တရုတ်ယွမ်ကို အဓိကငွေကြေးအဖြစ် အသုံးပြုတဲ့ မိုင်ဂျာယန်

2022.11.08
တရုတ်ယွမ်ကို အဓိကငွေကြေးအဖြစ် အသုံးပြုတဲ့ မိုင်ဂျာယန် ကချင်ပြည်နယ်၊ မိုင်းဂျာယန်မြို့မှ အထည်ဆိုင်တစ်ဆိုင်မှာ အင်္ကျီအချို့ လျှော့စျေးနှင့် ရောင်းချနေသည်ကို တွေ့ရစဉ်။
Photo: RFA

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ ကချင်ပြည်နယ်၊ မိုင်းဂျာယန်မြို့မှာ မြန်မာကျပ်ငွေကိုမသုံးဘဲ တရုတ်ယွမ်ငွေကို တရားဝင်ငွေကြေးတစ်ခုလို သုံးစွဲလာတာ အခုဆိုရင် အချိန် ၃၅ နှစ်အထိ ရှိလာပါပြီ။

တရုတ်နိုင်ငံနဲ့ အဓိက ကူးလူးဆက်ဆံရတဲ့ နယ်စပ်မြို့ဖြစ်တာကြောင့် တရုတ်ယွမ်ငွေကို သာ အဓိက သုံးစွဲနေကြရတာလို့ မိုင်ဂျာယန်မြို့မှာနေထိုင်တဲ့ ဘာသာရေးဆရာ ဦးထွယ်နန်က RFA ကို ပြောပါတယ်။

"ကျနော်တို့က နယ်စပ်နဲ့ဆက်စပ်ပြီး တည်ထားတဲ့မြို့ရွာသူရဲ့ နယ်စပ်ဒေသဖြစ်လို့ ကုန်စည်စီးဆင်းမှုကလည်း နယ်စပ်တစ်ဘက်ကမ်းက ကုန်စည်ကို ကျနော်တို့ အဓိက ဝယ်ယူရတဲ့ဟာမျိုးရှိတယ်။ ကျနော်တို့ရဲ့ ဒေသထွက်ပစ္စည်းပြီးတော့ ဒီစားသောက်ကုန် အကုန်လုံးက တရုတ် ပြန်ပို့ကြတာကို။ အများပိုင်းကတော့ ကျနော်တို့ တရုတ်ပြည် ဘက် ပို့ပြီးတော့ တရုတ်ငွေ ယူတာများတယ်။ ပြီးတော့ လူသုံးကုန်ပစ္စည်းကလည်း တရုတ်က တရုတ်ငွေနဲ့ ပြန်ဝယ်ယူတဲ့အခါကျတော့ အများပိုင်းက တရုတ်ငွေကို သုံးသွားရခြင်း အကြောင်းအရင်းလို့ အဲလိုထင်မြင်ပါတယ်"

တရုတ်ယွမ်ငွေကို တရားဝင်ငွေကြေးအဖြစ် ကေအိုင်အိုက သတ်မှတ်ထားတာမရှိပေမယ့် ဒေသခံတွေအကြားမှာတော့ ယွမ်ငွေကို ခိုင်မာတဲ့ တရားဝင်ငွေကြေးတစ်ခုအဖြစ် သုံးစွဲလည်ပတ်နေကြတာလို့လည်း သူက ပြောပါတယ်။

မိုင်ဂျာယန်ဒေသခံအများစုမှာ တရုတ်နိုင်ငံဘက်မှာလည်း ဆွေမျိုးတွေရှိကြပြီး တရုတ်ဘက်က နှစ်နိုင်ငံခြံစည်းရိုးတွေ မကာခင်က တစ်ဖက်နဲ့ တစ်ဖက် အိမ်ဦးနဲ့ ကြမ်းပြင်လို သွားလာနေထိုင်ခဲ့ကြတာပါ။

မိုင်ဂျာယန်အပါအဝင် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ တဝိုက်က ဒေသခံတွေဟာ ကြံ၊ စပါးလင်၊ ငရုတ်ကောင်း စတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ မွေးမြူရေးလုပ်ငန်းတွေကို လုပ်ကိုင်ကြပြီး တရုတ်နိုင်ငံဘက်ကို အဓိကရောင်းချကြရသလို လိုအပ်တဲ့ ပစ္စည်းတွေ ကိုလည်း တရုတ်နိုင်ငံကပဲ အဓိက ဝယ်ယူသုံးစွဲကြရပါတယ်။

ကိုဗစ် ကပ်ရောဂါဖြစ်ပွားလာပြီးနောက် တရုတ်နိုင်ငံက နယ်စပ်ဝင်ပေါက်တွေကို အရင်လို မဖွင့်တော့သလို နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးကိုပါ ကာလိုက်တာကြောင့် ဒေသခံတွေဟာ တရုတ်နိုင်ငံကို အရင်ကလို အလွယ်တကူ ဝင်ထွက်သွားလာလို့ မရတော့ပါဘူး။

