လျှပ်စစ်ဓာတ်အားလိုင်း ဧရိယာထဲက နေအိမ် ခြောက်ရာကျော် ဖယ်ရှားခံရ
2024.04.25
“နေစရာမရှိလို့ ဝယ်နေမိတာ အမေကြီးက မှားပါတယ်။ ဒါပေမဲ့လို့ ဘယ်လိုမှ လုပ်မရဘူးလေ။ သူတို့ကမှ သစ်ပင်တစ်ပင်တောင် စိုက်ခွင့်မပေးပါဘူး။ ပြောမှတော့ အမေကြီးတို့က ဘယ်ပြေးတော့မှာတုန်း”
လျှပ်စစ်ဓာတ်အားလိုင်း ဧရိယာမှာ အိမ်ဆောက်နေလို့ဆိုပြီး နေအိမ် အဖယ်ခံလိုက်ရတဲ့ အသက် ၇၀ အရွယ် အမျိုးသမီးကြီးတစ်ဦး ပြောပြတာပါ။
မန္တလေးမြို့နဲ့ တစ်ဆက်တည်းရှိနေတဲ့ ပုသိမ်ကြီးမြို့နယ်က ရွာတွေမှာ လျှပ်စစ်ဓာတ်အားလိုင်း ဧရိယာမှာ ပါဝင်လို့ဆိုပြီး နေအိမ် ခြောက်ရာကျော်ကို ဒေသအာဏာပိုင်တွေက ဧပြီလ ၄ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရမယ်လို့ အကြောင်းကြားခဲ့တာပါ။
ဧပြီလ ၅ ရက်နေ့မှာတော့ အဲဒီခြောက်ရာကျော်ထဲက နေအိမ် တစ်ရာကျော်ဟာ စက်ယန္တယားတွေနဲ့စပြီး ဖြိုချခံခဲ့ရပါတယ်။
“မသိဘူး။ သူတို့ကတော့ သူတို့နဲ့ ၇၅ ပေ မလွတ်လို့ ဖျက်ခိုင်းတာ။ သူတို့ဖျက်ဆိုတော့ ဖျက်ရတာပဲ။ မနက်ကကို လက်တွေ့ ဘက်ဟိုးတွေနဲ့ လာကုတ်သွားတာ။ သစ်ပင်ရော ဝင်းထရံပါ မကျန်ဘူး၊ အကုန်ထိုးသွားတာ။ နေစရာမရှိတော့ အမေကြီးတို့မှာ ဘယ်မှလည်း အားကိုးစရာမရှိဘူး။ ငှားနေဖို့လည်း ပိုက်ဆံက မရှိဘူး။ အဲဒီလိုဖြစ်နေတာ”
လွန်ခဲ့တဲ့ခြောက်နှစ်က သူတို့မိသားစုဟာ ဒီမြေနေရာကို အများအခေါ် အရပ်စာချုပ်နဲ့ ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။ မိသားစုဝင် ဆယ်ဦးရှိတဲ့ သူတို့အတွက် အိမ်ငှားနေဖို့ ငွေကြေးမတတ်နိုင်တာကြောင့် ဖျက်ပေးလိုက်ရတဲ့နေရာ အနီးအနားမှာပဲ ယာယီ နေထိုင်နေကြပါတယ်။
အာဏာပိုင်တွေရဲ့ စက်ယန္တရားတွေနဲ့ ဖြိုဖျက်တာမခံနိုင်တာကြောင့် ကိုယ့်အိမ်ကို ကိုယ်တိုင်ဖျက်ပေးခဲ့သူတွေလည်း ရှိပါတယ်။
အိမ်ပိုင်ဘဝကနေ အခုတော့ တစ်လကို ငွေကျပ် တစ်သိန်းနဲ့ အိမ်ငှားနေရတယ်လို့ နေအိမ်ကို ကိုယ်တိုင်ဖျက်ပေးလိုက်တဲ့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အခုမှ အဆင်ပြေကာစရှိမယ်။ လုပ်ကာစ ရှိသေးတယ်။ အခုကျ လက်မဲ့ပြန်ဖြစ်တော့တာပေါ့ကွာ။ နဖူးကချွေး အဝီဇိကျအောင် လုပ်စားလာတဲ့ပစ္စည်းလေးတွေ အခုဒီလိုပါသွားတော့ ကိုယ့်စိတ်ထဲ ဘယ်ကောင်းမှာတုန်းဟ။ စိတ်ဓာတ်တွေလည်း ကျတော့ ကျတာပေါ့။ ကျဆုံးတာပါ”
သူ့လိုပါပဲ အိမ်ဖယ်ရှားဖို့ အကြောင်းကြားစာရခဲ့ကြသူတွေထဲမှာ တချို့ကတော့ သူတို့နေအိမ်တွေကို အပျက်အဆီးစျေးနဲ့ ရောင်းချပြီး တခြားနေရာကို ပြောင်းရွှေ့သွားကြပါတယ်။
