စစ်ဘေးရှောင်ရင်း ရေဘေးသင့်ရသော ဂန့်ဂေါနယ်သားများ

RFA Burmese
2023.08.03
စစ်ဘေးရှောင်ရင်း ရေဘေးသင့်ရသော ဂန့်ဂေါနယ်သားများ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာ ရေကြီးနေမှုအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ဇူလိုင်လ ၃၁ ရက်နေ့က စစ်ဘေးဒုက္ခသည် ငါးရာနီးပါး ရေဘေးဒဏ်ခံလိုက်ရပါတယ်။ တဲအိမ်အလုံး ၂၀ လောက်နဲ့ သူတို့ စိုက်ထားတဲ့ နှမ်းဧက ၂၆၀ ဝန်းကျင်လည်း ပျက်စီးသွားပါတယ်။

အဲဒီနေ့က သန်းခေါင်ကျော် မှောင်မည်းနေတဲ့အချိန် မနက် ၁ နာရီကနေ ၃ နာရီအထိ မိုးကြီးပြီး တင်းလဲချောင်းနဲ့ လောင်ဂတ်ချောင်းရေကြီးခဲ့လို့ ချောင်းဘေးမှာယာယီ နေကြရတဲ့ ထယ်လှော်ရွာသားတွေ အခက်အခဲဖြစ်နေတာပါ။

"တောထဲမှာလည်း မိုးရွာလို့ရေကြီးလို့ တဲတစ်ခုလုံးကျွတ်ပြီးပါသွားလို့ အခက်အခဲတွေရှိပါတယ်ရှင့်"

အဲဒီညက ချောင်းရေ ရုတ်တရက်တက်လာတာကြောင့် ထွက်ပြေးခဲ့ရတယ်လို့ မိသားစုခုနစ်ယောက်ရှိတဲ့ မစန္ဒာဝင်းက ပြောပြပါတယ်။

"မိုးတွေသည်းလွန်းလို့ နိုးလို့ထကြည့်လိုက်တဲ့အခါကျတော့ ရေက တဲအောက်မှာ ခါးလောက်ကို ရောက်နေပါပြီ။ ဖိနပ်တွေလည်း အကုန်မျော ပစ္စည်းတွေလည်း စားအိုးစားခွက်တွေအကုန်လုံး ဆီဆန်တွေလည်း အကုန်လုံးမျောပြီးတဲ့ အချိန်ကျခါမှ ကျွန်မတို့က နိုးတော့တာပါ။ နိုးတဲ့အချိန်မှာ နွားတွေကို အရင်သိုရပါတယ်။ အဲဒီမှာ ကျွန်မ မအေအိုကြီး ၈၅ နှစ် အရွယ်ရှိတယ်။ မအေအိုကြီးနဲ့ သမီးလေးတစ်ယောက်ကို သတိရလို့ မအေအိုကြီးကို ကျွန်မယောက်ျားရဲ့ ကုပ်ပေါ်အစီးခိုင်းပြီးခါမှ၊ သမီးလေးကို ကျွန်မရဲ့ ကုပ်ပေါ် စီးခိုင်းပြီးမှ ရေလွတ်တဲ့နေရာကို ပြေးရတာဖြစ်ပါတယ်"

သူတို့ဟာ စစ်ကောင်စီတပ်တွေရဲ့ ဘေးရန်ကနေလွတ်အောင် ရှောင်နေကြရင်း ရေဘေးနဲ့ထပ်ကြုံရတာပါ။

အခုဆိုရှိ သမျှပစ္စည်းကုန်သွားပြီလို့ မစန္ဒာဝင်းက ပြောပါတယ်။

"ကျွန်မတို့မှာ ဆန်တွေစပါးတွေလည်း အကုန်လုံးမျောသွားပါတယ်။ ဒါပြီးတော့ ဆောင်းသီးနှံကြဲဖို့ထားတဲ့ ပဲမျိုးတွေလည်း မရှိတော့ပါဘူး။ ဆိုင်ကယ်တွေ၊ အိုးတွေ၊ ခွက်တွေ၊ ဖိနပ်တွေ၊ အထည်အဝတ်အစားတွေက စလို့မကျန် အကုန်လုံးမျောသွားတာ ဖြစ်ပါတယ်ရှင့်။ ဖိနပ်ဆိုလည်း တွေ့တဲ့ဖိနပ်ကိုကောက်ပြီးမှ စီးထားရတာဖြစ်ပါတယ်"

