုင်ဖို့က အတော်လေးခက်ခဲတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အဝေးရောက် BG တဲကျောင်းတည်ထောင်သူ ဦးညီညီ က ပြောပါတယ်။
“ကျွန်တော်တို့ဒီမှာက စစ်ဘေးရှောင်လာတဲ့သူနဲ့ ဒီမှာလက်ရှိ အလုပ်ပေးနိုင်တဲ့ဟာနဲ့က မမျှဘူးဖြစ်နေတယ်၊ ဒါကြောင့်မို့ အလုပ်တွေလည်းပဲ မမှန်ကြဘူး၊ ကျွန် တော်တို့တစ်ရက်လုပ် တစ်ရက်စားဆိုတာမျိုးကို ကျွန်တော်တို့ကြားဖူးကြမယ် သူတို့က အဲလိုမဟုတ် ဘူး တခါတစ်လေကျရင် တစ်ရက်လောက်လုပ်ပြီးရင် တစ်ပတ်လောက်က ပြတ်သွားပြန်ရော၊ အဲလို မျိုးကျတော့ သူတို့ကပုံမှန်မလည်ပတ်နိုင်ဘူးပေါ့နော်’’
ညောင်လေးပင်မြို့နယ်က ဒုက္ခသည်တွေလိုပဲ မြန်မာပြည်တွင်းက တိုက်ပွဲတွေကြောင့် မဲဆောက်မြို့က ပြောင်းခင်းတွေ၊ တောင်ယာလုပ်ငန်းခွင်တွေထဲမှာ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်ကြရပြီး စားသောက်နေထိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။