မြန်မာရွှေ့ပြောင်းကလေးတွေ အားထားနေရတဲ့ မဟာချိုင်က ပညာရေးစင်တာ
2024.07.31
ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ တစ်နေ့ထက် တစ်နေ့ ပိုပြီး များလာတာနဲ့အမျှ အဲဒီထဲက ကျောင်းနေအရွယ် ကလေးငယ်တွေ ပညာဆက်သင်နိုင်မယ့် စာသင်ကျောင်းတွေလည်း လိုအပ်လာပါတယ်။ မြန်မာနိုင်ငံသားတွေ အများစု နေထိုင်နေကြတဲ့ ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာတော့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ ကလေးငယ်တွေကို စာသင်ပေးနေတဲ့ USA - MTEC လို့ခေါ်တဲ့ Myanmar- Thai Education Center ရှိပါတယ်။
မြန်မာပြည်မှာ စစ်တပ် အာဏာာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းအခြေချသူများတာနဲ့အမျှ သူတို့ ကလေးငယ်တွေရဲ့ ပညာရေးအတွက် ရည်ရွယ်ပြီး ကျောင်းကို ဖွင့်လှစ်ခဲ့တာလို့ ဒီပညာရေးစင်တာ တည်ထောင်သူ ဦးကိုကိုနိုင်က ပြောပါတယ်။
“လောလောဆယ် စဖွင့်တာ လေးလပဲ ရှိသေးတယ်။ ကျွန်တော်တို့က တွက်တာက ၂၀ ၊ ၃၀ ၊ ၅၀ လောက်ပဲ ရှိမယ်လို့ပဲ တွက်ပြီးတော့ အပြင်ကျောင်းလေးမှာ ငှားပြီးတော့ ဖွင့်ကြတာပေါ့။ သို့သော် ထင်ထားတာထက်ကို အရမ်းများပြားတဲ့အပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ ဒီနေရာကိုရွှေ့ပြီးလုပ်လိုက်တာ“
ဦးကိုကိုနိုင်ဟာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက ထိုင်ငံမှာနေထိုင်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးနေသူဖြစ်ပါတယ်။
"အခုနောက်ပိုင်းတော်တော်များများ ထိုင်းထဲကို ဝင်လာကြပြီးတော့ ဒီနှစ်ပိုင်းမှာကို ကလေးဦးရေက မထင်ထားလောက်အောင်ကို တော်တော်များလာတာကို တွေ့ရတယ်“
ဒီလေးလအတွင်း တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသား ဦးရေ ၁၂၀၀ ကျော်ရှိပါတယ်။ ဒီစင်တာမှာ မူကြိုအဆင့်၊ အခြေခံပညာ သူငယ်တန်းကနေ ၁၂ တန်းအထိ မြန်မာသင်ရိုးအတိုင်း သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။ ဘာသာစကားတွေအနေနဲ့ အင်္ဂလိပ်နဲ့ ထိုင်းဘာသာစကားတွေလည်း သင်ကြားပါတယ်။ ဒါ့အပြင် နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ထိုင်းတက္ကသိုလ်တွေမှာ ပညာဆက်သင်နိုင်မယ့် GED ( General Education Development) ဖြေဆိုဖို့လည်း သင်ကြားပေးနေတာပါ။
ဒီစင်တာမှာ ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမဦးရေ သုံးဆယ်နီးပါး ရှိပြီး အဲဒီထဲက အများစုကတော့ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်ထားကြတဲ့ CDM ဆရာ၊ ဆရာမတွေ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ Labour Production Network (LPN) အဖွဲ့အစည်း အကူအညီနဲ့ ထိုင်းနိုင်ငံမှာ ပညာရေးစင်တာအဖြစ် တရားဝင်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