ဒီနှစ်အဖို့ သူစိုက်ထားတဲ့ နှမ်းခင်းလည်း ပျက်စီးသွားသလို၊ ဆောင်းရာသီမှာ ထွန်ယက်ဖို့ သူ့ရဲ့ လယ်ယာသုံးပစ္စည်းတွေလည်း အကုန်လုံးရေထဲကို မျောသွားပါတယ်။

အသက် ၆၀ အရွယ်တောင်သူ ဦးနွဲ့မောင်ကလည်း ရှိသမျှဆုံးရှုံးသွားတဲ့အကြောင်း ပြောပြပါတယ်။

"ကျွန်တော်တို့ တောင်သူတွေမှာ နှမ်းသီးနှံစိုက်ထားတော့ တစ်နှစ်ဆုံးရှုံးသွားတော့ ရေမြုပ်သွားတော့ ကျွန်တော်တို့မှာ သုံးနှစ်လောက် လိုက်မမီပါတော့ဘူးဗျ။ တောင်သူလုပ်ထားတဲ့ နှမ်းသီးနှံတွေလည်း အကုန်လုံး ပျက်စီးသွားပါတယ်။ လယ်ယာသုံး ပစ္စည်းတွေလည်း ဘာတစ်ခုမှ မကျန်ပါဘူး။ အကုန်လုံး ရေမျော သွားပါတယ်။ နွားထွန်တုံး၊ တံပိုးတွေလည်း အကုန်မျောလို့ ဘယ်လိုတွေလုပ်ရ မလဲမသိဘူး ငေးမှိုင်လို့သာ နေရပါတယ်"

ဒီလို ရေကြီးတာကို သူ့သက်တမ်းမှာ မကြုံဖူးဘူးလို့ ပြောပါတယ်။

အဲဒီ ထယ်လှော်ရွာက စစ်ဘေးဒုက္ခသည်တွေဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက ရွာကို စွန့်ခွာခဲ့ရပြီး ဘေးလွတ်ရာမှာနေရတာ နှစ်နှစ်လောက်ရှိနေပါပြီ။

ရွာမှာနေတုန်းက သူ့အိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသလို အခုလည်း သဘာဝဘေးကြောင့် တဲအိမ်လေး ဆုံးရှုံးသွားတယ်လို့ မမီးရှုတ်က ပြောပါတယ်။

"ကျွန်မတို့မှာ ရွာမှာနေတုန်းကလည်း အိမ်တွေမီးရှို့ခံရလို့ ပစ္စည်းတွေ ဘာတစ်ခုမှ မကျန်ခဲ့ပါဘူး။ တောထဲကို ပြောင်းရွှေ့ပြီးမှ နေရတယ်။ တောထဲမှာလည်း မိုးရွာလို့ရေကြီးလို့ တဲတစ်ခုလုံးကျွတ်ပြီးပါသွားလို့ အခက်အခဲတွေရှိပါတယ်ရှင့်။ ကျွန်မတို့ကိုလည်း ကူညီပံ့ပိုးပေးပါဦးရှင့်"

သူတို့ မိသားစုငါးယောက်နေတဲ့ တဲလေးပါသွားလို့ ပြန်ဆောက်ဖို့ အခက်အခဲရှိနေသလို ဆန်တွေလည်းပါသွားလို့ စားသောက်ရေးပါ ဒုက္ခရောက်နေရတယ်လို့ ပြောပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာ ရေကြီးနေမှုအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာ ရေကြီးနေမှုအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒီကြားထဲမှာ ရာသီဥတုကြောင့် သူ့ကလေးတွေလည်း ကျန်းမာရေးမကောင်းဘူးလို့ ပြောပါတယ်။

လက်ရှိအချိန်အထိ အဲဒီရေဘေးဒဏ်ခံထားရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီမယ့်သူမရှိသေးပါဘူး။

ထယ်လှော်ရွာသားတွေ ပြန်လည်ထူထောင်ရေး၊ ကူညီပေးရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးဖုန်းကို RFA က ဖုန်းဆက်ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ စာရင်းအရ အာဏာသိမ်းပြီးနောက် မကွေးတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သိန်းကျော် (၂၀၃၄၀၀ ဦး) ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။