ဒါကြောင့် ဒေသခံတွေဟာ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းအချို့ကို မြန်မာဘက်က ပြန်ဝယ်ပြီး ဒေသတွင်းမှာ ရောင်းချကြရပေမယ့် တရုတ်ယွမ်ငွေနဲ့ပဲ အသုံးပြု လည်ပတ် နေကြဆဲဖြစ်တယ်လို့ မိုင်ဂျာယန်ဒေသခံ ဒေါ်ဂျာနန်က ပြောပါတယ်။

"ကျနော်တို့ဒီမှာက တရုတ်ငွေ သုံးနေတာပေါ့။ မြန်မာပိုက်ဆံသုံးရင်က နည်းနည်းတော့ ခက်တယ်။ စျေးရောင်းတဲ့သူတွေက မယူကြဘူး။ မယူဘူးဆိုတာက စျေးကလည်း တအားကွာနေတယ်။ တရုတ်ငွေ နှစ်ယွမ်မှာ မြန်မာငွေက တစ်ထောင်လောက် ဖြစ်သွားတာပေါ့။ မြန်မာငွေပေးတဲ့သူတွေအတွက်တော့ နစ်နာတာပေါ့။ မုန်ညှင်းလိုမျိုး တောင် ၅ ယွမ်ပေးမှ ၃ စည်းရတာ။ အဲဒါကို မြန်မာငွေနဲ့ ပြန်တွက်လိုက်ရင်တော့ ၃ ထောင်လောက် ရောက်သွားတာ။ မြန်မာငွေနဲ့ ဝယ်ရင်လည်း ဒီမှာပြန်ရောင်းတာက တရုတ်ငွေနဲ့ပဲ ပြန်ရောင်းတော့ အဲလိုဖြစ်သွားတာ"

စစ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေပေမယ့် တရုတ်ယွမ်ငွေကို အဓိက သုံးစွဲနေကြတဲ့ မိုင်ဂျာယန်ဒေသခံတွေအတွက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ မိုင်ဂျာယန်မှာရှိတဲ့ ကျောင်းတွေမှာ လာရောက် ပညာသင်ယူကြရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကတော့ သူတို့ရဲ့ မြန်မာကျပ်ငွေကို တရုတ်ယွမ်ငွေနဲ့ ပြန်လဲပြီး သုံးစွဲကြရတာကြောင့် အခက်အခဲတွေလည်း ကြုံကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မြန်မာပိုက်ဆံသုံးရင်က နည်းနည်းတော့ ခက်တယ်။ စျေးရောင်းတဲ့သူတွေက မယူကြဘူး။ မယူဘူးဆိုတာက စျေးကလည်း တအားကွာနေတယ်"

မိုင်ဂျာယန်မြို့ပေါ်မှာ လူပေါင်း ၄၀၀၀ ကျော်ရှိပြီး အဲဒီအထဲမှာ လူပေါင်း ၂၀၀၀ လောက် ဟာ အစိုးရထိန်းချုပ်နယ်မြေနဲ့ ကေအိုင်အို ထိန်းချုပ်နယ်မြေက လာရောက် ပညာသင်ယူ နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်ဂျာယန်က Federal Law Academy ကျောင်းမှာ ပညာသင်ယူနေတဲ့ ကျောင်းသူ မဆိုင်းခေါန် (အမည်လွှဲ) ကတော့ တရုတ်ယွမ်ငွေကို မြန်မာကျပ်ငွေ မတန်တဆပေးပြီး လဲလှယ်သုံးစွဲရတာကြောင့် အခက်အခဲတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

"ဟိုဘက်ကနေ နိုင်ငံရေး အခြေအနေကြောင့်မို့ စီးပွားရှာဖို့ အခက်အခဲဖြစ်နေတဲ့ အချိန်မှာ အပြင်မှာနေတဲ့သူတွေပဲဖြစ်ဖြစ်၊ အဆောင်မှာနေတဲ့သူတွေပဲဖြစ်ဖြစ် သူက ငွေလဲလိုက်မယ်ဆိုလို့ရှိရင် တစ်သိန်းကို လဲလိုက်ရင် ဒီမှာက တရုတ်ငွေ ၂၀၀ ပဲ ရတယ်ပေါ့နော်။ ဒီမှာက အပြင်မှာ ထမင်းတစ်ခါစားလို့ရှိရင် ၁၅ ယွမ် (ကျပ် ခုနစ်ထောင်) ပေးရတာပေါ့နော်။ ဒီ ၁၅ ယွမ်ကိုဆိုတော့ တော်တော်လည်းကို များတဲ့ အခြေအနေဖြစ်တယ်ပေါ့နော်။ အပြင်မှာနေတဲ့သူတွေဆို မြန်မာငွေတစ်သိန်းကို ငွေလဲပြီးပေးမယ်ဆို တစ်သိန်းက အိမ်ခန်းငှားခနဲ့တင် ကုန်သွားပြီ။ ပြီးလို့ရှိရင် အစားအသောက် ပြန်ပြီး ပူပန်ရတာတွေ ရှိတာပေါ့နော်"

