မိဘမဲ့ကလေးတွေ အားထားရာ မှန်ကင်းပရဟိတဂေဟာ

2022.11.14
Share on WhatsApp
Share on WhatsApp
မိဘမဲ့ကလေးတွေ အားထားရာ မှန်ကင်းပရဟိတဂေဟာ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်က မှန်ကင်း မိဘမဲ့ဂေဟာနဲ့ ပရဟိတကျောင်း (အမှတ် - ၂) မှာ ခိုလှုံနေကြသည့် ကလေးငယ်များကို တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်က မှန်ကင်း မိဘမဲ့ဂေဟာနဲ့ ပရဟိတကျောင်း (အမှတ် - ၂) ကို နာယက ဆရာတော်ဘဒ္ဒန္တကဝိန က ၂၀၁၄ ခုနှစ်မှာ စတင်ထူထောင်ခဲ့တာကြောင့် အခုဆိုရင် ရှစ်နှစ် ရှိလာပါပြီ။

နို့စို့အရွယ်ကစပြီး အသက် ခုနစ်နှစ်အရွယ်အထိ မိဘမဲ့ကလေး ၁၀၂ ဦး၊ ကိုရင်၊ သီလရှင်၊ တက္ကသိုလ်ဝင် (၁၀) တန်း ကျောင်းသူ၊ ကျောင်းသားနဲ့ ဝန်ထမ်းတွေအပါအဝင် စုစုပေါင်း ၁၆၀ ဦး ရှိပါတယ်။

ကလေးအားလုံးဟာ မိဘကစွန့်ပစ်လိုက်လို့ အခြားသူတွေက လာရောက်ပို့ဆောင်တာ ရှိသလို ဆရာတော်ကိုယ်တိုင် သတင်းကြားလို့ သွားရောက်ခေါ်ယူပြီး စောင့်ရှောက် ထားသူတွေပါ။

လူ့ဘဝဆိုတာ ရခဲတာမို့ အပြစ်မရှိတဲ့ ကလေးငယ်တွေ လူ့ဘဝထဲရောက်လာပြီးမှ အသက်ဆုံးရှုံးတာမျိုး မဖြစ်စေရဘူးဆိုတဲ့ ကရုဏာစိတ် တစ်ခုတည်းနဲ့ ဒီမိဘမဲ့ဂေဟာကို ထူထောင်တာလို့ ဆရာတော်က မိန့်ပါတယ်။

"ဦးပဉ္စင်းတို့က ဘုန်းကြီးဖြစ်လို့ ဒီပရဟိတလုပ်တာလည်း မဟုတ်ဘူး၊ ပိုက်ဆံရှိလို့ ပရဟိတလုပ်တာလည်း မဟုတ်ဘူး၊ အဓိကက လူဘဝကိုရဖို့ဆိုတာ အင်မတန်မှ ခက်ခဲတယ်၊ ခက်ခဲတဲ့ ရလာတဲ့ လူ့ဘဝမှာ ဒီကလေးတွေ၊ အပြစ်မရှိတဲ့ ကလေးတွေ လူ့ဘဝမှာဆုံးရှုံးမှု မရှိရအောင်ဆိုပြီးတော့ ဦးပဉ္စင်းတို့က စေတနာအရင်းခံပြီးတော့ စေတနာကို အဓိကထားပြီးတော့ ဒီကလေးတွေကို ပြုစုပျိုးထောင်ရတယ်"

ကိုဗစ်ကပ်ရောဂါကာလမှာ ကလေးတွေအတွက် ကုန်ကျစရိတ်နဲ့ အခက်အခဲမျိုးစုံကို အရင်ကထက် ပိုကြုံခဲ့ရတာကြောင့် ဒကာ၊ ဒကာမတွေ လှူဒါန်းထားတဲ့ မော်တော်ကား သုံးစီးကိုပါ ရောင်းချပြီး ဆက်လက်ရပ်တည်ဖို့ ကြိုးစားခဲ့ရတယ်လို့ ဆရာတော်က ရှင်းပြပါတယ်။

