မစံပယ် သို့မဟုတ် ရိုးစင်းတဲ့ အနုပညာနဲ့ ကလေးသုံးယောက်ကို ရှာဖွေကျွေးမွေးသူ

2022.09.14
မစံပယ် သို့မဟုတ် ရိုးစင်းတဲ့ အနုပညာနဲ့ ကလေးသုံးယောက်ကို ရှာဖွေကျွေးမွေးသူ အနုပညာဖြင့် ကလေးသုံးယောက်အား ရှာဖွေကျွေးမွေးသူ မစံပယ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်
Photo: RFA

သူ့အမည်က မစံပယ်။ အသက်က ၃၂ နှစ်ပါ။ သူ့မှာ အရွယ်မရောက်သေးတဲ့ ကလေး သုံးယောက် ရှိပါတယ်။ အငယ်ဆုံးကလေးကို ကိုယ်ဝန်ခုနစ်လလွယ်ထားရချိန်မှာပဲ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားတာကြောင့် အခုလို ခေတ်ကျပ်ကြီးထဲမှာ ကလေးသုံးယောက် ဝမ်းရေးအတွက် တစ်ကိုယ်တည်း ရုန်းကန်ရှာဖွေ ကျွေးမွေးရပါတယ်။

ရန်ကုန် လှိုင်သာယာက ဆင်းရဲနွမ်းပါးတဲ့ အိမ်ခန်းလေးတစ်ခုမှာ ကလေးသုံးယောက်နဲ့ အတူ သူ အခန်းငှားနေထိုင်ပါတယ်။ မနက်မိုးလင်းတာနဲ့ သူတတ်သလောက် အလှပြင်၊ လှိုင်သာယာမြို့နယ်ကနေ စက်ဘီးကို ကိုယ်တိုင်နင်း၊ ရှေ့မှာ အသံချဲ့စက် အသေးလေးတပ်၊ သုံးနှစ်အရွယ် အငယ်ဆုံးကလေးကို နောက်မှာတင်ပြီး ရန်ကုန်မြို့အနှံ့ ရပ်ကွက်တကာ လမ်းတကာလှည့်ပြီး သူကပြဖျော်ဖြေပါတယ်။ သီချင်းတစ်ပုဒ်ကို ကျပ် တစ်ထောင်နှုန်း သူ သတ်မှတ်ထားပါတယ်။

"ဘယ်သူပဲဖြစ်ဖြစ် ညီမကို အကောင်းမြင်ပေးကြပါ”

ခင်ပွန်းရှိချိန်က သာမန်အိမ်ရှင်မတစ်ဦးအဖြစ် သူအေးအေးချမ်းချမ်း နေခဲ့ရပါတယ်။ ခင်ပွန်းမရှိတဲ့နောက်ပိုင်း ကလေးသုံးယောက်အတွက် ဈေးရောင်း၊ ကျောက်ထမ်း၊ သူတစ်ပါးအိမ်မှာ အဝတ်လျှော်ထမင်းချက် အလုပ်မျိုးစုံလုပ်ခဲ့ပေမယ့် စားဝတ်နေရေး အဆင်မပြေပါဘူး။ နောက်ဆုံးတော့ အနုပညာဝါသနာပါတဲ့ မစံပယ်ဟာ သူ့ဆရာမရဲ့ လမ်းညွှန်ချက်နဲ့ပဲ အခုလို လမ်းတကာလှည့် ကပြဖျော်ဖြေပြီး ကလေးသုံးယောက်ရဲ့ စားဝတ်နေရေးကို ဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

ခင်ပွန်းဆုံးပြီး အငယ်ဆုံးကလေးကို ခက်ခက်ခဲခဲ မွေးဖွားရချိန်မှာ အသက် နှစ်နှစ်နဲ့ တစ်နှစ်ကျော်သာ ရှိသေးတဲ့ အကြီးဆုံး ကလေးနှစ်ယောက်ကို မိဘမဲ့ဂေဟာမှာ သွားအပ်ထားခဲ့ရပါတယ်။ အခု ကပြဖျော်ဖြေပြီး ဝင်ငွေရလာမှ ကလေးနှစ်ယောက်ကို ပြန်ခေါ်နိုင်ခဲ့တာလို့ မစံပယ်က ပြောပါတယ်။

