ဆာသူးလေ ရွှေ့ပြောင်း မြန်မာစာသင်ကျောင်း ငွေရတုအခမ်းအနားကျင်းပ

RFA Burmese
2024.10.05
ဆာသူးလေ ရွှေ့ပြောင်း မြန်မာစာသင်ကျောင်း ငွေရတုအခမ်းအနားကျင်းပ ထိုင်းနိုင်ငံ မဲဆောက်မြို့က ဆာသူးလေ ရွှေ့ပြောင်းမြန်မာအထက်တန်းကျောင်း ၂၅ နှစ်ပြည့်အခမ်းအနားအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က ကျင်းပခဲ့စဉ်။
RFA

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာပြည်က ပြည်တွင်းစစ်ဘေး စစ်ဒဏ်ကြောင့် ရွှေ့ပြောင်းနေထိုင်ကြရတဲ့ ကလေးသူငယ်တွေကို ပညာသင်ကြားပေးနေတဲ့ ဆာသူးလေ ရွှေ့ပြောင်းမြန်မာအထက်တန်းကျောင်း ထူထောင်ခဲ့တာ အခု ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှာ ၂၅ နှစ်ပြည့်ခဲ့ပါပြီ။

လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်က မဲဆောက်မြို့ပြင် ဟုန်ဖိုင်ရပ်ကွက်နေရာတစ်ခုမှာ ဝါးတဲကျောင်းဆောင်လေးတစ်ဆောင် ဆောက်ပြီး မူကြို ကလေးငယ် ၂၅ ယောက်နဲ့ ဆရာမကြီး ဒေါက်တာနော်ဖောရေက စတင် ထူထောင်သင်ကြားခဲ့တာပါ။

အခု ၂၅ နှစ်ကြာချိန် ၂၀၂၄ စာသင်နှစ်မှာတော့ ဆရာ၊ ဆရာမနဲ့ ပညာရေးဝန်ထမ်း ၆၀ ဦးက ကျောင်းသား ၊ ကျောင်းသူ (၁,၀၀၂) ဦးကို ပညာသင်ကြားပေးနေတဲ့ ထိုင်းနိုင်ငံပညာရေးဌာနက အသိအမှတ်ပြု အထက်တန်း ကျောင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

ဒီကနေ့ကျရောက်တဲ့ ကျောင်းထူထောင်ခဲ့တဲ့ ၂၅ နှစ်မြောက် ငွေရတုသဘင်အခမ်းအနားမှာတော့ ဒီကျောင်းကနေ အထက်တန်းအောင်မြင်ပြီးမြောက်ပြီး လူမှုဘဝ နယ်ပယ်အသီးသီးမှာ အကျိုးပြုရပ်တည်နိုင်နေကြသူတွေ အများအပြားရှိနေခဲ့ပြီလို့ ဆရာမကြီးက RFA ကို ပြောပါတယ်။

"ကျွန်မတို့ တကယ့်နိုင်ငံတကာမှာ အောင်မြင်သွားတဲ့ ဆာသူးလေကျောင်းသူ ကျောင်းသားတွေရှိပါတယ်၊ ဒေါက်တာဘွဲ့တို့၊ သွားဆရာဝန်ဘွဲ့တို့၊ ရုံးလုပ်ငန်းပိုင်ဆိုင်ရာ ဘွဲ့တို့၊ ပြီးရင် မာစတာအထိရတဲ့ ကျောင်းသူကျောင်းသားတွေ အများကြီးရှိပါတယ်၊ အဓိကကတော့ အမေရိကန်တက္ကသိုလ်ပညာရေးစနစ်ကို အောင်မြင်သွားတဲ့ ကျောင်းသူကျောင်းသားတွေ အများကြီးရှိသလို ကျွန်မတို့ရဲ့ လူမှုအဖွဲ့အစည်းမှာ အကျိုးပြုတဲ့ ကျောင်းသူကျောင်းသားတွေလည်း အများကြီးမွေးထုတ်နိုင်တာ ရှိပါတယ်ရှင်"