"အပြစ်မရှိတဲ့ကလေးတွေ လူ့ဘဝမှာဆုံးရှုံးမှု မရှိရအောင်ဆိုပြီးတော့ ဦးပဉ္စင်းတို့က စေတနာအရင်းခံပြီးတော့ စေတနာကို အဓိကထားပြီးတော့ ဒီကလေးတွေကို ပြုစုပျိုးထောင်ရတယ်"

အင်မတန်နုနယ်တဲ့ မိဘမဲ့ကလေးတွေကို ကောင်းကောင်းစောင့်ရှောက်နိုင်ဖို့အတွက် ဝန်ထမ်းတွေနဲ့ ဆရာ၊ ဆရာမတွေကို လစာနဲ့ငှားရမ်းပြီး တာဝန်ကျေအောင် စောင့်ရှောက်ပေးဖို့ စီမံထားတယ်လို့ ဆရာတော်က မိန့်ပါတယ်။

"ဦးပဉ္စင်းက ဒီလုပ်အားပေးကိုတော့ ကျောင်းမှာ မခန့်ဘူး၊ ဝန်ထမ်းတွေကိုတော့ ဦးပဉ္စင်းက လစာနဲ့ ခန့်တယ်။ လုပ်အားပေးဆိုတာကတော့ တချို့ကိစ္စတွေမှာ ကိုယ်ပြောချင်ပေမယ့် သူတို့အပြစ်ရှိရင် ဒီလုပ်အားဒါနကို အကြောင်းခံပြီးတော့ ပြောရဆိုရတာတွေက ကိုယ့်ဘက်မှာ စည်းကမ်းတွေ ထိန်းသိမ်းရတာ အားနည်းတယ်။ အဲတော့ ဦးပဉ္စင်းက ဒီဆရာ၊ ဆရာမတွေမှန်သမျှကို ဦးပဉ္စင်းက လစာပေးတယ်၊ လစာနဲ့ ခန့်ထားသောအားဖြင့် ဦးပဉ္စင်းကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ ဦးပဉ္စင်း မကြိုက်တာတွေ့ရင် မကြိုက်သလို ဦးပဉ္စင်း အရေးယူဆောင်ရွက်တာပေါ့။ တချို့ အလုပ်က ထုတ်တာပေါ့။ အဲဒီပုံစံမျိုး။ ဒီလစာဆိုတာလည်း ဦးပဉ္စင်းမှာ စီးပွားရေး လုပ်ထားတာ မရှိဘူး။ ကုမ္ပဏီ ထောင်ထားတာလည်း မရှိဘူး။ ဒကာ၊ ဒကာမတွေ လှူတဲ့အလှူငွေကို အကျိုးရှိရှိ အသုံးချလိုက်တာပေါ့"

ရှိပြီးသား ကလေး ၁၀၂ ဦး ကို လိုအပ်ချက်မရှိအောင် ဖြည့်ဆည်းပေးချင်တာကြောင့် နောက်ထပ် မိဘမဲ့ကလေးတွေကို မြင်တွေ့ရပေမယ့်လည်း အသစ် ထပ်လက်ခံဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆရာတော်က မိန့်ပါတယ်။

ဒီဂေဟာလေးကနေပဲ ၁၀ တန်းအောင်ပြီး ဘွဲ့ရခဲ့တဲ့ ဆရာမ ဒေါ်ခင်ဆွေဝင်းက ဒီဂေဟာနဲ့ ဒီကျောင်းလေးမှာ မူလတန်းကနေ အထက်တန်းအထိ ကလေးတွေကို စာသင်ကြား ပေးနေပါတယ်။

ဒီကျောင်းက ကလေးတွေဟာ မိဘစွန့်ပစ်ခံထားရသူတွေမို့ သူတို့ကြီးပြင်းလာတဲ့အခါ သူတို့ရဲ့ ရင်သွေးတွေကို စွန့်ပစ်စရာမလိုဘဲ ကောင်းကောင်းစောင့်ရှောက်နိုင်တဲ့ မိဘတွေဖြစ်အောင် အခုကတည်းက လေ့ကျင့်သင်ကြားပေးနေတယ်လို့ ဆရာမ ဒေါ်ခင်ဆွေဝင်းက ပြောပါတယ်။