“မိဘမဲ့ကျောင်း ရောက်သွားတာ ညီမသမီးလေးဆိုရင် တစ်နှစ်ကျော်ပဲ ရှိသေးတယ်။ စပြီး လမ်းတောက်တောက် တောက်တောက်လေး လျောက်ကာစပဲ ရှိသေးတယ် ရောက် သွားတာ။ ညီမသားလေးက အဲအချိန်မှာ နှစ်နှစ် ကျော်ပဲရှိသေးတယ် ရောက်သွားတဲ့ အချိန်မှာ။ အဲအချိန်မှာ တော်တော်လေး ကင်းကွာသွားတာ၊ တစ်နှစ်ကျော်လောက်တော့ ကင်းကွာသွားတယ်။ အခုတော့ ပြန်ဆုံပြီပေါ့နော်၊ မောင်နှမနှစ်ယောက်လုံးလည်း ပြန် ဆုံပြီ။ ကိုယ်ကတော့ သူတို့ကို ခိုင်းစားဖို့ ပြန်ခေါ်ထားတာ မဟုတ်ဘူး။ အဖြစ်ချင်ဆုံး ကတော့ ကိုယ့်ရဲ့ ချွေးနည်းစာနဲ့ကို သူတို့ကို ကျောင်းထားပေးမယ်။ ပညာတတ်ဖြစ် အောင် ညီမထားပေးမယ်လို့ ဆုံးဖြတ်ထားတယ်။ ဘာလို့လဲဆိုတော့ ညီမကိုယ်တိုင် စာမတတ်ခဲ့လို့"

အခုလိုခေတ်ကြီးမှာ ဈေးရောင်းမကောင်းလို့ စိတ်ညစ်နေတဲ့အချိန် မစံပယ်လာရောက် ကပြတဲ့အခါ စိတ်ညစ်ပြေသွားတယ်လို့ အမြဲကြည့်ရှုအားပေးလေ့ရှိတဲ့ လှိုင်သာယာဈေး ထဲက ဈေးသည် ဒေါ်သန်းသန်းအေးက ဆိုပါတယ်။

“ပျော်တာပေါ့။ ကိုယ်လည်း ရောင်းမကောင်းဘူး ဒီခေတ်ကြီးမှာလေ။ ရောင်းမကောင်း တဲ့အချိန် ကိုယ်လည်း စိတ်ညစ်နေတာ။ သူလာတဲ့အချိန်ကျ ကိုယ်လည်းနည်းနည်းတော့ အပန်းပြေသွားတာပဲ။ ကျေနပ်ပါတယ်”

လူအသိုက်အဝန်းအကြား ကိုယ်တတ်ကျွမ်းတဲ့ အနုပညာလေးနဲ့ ကပြဖျော်ဖြေပြီး ကလေး သုံးယောက်ကို ရှာဖွေကျွေးမွေးစောင့်ရှောက်နေရပေမယ့် ဒီအလုပ်ကို လူတိုင်းက နားလည် လက်ခံတာတော့ မဟုတ်ပါဘူး။ တချို့က အထင်မြင်သေးတဲ့ မျက်ဝန်းတွေနဲ့ ကြည့်တတ် သလို အမျိုးသားတချို့က နှုတ်နဲ့စော်ကား ပြောဆိုတာ၊ စနောက်လှောင်ပြောင်တာတွေ လုပ်လေ့ရှိတယ်လို့ မစံပယ်က ဆိုပါတယ်။

မစံပယ်ရဲ့ အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ မသက်သက်ဝင်းကတော့ အမျိုးသမီးတစ်ဦးအနေနဲ့ ဝမ်းရေးအတွက် သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ သမာအာဇီဝကျကျ လုပ်ကိုင်ရှာဖွေနေ တာကို နားလည်စာနာတယ်လို့ ပြောပါတယ်။

