အမျိုးသမီးများအကြမ်းဖက်ခံရမှုပပျောက်ရေး ဓာတ်ပုံနဲ့ ပန်းချီပြပွဲ မဲဆောက်မြို့မှာကျင်းပ

RFA Burmese
2023.12.07
အမျိုးသမီးများအကြမ်းဖက်ခံရမှုပပျောက်ရေး ဓာတ်ပုံနဲ့ ပန်းချီပြပွဲ မဲဆောက်မြို့မှာကျင်းပ နိုင်ငံတကာအမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ The Space ခန်းမမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ဓာတ်ပုံနှင့်ပန်းချီပြပွဲ ပြုလုပ်နေစဉ်။
The Space - Youth Learning Center

ကုလသမဂ္ဂက သတ်မှတ်ထားတဲ့အတိုင်း နိုင်ငံတကာအမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လှုပ်ရှားမှုတွေကို ကမ္ဘာတစ်ဝန်းမှာ နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကျင်းပနေပါတယ်။

မဲဆောက်မြို့ရောက် လူငယ်နိုင်ငံရေးလှုပ်ရှားကြသူတွေကလည်း အရပ်ဖက်အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး ဓာတ်ပုံပန်းချီ ပြပွဲတစ်ခုကို The Space ခန်းမမှာ ကျင်းပနေပါတယ်။

စစ်ပွဲတွေအတွင်း အမျိုးသမီးတွေရဲ့ ဖြတ်သန်းမှုနဲ့ တော်လှန်ရေးကာလ အသက်ပေးလိုက်ရတဲ့ အမျိုးသမီးတွေအကြောင်း ဓာတ်ပုံတွေ၊ ပန်းချီကားတွေကို ခင်ကျင်းပြသထားတယ်လို့ The Space အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ မနန့်မေသဉ္ဇာက ပြောပါတယ်။

" အမျိုးသမီးတွေနဲ့ အဓိကတော်လှန်ရေးကို မန်းရှင်းလုပ်ပြီး အဓိကပြထားတာပါ၊ ကျွန်မတို့မှာ ဓာတ်ပုံပြခန်း လေးခန်းနဲ့ ပန်းချီပြခန်းတစ်ခန်းရှိပါတယ်။ စစ်ပွဲအတွင်းမှာရှိနေတဲ့အမျိုးသမီးတွေ ဘယ်လိုပုံစံမျိုး နေထိုင်ဖြတ်သန်းနေလဲဆိုတာကို ကျွန်မတို့က သံလွင်ခက်မီဒီယာနဲ့ပေါင်းပြီးတော့ ဓာတ်ပုံပြခန်းလုပ်ထားတာ ရှိပါတယ်။ မွန်ထရီမြို့မှာလုပ်ကြံသတ်ဖြတ်ခံရတဲ့ အင်ဂျင်နီယာကျောင်းသူ ၁၄ ယောက်အတွက် Memorial အနေနဲ့ ပြသထားတဲ့ အခန်းတစ်ခုရှိပါတယ်၊ အဲဒီမြို့ရဲ့အခင်းအကျင်းအကြောင်းကို ပြသထားတာပေါ့နော်၊ အဲဒီနေ့အဲဒီအချိန်မှာ ဒီအမျိုးသမီး ၁၄ ယောက် ဆုံးပါးရတဲ့ အမှတ်တရဓာတ်ပုံပြပွဲပေါ့နော်၊ နောက်တစ်ခုကတော့ တော်လှန်ရေးထဲမှာ အသက်ပေးခဲ့ရတဲ့ အမျိုးသမီးတွေကို Photo Story အနေနဲ့ ပြထားတာပေါ့၊ ဒီအခန်းကတော့ တော်လှန်ရေးမှာ အမျိုးသမီးတွေ ဘယ်လိုပုံစံမျိုးနဲ့ ဖြတ်သန်းနေရတယ် ဆိုတဲ့အကြောင်း ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုပြသထားတယ်၊ နောက်တစ်ခုကတော့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) က အဆုံးသတ်ဝါးပွင့်ဆိုတဲ့ ပန်းချီကား Series ပြပွဲလည်း ပြထားတယ်ပေါ့နော်။"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနကလည်း " အဆုံးသတ်ဝါးပွင့်’’ဆိုတဲ့ ပန်းချီကား Series နဲ့အတူ အာဇာနည်ခေါင်းဆောင်ကြီးတွေ၊ မြန်မာ့နိုင်ငံရေးမှာ ထင်ရှားတဲ့သူတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဖိနှိပ်ခံထားရတာတွေကို ပုံဖော်ထားတဲ့ ပန်းချီကားတွေကို ခင်းကျင်းပြသထားပါတယ်။