အခုလို ၂၅ နှစ်တိုင်အောင် ဆာသူးလေကျောင်း ရပ်တည်ပညာသင်ကြားပေးနိုင်တာဟာ ကရင်လူထုခေါင်းဆာင်ကြီးတွေအပြင် နိုင်ငံတကာက အလှုရှင်တွေနဲ့ တစ်သီးပုဂ္ဂလ အလှုရှင်တွေ၊ ကျောင်းသားမိဘတွေ ထိုင်းနိုင်ငံက တာဝန်ရှိအဖွဲ့အစည်းတွေ ပံ့ပိုးကူညီကြလို့ အခုလို ရပ်တည်လည်ပတ်လို့ရနေတာမို့ အထူးကျေးဇူးတင်ကြောင်း ဆရာမကြီးကပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ထိုင်းနိုင်ငံက ရွှေ့ပြောင်းမြန်မာကလေးငယ် တစ်ယောက်ရဲ့ ဖြတ်သန်းမှု

ထိုင်းအထက်တန်းကျောင်းတွေအထိ ဝင်ဆန့်လာတဲ့ မဲဆောက်မြို့က ပီတိအိမ်ကျောင်း

CDM ဆရာ၊ ဆရာမတွေ စာသင်ပေးနေတဲ့ မဲဆောက်မြို့က စာသင်ကျောင်း


ဒီနေ့ဟာ ကျောင်းထူထောင်တဲ့၂၅ နှစ်ပြည့်ဖြစ်သလို ကမ္ဘာ့ဆရာများနေ့လည်းဖြစ်တာနဲ့အညီ နိုင်ငံတကာမှာတော့ ဆရာတွေ၊ ဆရာမတွေကိုဂုဏ်ပြုကြတဲ့နေ့ ဖြစ်ပေမဲ့ မြန်မာပြည်မှာတော့ အာဏာသိမ်းစစ်တပ်က ဖမ်းဆီး နှိပ်စက်တာမျိုးတွေရှိနေလို့ အနာဂတ်လူငယ်တွေအတွက် တတ်သိပညာတွေမရရှိတော့မှာ စိုးရိမ်တယ်လို့ သူကဆက်ပြီးပြောပါတယ်။

"နိုင်ငံတိုင်း နိုင်ငံတိုင်းက သူတို့ရဲ့ဆရာ ၊ ဆရာမတွေကို ဂုဏ်ပြုကြတယ်၊ ပံ့ပိုးကြတယ်၊ ကျွန်မတို့ မြန်မာနိုင်ငံမှာကျတော့ အဲ့လိုမျိုးမဟုတ်ပါဘူး၊ ဆရာမတွေကို အမျိုးမျိုးပဲ သူတို့က နှိပ်စက်ကြတယ်၊ ထောင်ချကြတယ်၊ ဖမ်းကြတယ်၊ ကျွန်မတို့ နောင်လာနောင်သားတွေအတွက် အများကြီး ဝမ်းနည်းစရာဖြစ်ပါတယ်၊ ဒီကလေးသူငယ် လူငယ်လူရွယ်တွေရဲ့အတတ်ပညာ၊ အသိပညာ ပညာရေးမှာဆုံးရှုံးခဲ့မယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံက ဗလာနတ္ထိပဲ ဖြစ်မှာပါ"

အခုလက်ရှိ ဆာသူး‌လေကျောင်းမှာ ၁၂ တန်းပညာသင်ကြားနေတဲ့ မဝတီဦးကလည်း သူတို့အနေနဲ့ ပညာသင်ကြားတတ်မြောက်ပြီးချိန်ရောက်ရင် အခုလို စစ်ဘေးရှောင်နေကြရပြီး ပညာသင်ကြားဖို့အခက်အခဲရှိနေတဲ့ ကလေးသူငယ်တွေကို ပြန်လည်သင်ကြားဖို့ ကတိပေးပါတယ်လို့ ပြောပါတယ်။