“ဒီလမ်းထဲက ဒီရပ်ကွက်ထဲက လူတွေကတော့ သူ့ကို ဘာမှမပြောပါဘူး။ ဒါ သူ့ရဲ့ ဝါသနာအရရယ်၊ နောက်တစ်ခုက စားဝတ်နေရေး အတွက်ပေါ့နော်၊ ရုန်းကန်နေရတာ ကြောင့် ဒီလမ်းထဲက မဝေဖန်ဘူး။ သူ့ကို အကုန်လုံး လက်ခံကြတယ်။ အခြားမှာတော့ တချို့တွေကလည်း မကောင်းတာ ပြောချင်လည်း ပြောမှာပေါ့နော်။ သူ့ကို အခုလိုပေါ့ ကတာကို လှောင်တာမျိုးတို့ ပြောင်တာမျိုးတွေ ရှိတာပေါ့နော်။ တချို့တွေကျတော့ လည်း အော်ဒီ လိုမျိုးလေးပဲ ဆက်လုပ်ပါ။ ဒါသမာအာဇီဝကျကျနဲ့ လုပ်ကိုင်စားသောက် တာပေါ့နော”

တကယ်တော့ မစံပယ်က ပဲခူးတိုင်း နတ်တလင်းဇာတိ ဖြစ်ပါတယ်။ အသက် ၁၄ နှစ် အရွယ်ကတည်းက ရန်ကုန်ကို ရောက်လာ၊ အိမ်ထောင်ကျပြီးမှ ခင်ပွန်းဆုံးသွားတာကြောင့် ကလေးသုံးယောက်နဲ့ ရန်ကုန်ဆင်ခြေဖုံးမှာ ခက်ခက်ခဲခဲ ရုန်းကန်နေရတာပါ။

ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်သွားတဲ့ သမီးဖြစ်သူကို နတ်တလင်းမှာ ဆိုက္ကားနင်းပြီး ဝင်ငွေရှာရတဲ့ ဖခင်က စိတ်မချပေမယ့် အတူနေပြီး အချိန်ပြည့် မစောင့်ရှောက်နိုင်ပါဘူး။ တစ်ခါတရံတော့ ဖခင် ဦးမြင့်စိုးက ရန်ကုန်ကိုရောက်လာပြီး သမီးနဲ့ မြေးသုံးယောက်ကို လာကြည့်တတ်ပါတယ်။

အရွယ်ရှိသေးတဲ့ သမီးကို အခုလို တိုင်းပြည်မတည်မငြိမ်ဖြစ်နေချိန်မှာ အချိန်အခါကိုကြည့် ပြီး အသွားအပြန် လုပ်ဖို့ပဲ သတိပေးနေရတယ်လို့ ဖခင် ဦးမြင့်စိုးက ပြောပါတယ်။

“သူသွားတာ လာတာလေးကိုတော့ သတိဝိရိယနဲ့သွားပြီးတော့ အချိန်နဲ့အခါနဲ့ပြန်ဖို့ ဒီလောက်ပါပဲ။ ကျနော်က သွန်သင်ဆုံးမပေးပါတယ်။ သူ့စီးပွားရေးအလုပ်ဆိုတော့ ကျနော်ကလည်း သူ့ကို ပြန်မကြည့်နိုင်ဘူးလေ။ ကျနော်ကလည်း ဆိုက်ကားနင်းနေ ရတဲ့သူဆိုတော့ နယ်မှာပဲ ကျနော်က ဆိုက်ကားနင်းတာကိုး။ ဒီမှာဆိုတော့ သူအခက် အခဲရှိတဲ့အခါ ကျနော် သွားချည်လာလှည့် လုပ်ပေးတယ်။ ဟိုကအလုပ်တွေ နားနား ထားခဲ့ရတာပေါ့"