“ဒီကျောင်းကို စင်တာအနေနဲ့သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းအနေနဲ့သွားမယ်ဆိုရင် ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ ဥပဒေတွေအများကြီးရှိတဲ့အတွက် ကျွန်တာ်တို့ကနေပြီးတော့ သင်တန်းအနေနဲ့ပဲသွားပါတယ်။ စင်တာအနေနဲ့ သွားပေမဲ့ သင်ရိုးကတော့ ကျောင်းအတိုင်းပဲသွားတယ်“
မြန်မာရွှေ့ပြောင်းကလေးတွေအတွက် စိတ်ချလုံခြုံပြီး လွတ်လွတ်လပ်လပ် ပညာသင်ကြားနိုင်တဲ့ ရပ်ဝန်းတစ်ခု လိုအပ်တယ်လို့လည်း ဦးကိုကိုနိုင်က ဆိုပါတယ်။
ဒီစင်တာဟာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ၊ နိုင်ငံရေးကြောင့် ထိုင်းနိုင်ငံကို ရွှေ့ပြောင်းအခြေချသူတွေ၊ စစ်ဘေးတိမ်းရှောင်လာသူတွေရဲ့ သားသမီးတွေ ပညာရေးအတွက် အားထားစရာတစ်ခုလည်း ဖြစ်ပါတယ်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ကနေ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာသူတစ်ဦးကလည်း သားသမီးနှစ်ယောက်အတွက် ဒီစင်တာကိုပဲ အားကိုးနေရတယ်လို့ ပြောပါတယ်။
“အလုပ်ကတစ်ဖက်၊ သားသမီးတွေကို ပညာတတ်စေချင်လို့။ အဝေးကနေ ဒီမှာလာထားတာ။ နေတာတော့ အဝေးကြီး။ အနီးအနားမှာ မြန်မာကျောင်းတွေ မရှိဘူး။ ထိုင်းကျောင်းတော့ ရှိတယ်။ ဒါပေမဲ့ သူတို့အရွယ်က ကြီးနေပြီဆိုတော့ မြန်မာပြည်ကနေ လာတယ်ဆိုတော့ မြန်မာကျောင်းကို ရှာပြီးတော့ လိုက်ထားတာ“
မဟာချိုင်မှာ ဒီလိုမြန်မာရွှေ့ပြောင်းကလေးတွေကို စာသင်ပေးနေတဲ့ ကျောင်းပေါင်း ဆယ်ကျောင်းကျော် ရှိပါတယ်။
ဆက်နွှယ်သောသတင်းများ
အထောက်အထားမဲ့ မြန်မာကလေးတိုင်း ကျောင်းတွေမှာလက်ခံဖို့ ထိုင်းအစိုးရညွှန်ကြား
မြန်မာလူငယ်တွေအတွက် မဲဆောက်မှာ အသက်မွေးဝမ်းကျောင်း သင်တန်းပေးနေ
မြန်မာကျောင်းသားထောင်ချီ ထိုင်းပညာရေးဗီဇာရဖို့ အခက်တွေ့နေ
လက်ရှိ မြန်မာပြည်တွင်း နိုင်ငံရေး မတည်ငြိမ်တာကြောင့် ကလေးငယ်တွေ စာသင်ခန်းတွေနဲ့ ဝေးကွာပြီး ပညာသင်ကြားခွင့် ဆုံးရှုံးနေရပါတယ်။
“စစ်ရေးအခြေအနေ တင်းမာမှု ဆိုးရွားလာမှုကြောင့် နယ်မြေဒေသအသီးသီးမှာ ကျောင်းတွေ မီးရှို့ခံရတာတွေ၊ အိမ်တွေ ဘုန်းကြီးကျောင်းတွေ စစ်ရေးအနေအထားတွေကြောင့် မြို့နယ် ဒေသအသီးသီးမှာ နေလို့မရ အိမ်မရှိ၊ မိဘတွေဆိုရင်လည်း အိမ်တွေမီးလောင်သွားတဲ့အပေါ် မူတည်ပြီးတော့ ကလေးတွေ တော်တော်များများက ကျောင်းတက်လို့မရ။ အခုနောက်ပိုင်းတော်တော်များများ ထိုင်းထဲကို ဝင်လာကြပြီးတော့ ဒီနှစ်ပိုင်းမှာကို ကလေးဦးရေက မထင်ထားလောက်အောင်ကို တော်တော်များလာတာကို တွေ့ရတယ်"
မဟာချိုင်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ငါးသိန်းခန့်ရှိပြီး ပင်လယ်စာလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ အိမ်အကူ၊ ဆောက်လုပ်ရေး စတာတွေကို အဓိက လုပ်ကိုင်နေကြပါတယ်။
ထိုင်းနိုင်ငံတစ်ဝန်းမှာ ပညာသင်ကြားနေတဲ့ မြန်မာရွှေ့ပြောင်းကလေးငယ် လေးသိန်းခန့်ရှိနိုင်တယ်လို့ ကူညီပေးနေသူတွေက ခန့်မှန်းကြပါတယ်။