"သူတို့က စိတ်မကောင်းအရမ်းဖြစ်မိတယ်ပေါ့နော်၊ သမီးတို့တွေလည်း ဒီအခွင့်အရေးရတယ်ဆိုတာကလည်း ကံတစ်ခုကြောင့်ပဲ ပြောရမလားမသိဘူးပေါ့နော်၊ ဒါပေမဲ့လည်း သမီးတို့အနေနဲ့ စာသင်ပြီးလို့ရှိရင်လည်း သမီးတို့က အနောက်ကိုတော့ ပြန်လှည့်ကြည့်ပေးမယ်လို့ ကတိပေးတယ်ပေါ့နော်၊ သမီးတို့ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် သမီးတို့တတ်နိုင်သလောက် သမီးတို့ ပြန်လာဝိုင်းကူမယ်၊ လိုအပ်တဲ့နေရာလေးတွေ သမီးတို့ ပြန်လည်ဖြည့်ပေးမယ်ပေါ့နော်၊ သူတို့အတွက်တော့ စိတ်မကောင်းဖြစ်မိတယ်၊ ဒါပေမဲ့ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် သူတို့အတွက်လည်း သမီးတို့ပြန်ပေးဆပ်နိုင်မယ်လို့ သမီးတို့မျှော်လင့်တယ်ပေါ့နော်၊ သမီးတို့ပြန်ပေးဆပ်ပါမယ်လို့ ကတိပေးတယ်ပေါ့နော်"

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့က ဆာသူးလေ ရွှေ့ပြောင်းမြန်မာအထက်တန်းကျောင်း ၂၅ နှစ်ပြည့်အခမ်းအနား တက်ရောက်လာကြသူများအား တွေ့ရစဉ်။ (Photo : RFA)
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့က ဆာသူးလေ ရွှေ့ပြောင်းမြန်မာအထက်တန်းကျောင်း ၂၅ နှစ်ပြည့်အခမ်းအနား တက်ရောက်လာကြသူများအား တွေ့ရစဉ်။ (Photo : RFA)

ဒီကနေ့ အခမ်းအနားကို တက်ရောက်တဲ့ မြန်မာပြည်က စစ်ဘေးရှောင်လာသူ CDM ကျောင်းဆရာတစ်ဦးကလည်း ဆရာမကြီး နော်ဖောရေရဲ့ကျောင်းက မြန်မာရွှေ့ပြောင်းကလေးတွေရဲ့ပညာရည်နို့သောက်စို့ရာ နေရာဖြစ်လို့ ကျောင်းကြီး သက်တမ်းရာကျော်ရှည်ပါစေလို့ ပြောပါတယ်။

" မြန်မာပြည်သား ရွှေ့ပြောင်းကလေးတွေကို ပညာရေးနို့တိုက်ကျွေးပေးတယ်ပေါ့နော်၊ ပညာရေးနို့တိုက်ကျွေးခွင့်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ အမေနော်ဖောရေရယ်၊ နောက်တစ်ခါကျတော့ လက်ရှိ ဒီကျောင်းမှာရှိနေတဲ့ ဆရာဆရာမတွေပေါ့နော်၊ အရမ်းကျေးဇူးတင်တယ်၊ နောက်တစ်ခါကျတော့ ဒီ ၂၅ နှစ်မြောက်ပေါ့နော့ ငွေရတုအထိမ်းအမှတ် ကနေပြီးတော့ပေါ့နော် ကျွန်တော်တို့တွေ ရွှေရတု၊ စိန်ရတုတွေအထိကျင်းပနိုင်တဲ့အထိပေါ့နော်၊ ဒီထက်မက သက်တမ်းရာကျော်ရှည်ပါစေလို့ပဲ ဆုတောင်းပေးပြီးတော့ အမှတ်တရစကားလေး ပြောချင်ပါတယ်"

အဲဒီ အခမ်းအနားကို မြဝတီမြို့ဘက်က မြန်မာစစ်ကောင်စီတပ်လက်အောက်ခံ ကရင်နယ်ခြားစာင့်တပ်က ဗိုလ်မှူးချုပ် စောမုတ်သိုလ်အဖွဲ့တွေ၊ မြဝတီမြို့ပညာရေးဌာန ဝန်ထမ်းအကြီးအကဲတွေပါ တက်ရောက်လာကြပြီး၊ ကျောင်းအတွက် အလှူငွေ ပေးအပ်တာ၊ ကရင်ရိုးရာ ဖားစည်အမှတ်တရ လက်ဆောင်ပေးအပ်တာတွေ လုပ်ခဲ့ပါတယ်။

ဒီကနေ့ အခမ်းအနားကိုတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း စောမူတူးဆေးဖိုးနဲ့ ဗဟိုကော်မတီဝင်တွေ၊ မဲဆောက်ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းတွေက ကျောင်းအုပ်ချုပ်သူနဲ့ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ မိဘတွေ အပါအဝင် လူ ငါးရာကျော် တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။