မစံပယ်ကတော့ ဟိုအရင်ခေတ်နဲ့ အခုက မတူတော့ဘူး၊ ကုန်ဈေးနှုန်းက အရမ်းတက်လာ တာကြောင့် ကလေး သုံးယောက်နဲ့ နေ့စဉ်စားဝတ်နေရေး အဆင်ပြေဖို့က အတော်ခက်ခဲ တယ်လို့ ပြောပါတယ်။

သူ့ရဲ့ ဖျော်ဖြေရေးအလုပ်က မိုးတွေသဲသဲမဲမဲ ရွာချိန်မျိုးဆို လုပ်လို့မရတာကြောင့် သူတစ် ပါးအိမ်မှာ အဝတ်အငှားလျှော်ပြီး စားဝတ်နေရေးကို ဖြေရှင်းရတယ်လို့ ဆိုပါတယ်။

masabal-famaly.jpg
အနုပညာဖြင့် ကလေးသုံးယောက်အား ရှာဖွေကျွေးမွေးသူ မစံပယ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က မိသားစုနှင့်အတူ တွေ့ရစဉ် (Photo: RFA)

အခုလို ခေတ်ဆိုးကြီးထဲမှာ အားလုံးဒုက္ခရောက်ပြီး တစ်ဦးကိုတစ်ဦး မကူညီနိုင်တာမို့ သူတတ်ကျွမ်းတဲ့ အနုပညာလေးနဲ့ ဒီလိုကပြဖျော်ဖြေနေရတာကို အထင်မသေးဘဲ နားလည်ပေးစေချင်တယ်လို့ ဆိုပါတယ်။

“ညီမက စားဝတ်နေရေး မပြေလည်လို့ ဒီအလုပ်ကို လုပ်နေရတာပါ။ အဲဒီ့အတွက် ကြောင့် ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့နော် အကောင်းလေးမြင်ပေးဖို့ ပြောချင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းမှာ ကိုယ့်ရဲ့အခက်အခဲ ကိုယ့်ရဲ့စားဝတ်နေရေး ရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မကူညီမပံ့ပိုးနိုင်ဘူး အခုအချိန်မှာ။ ဘာလို့ လဲဆိုတော့ ကိုယ့်အခက်အခဲနဲ့ကိုယ် ဖြစ်နေတာကြောင့် သူ့ကိုမကူညီနိုင်သလို ကိုယ် လည်း သူများကို မကူညီနိုင်ဘူး။ ဘယ်သူပဲဖြစ်ဖြစ် ညီမကို အကောင်းမြင်ပေးပါလို့ ပြောချင်ပါတယ်။ ညီမရဲ့ စားဝတ်နေရေးရှိလို့ ဒီလိုမျိုးအလုပ်တွေကို လုပ်ခဲ့တာပါ။ ညီမလည်း ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော် စိတ်ညစ်နေတာတို့ စိတ်ညစ်ပြေစေချင်တယ်။ ဖျော်ဖြေတာလည်း ဝါသနာပါတယ်။ အားလုံးရဲ့အမြင်မှာ ကိုယ့်ကို ကောင်းကောင်း မွန်မွန်ပဲ မြင်စေချင်တယ်။ ညီမက ရိုးရိုးသားသား လုပ်ကိုင်စားလို့ ဘယ်သူမဆိုပေါ့ ညီမကို အားပေးပါ။ ချစ်ခင်ပါ။ ဘယ်သူပဲဖြစ်ဖြစ် ညီမကို အကောင်းမြင်ပေးကြပါ”

ကလေးတွေ အရွယ်မရောက်သေးချိန်မှာ ခင်ပွန်းမရှိဘဲ သားသမီးသုံးယောက်ကို တစ်ယောက်တည်း ရုန်းကန်ရှာဖွေကျွေးမွေးနေပေမယ့် သားသမီးတွေအိမ်ထောင်ကျပြီး သူအိုမင်းလာချိန်မှာတော့ ဘယ်သူ့ကိုမှ ဝန်ထုတ်ဝန်ပိုး မပေးဘဲ ဘိုးဘွားရိပ်သာမှာပဲ သွားနေဖို့ ဆုံးဖြတ်ထားတယ်လို့ မစံပယ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။