လက်ရှိမှာတော့ ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ရွာအုပ်စုမှာပါတဲ့ နန်းဦးလွင်၊ အရှေ့ကန်ကောက်၊ ကုန်းတန်းရွာတွေက လျှပ်စစ်ဓာတ်အားလိုင်း ဧရိယာမှာ ပါဝင်နေတဲ့ နေအိမ်တွေကို အာဏာပိုင်တွေက စတင်ဖြိုချနေတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအနီးမှာ လျှပ်စစ်ဓာတ်အားလိုင်း သုံးခုရှိပြီး အဲဒီသုံးခုလုံးရဲ့ ဘေး ဘယ်၊ ညာ ၇၅ ပေအတွင်းမှာ ရွာပေါင်း ရှစ်ရွာလောက်က နေအိမ် တစ်ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီနေအိမ်တစ်ထောင်ကျော်မှာ လူဦးရေ ငါးထောင်ကျော် နေထိုင်နေကြတာပါ။
အဲဒီထဲက နေအိမ်ခြောက်ရာကျော်ကို ဖယ်ရှားခိုင်းထားပြီး ဧပြီလ ၂၃ ရက်နေ့အထိလည်း အာဏာပိုင်တွေက အိမ်တချို့ကို စက်ယန္တရားတွေနဲ့ ဖယ်ရှားနေဆဲပဲလို့ နေအိမ်ဖယ်ရှားခံရသူတွေက ပြောပါတယ်။
အဲဒီလျှပ်စစ်ဓာတ်အားလိုင်းတွေကို ၂၀၁၇ ခုနှစ်ကမှ စတင်သွယ်တန်းခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင်ကတည်းက နေကြသူတွေလည်း ဖယ်ရှားခံရမှာအထဲ ပါပါတယ်။
ဓာတ်လားလိုင်းတွေ စသွယ်တန်းတဲ့နှစ်မှာပဲ မြေပိုင်ရှင်တွေက လျှပ်စစ်ဓာတ်အားလိုင်းတွေအတွက် နစ်နာကြေးဆိုပြီး အရပ်သားအစိုးရ အာဏာပိုင်တွေ ပေးတဲ့ငွေကိုမယူခဲ့ကြဘဲ နောင်တစ်ချိန် အရှုပ်အရှင်းဖြစ်ခဲ့ရင်သာ ဖြေရှင်းပေးဖို့ ကတိကဝတ် ရယူခဲ့တယ်လို့လည်း ဖယ်ရှားခံရတဲ့ အိမ်ပိုင်ရှင်တချို့က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။
မန္တလေးမြို့က အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ယောက်က တရားဝင် မြေပိုင်ဆိုင်ခွင့်ရှိအောင် ဥပဒေနဲ့အညီဖြစ်ဖို့ မြေမဝယ်ခင်မှာ သေချာစိစစ်သင့်တယ်လို့ အကြံပြုပါတယ်။
“ပထမဆုံးစစ်ရမှာက ကိုယ်ဝယ်ထားတဲ့မြေသည် ဘယ်လို မြေအမျိုးအစားလဲ၊ ဘယ်လို ဝယ်ခဲ့တာလဲ။ အဲဒါ စစ်ဖို့ လိုမယ်။ စစ်ပြီး ခိုင်မာတယ်ဆိုမှ ကိုယ်က ဥပဒေနဲ့အညီ အရေးဆိုလို့ရမှာလေ။ ဝယ်ထားတာကိုက ဥပဒေနဲ့အညီ ညီညွတ်တဲ့မြေကွက်ကို ဝယ်ထားတာ မဟုတ်ဘဲနဲ့ တရားမဝင် ဝယ်ယူထားတာမျိုး၊ နောက် အရပ်စာချုပ်နဲ့ ဝယ်ထားပြီးတော့ မှတ်ပုံတင် မထားတာမျိုးဆိုရင်တော့ ဥပဒေအရ အခွင့်အရေး နည်းတယ်”
အခုလို နေအိမ်တွေ ဖယ်ရှားဖို့ အကြောင်းကြားစာတွေ ရောက်လာချိန်မှာ နေပြည်တော် ဝန်ကြီးဌာနတွေကို အသနားခံစာ တင်ခဲ့ကြပေမဲ့လည်း တုံ့ပြန်ချက် မရခဲ့ကြပါဘူး။
အခုဖယ်ရှားခံရတဲ့ အိမ်ခြေ ခြောက်ရာကျော်ထဲက တစ်ဝက်လောက်ဟာ အိမ်ပိုင်ဘဝကနေ အိမ်ငှားဘဝကို ရောက်သွားရတော့မှာပါ။ နေအိမ်ဖယ်ရှားခံရသူတွေကတော့ အစားထိုးမြေကွက်ရဖို့ မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။
“တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲ အမေကြီး ကြုံဖူးတာပဲ။ တစ်ခါမှ မတွေ့ဖူးဘူး ဒီလိုအပူတွေ။ အမေကြီးကတော့ နေစရာလေး လိုချင်တာပေါ့။ ဆယ့် ငါးပေလောက်ရရ၊ ပေ နှစ်ဆယ်လေးရရ အဲဒီလိုလေး”