ပန်းချီဆရာတွေဖြစ်ကြတဲ့ တာမလာ၊ ပန်းတနော်၊ ဂျွန်ခိုင်နဲ့ ဒါဝိ တို့အပြင် အမည်မဖော်လိုကြတဲ့ ပန်းချီဆရာတွေရဲ့ ကားပေါင်း ၃၀ ကျော်ကို ခင်းကျင်းပြသထားတယ်လို့ ပန်းချီပြခန်းတာဝန်ခံ ကိုလှိုင်ဘုန်းက ရှင်းပြပါတယ်။

"ကုလားတက်ကတော့ အောင်မြင်ခြင်းရဲ့ နှိုးဆော်သံပေါ့။ ကုလားတက်ကို ကိုယ်စားပြုပြီး ဝါးပင်ကို ရေးဆွဲထားတာပေါ့နော်၊ ဝါးသည် ပွင့်ပြီးရင် သေရမယ်ဆိုတဲ့အတွက် အဓိကတော့ ဒီစစ်အာဏာရှင်တွေဟာလည်း သေပေးဖို့အတွက် ပွင့်လာတဲ့သဘောတရားကို ဖော်ဆောင်ထားတဲ့ ပန်းချီကားတွေပဲ၊ ရလာတဲ့ အကျိုးအမြတ်တွေကို ရလာတဲ့ငွေကြေးတွေမှန်သမျှကို ဒီအမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာနဲ့ ပတ်သက်တဲ့ ဥပမာ အမျိုးသမီးတွေအကြမ်းဖက်မှုမှာ ခံရတာကိုသော်လည်းကောင်း၊ ဒီကလေးငယ်တွေရဲ့ ထိခိုက်မှုရှိတဲ့နေရာတွေကိုသော်လည်းကောင်း ပြန်ပြီးတော့အကျိုးပြုသွားမှာဖြစ်ပါတယ်။ ပန်းချီဆရာတွေအကုန် တော်တော်များများကလည်း ဒီပွဲမှာပါဝင်ပြီးတော့ ဒီပန်းချီကားတွေကို အလုံးစုံ လှူဒါန်းပေးထားပါတယ်ခင်ဗျ။’’

နိုင်ငံတကာအမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ  The Space ခန်းမမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ဓာတ်ပုံနှင့် ပန်းချီ ပြပွဲ ပြုလုပ်နေစဉ်။(Photo : The Space - Youth Learning Center)
နိုင်ငံတကာအမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ The Space ခန်းမမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ဓာတ်ပုံနှင့် ပန်းချီ ပြပွဲ ပြုလုပ်နေစဉ်။(Photo : The Space - Youth Learning Center)

ဒါ့အပြင် စစ်အာဏာရှင်အဆက်ဆက် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုတွေ၊ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က ဦးနေဝင်းဦးဆောင်တဲ့ မဆလ တစ်ပါတီစနစ်ကိုတော်လှန်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံမှာ အသက်ပေးလိုက်ရတဲ့ အမျိုးသမီးတွေ၊ အခု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တော်လှန်ဆန္ဒပြရင်း အသက်စွန့်လွှတ်လိုက်ရတဲ့ အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေနဲ့ ပန်းချီကားတွေကိုလည်း ခင်း ကျင်းပြသထားပါတယ်။

The Space အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ မနန့်မေသဉ္ဇာက ... "ငါတို့ ထမိန်၊ ငါတို့အလံ၊ ငါတို့အောင်ပွဲဆိုတဲ့ ထမိန်အလံတွေ လုပ်ထားတာရှိပါတယ်၊ အားလုံးက မြန်မာ ပြည်တော်လှန်ရေးမှာ အမျိုးသမီးတွေ ဘယ်လိုဘက်ပေါင်းစုံကနေ ပါဝင်လှုပ်ရှားနေသလဲဆိုတာ ပြသချင်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့တော်လှန်ရေးလို့ပြောတဲ့အခါ ၂၀၂၁ ကွက်ကွက်လေးကိုပဲ လုပ်လို့မရဘူးလေ၊ ဒါကြောင့်မို့လို့ မြန်မာ့တော်လှန်ရေးဟာ ၈၈ ကတည်းက ဒီအချိန်အထိ တော်လှန်ရေးရှိခဲ့တယ်ဆိုတာ ပြသချင်တာပါရှင့်။" လို့ ပြောပါတယ်။

ပြသထားတဲ့ ပန်းချီကားတွေ၊ ဓာတ်ပုံတွေကို နိုင်ငံခြားသားတွေလည်း လာရောက်လေ့လာကြည့်ရှုကြတာ တွေ့ရပါတယ်။

အဲဒီဓာတ်ပုံတွေ၊ ပန်းချီကားတွေ ဝယ်ယူအားပေးလို့ရလာတဲ့ရန်ပုံငွေတွေကို စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်ခံရမှုကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေအတွက် အသုံးပြုသွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
စစ်ဘေးကြောင့် ရန်ကုန်ကိုရောက်လာတဲ့ ငပလီကောက်ညှင်းထုပ်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။