ကျောင်းစရိတ်တွေကိုလည်း တရုတ်ယွမ်ငွေနဲ့သာ ပေးဆောင်ရတာကြောင့် ယခင်က မြန်မာကျပ်ငွေ ၁၀ သိန်းခန့် ကုန်ကျခဲ့ရာကနေ အခုတော့ ကျပ် သိန်း ၂၀ လောက်အထိ ကုန်ကျနေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်အထိ မြန်မာငွေတစ်သိန်းကျပ်ကို တရုတ်ယွမ် ၅၀၀ နီးပါး အထိ ရရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လက မြန်မာကျပ်ငွေ တစ်သိန်းမှာ တရုတ်ယွမ်ငွေ ၁၇၀ သာ ရတော့တာပါ။

yuan-exchange.jpg
ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့မှာ တရုတ်ယွမ်နှင့် မြန်မာကျပ်ငွေ လဲလှယ်နေသူတစ်ဦးကို တွေ့ရစဉ်။ (Photo: RFA)

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် အစိုးရက ၂၅ ကျပ် နဲ့ ၇၅ ကျပ်တန်တွေကို တစ်စုံတစ်ရာ ကြိုတင်အသိမပေးဘဲ ရုပ်သိမ်းလိုက်ကတည်းက မြန်မာကျပ်ငွေကို အယုံအကြည် မရှိတော့တာကြောင့် ၁၉၈၇ ခုနှစ်လောက်ကစလို့ မိုင်ဂျာယန်မှာ တရုတ် ယွမ်ငွေကို အဓိကငွေကြေးအဖြစ် စတင်သုံးစွဲလာတာလို့ ၁၉၇၀ ခုနှစ်လောက်ကတည်းက မိုင်ဂျာမှာနေထိုင်လာတဲ့ ဦးလဗျလက ပြောပါတယ်။

ဒေသခံတွေဟာ တည်ငြိမ်မှုမရှိတဲ့ မြန်မာကျပ်ငွေအပေါ်မှာ ဒီနေ့အထိ ယုံကြည်မှု မရှိကြသလို တရုတ်နယ်စပ်ဒေသလည်းဖြစ်တာကြောင့် တရုတ်ယွမ်ငွေကိုပဲ ဆက်သုံးနေကြတာလို့ ဦးလဗျလက ပြောပါတယ်။

"၈၇ ပတ်ဝန်းကျင်က ဒီတစ်ဝိုက်မှာ တိုက်ပွဲတွေလည်းဖြစ်တယ်။ ကျနော်တို့ ဒီတစ်ဝိုက်မှာ မြန်မာတပ်တွေ လိုက်ပစ်တာ။ နေအိမ်တွေလည်း အကုန်မီးရှို့ခံရတယ်။ ကျနော်တို့က အဲချိန်က တော်တော် ဒုက္ခရောက်ခဲ့တယ်။ အဲချိန်က ကျနော်တို့ ဒီဗမာငွေပဲ အဓိကသုံးကြတော့ ရှိတဲ့ငွေကို ကိုင်ပြီး ထွက်ပြေးကြတာ။ ထွက်ပြေးတဲ့ တရုတ်ပြည်နယ်စပ်မှာရောက်တော့ ပိုက်ဆံက သုံးမရတော့ဘူး။ လဲလို့လည်း မရတော့ဘူး။ အဲချိန် ဆားတောင် ဝယ်စားဖို့ ပိုက်ဆံမရှိတော့ တော်တော် ဒုက္ခ ရောက်သွားတယ်။ ဒီနယ်စပ်တစ်ကြောက ပြည်သူတွေ ဒီဂရီဆုံးထိ ဒုက္ခ ရောက်ခဲ့ကြတော့ အဲချိန်ကစပြီး နယ်စပ်မှာနေတဲ့ပြည်သူတွေက မြန်မာငွေကို တန်ဖိုးမထားတော့"

မြန်မာနိုင်ငံမှာ ဒီနေ့အချိန်အထိ ခေါင်းဆောင်တစ်ယောက်ပြောင်းတိုင်း နိုင်ငံအခြေအနေပါ ပြောင်းနေတဲ့အတွက် တရုတ်နယ်စပ်မှာနေထိုင်တဲ့ ဒေသခံတွေဟာ တည်ငြိမ်မှုရှိတဲ့ တရုတ်ယွမ်ငွေကိုသာ အဓိက စုဆောင်းလေ့ရှိကြတယ်လို့လည်း သူက ပြောပါတယ်။

ကချင်ပြည်နယ်မှာ ကေအိုင်အို ထိန်းချုပ်ရာ မိုင်ဂျာယန်နဲ့ လိုင်ဇာမြို့အပါအဝင် အစိုးရ ထိန်းချုပ်နယ်မြေဖြစ်တဲ့ လွယ်ဂျယ်၊ ကန်ပိုင်တီဒေသနဲ့ ယခင် ဦးဇခုန်တိန့်ယိန်းရဲ့ NDAK (New Democratic Army-Kachin) ထိန်းချုပ်နယ်မြေ ပန်ဝါမြို့နယ် ဖီဖော်ဒေသမှာလည်း တရုတ်ယွမ်ကိုပဲ အဓိက သုံးစွဲနေကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။