"သူတို့ အဓိကကတော့ ပညာတတ်ကြီး ဖြစ်စေချင်တယ်။ သူတို့ ပညာတတ်လာမှ သူတို့ဖြစ်ချင်တာတွေ သူတို့လုပ်ခွင့်ရမှာ၊ ပြီးလို့ရှိရင် သူတို့က အခုကနေပြီးတော့ မိဘမဲ့ပေါ့၊ မိဘမဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ တစ်ချိန်မှာ မိန်းကလေးတွေဆိုလို့ရှိရင် ယောက်ျားရမယ်၊ ယောက်ျားလေးတွေဆိုလို့ရှိရင် မိန်းမရမယ်၊ အဲအချိန်ကျမှ သူတို့ဘဝလိုမျိုး မဖြစ်အောင်ပေါ့၊ သူတို့သားသမီးလေးတွေကို အဲလိုမျိုး သေသေ ချာချာလေး ပြုစုပြီးတော့ပေါ့၊ မိဘမဲ့မဖြစ်ရအောင် အဲလိုမျိုး ဖြစ်စေချင်တာ၊ ဘယ်လိုပြောရမလဲ ကိုယ်က အဲလိုမျိုး လက်လှမ်းမီသလောက် သူတို့ကို ပြောပြ ပေးတယ်"

မိဘမဲ့ကလေးတွေအပေါ်ထားတဲ့ မေတ္တာစိတ်ကြောင့် ကလေးတွေ နေထိုင်မကောင်း ဖြစ်တဲ့အခါ စိုးရိမ်ပူပန်ခဲ့ရတယ်လို့ ကလေးတွေရဲ့ နိစ္စဓူဝလိုအပ်ချက်တွေကို ကူညီ ဆောင်ရွက်ပေးနေတဲ့ ဒေါ်ဝင်းမာနွယ်က ပြောပါတယ်။

"ကလေးနေမကောင်းတဲ့ အချိန်ဆို စိတ်ပူရတာတွေ၊ တစ်ခုခုဆိုလို့ရိရင် ကလေးတစ်ခုခု ဖြစ်သွားမှာ ကြောက်လို့ ကလေးနည်းနည်းဖျားတယ်ဆိုရင်တောင် ည အိပ်မပျော်တော့ ဘူး။ ကလေးတစ်ခုခု ဖြစ်မှာစိုးလို့လေ၊ အဲလို စိတ်ပူရတာတွေရှိတယ်။ မှတ်မှတ်ရရ ဆိုရင် ဟိုလကပဲ ညီမနဲ့နေတဲ့ ကလေးတစ်ယောက် ဖျားတာပေါ့၊ ဖျားတော့ ဆေးခန်းက ၆ နာရီဆို ဆေးခန်းပိတ်တော့မှာပေါ့၊ ဆေးခန်းကိုလည်း ဖုန်းဆက်ထားတယ်၊ ၆ နာရီ အမီ လာခဲ့မယ်ဆိုတော့ ကားက တက္ကစီခေါ်တာက ခေါ်မရဘူး။ တက္ကစီမောင်းတဲ့ သူက လာမယ်လာမယ်ပြောပြီး ၆ နာရီထိုးကို ရောက်မလာဘူး။ ဆေးခန်းက ၆ နာရီ ပိတ်တော့မှာဆိုတော့ ၆ နာရီထိုးခါနီးလေ၊ ကိုယ်က ကလေးကို ဒီကချီ၊ ချီပြီးတော့ ဟိုးကားဂိတ်အထိပြေး၊ ပြေးသွားပြီးတော့ အဲမှာ ဆိုင်ကယ်ကယ်ရီနဲ့ အဲဆေးခန်းကို မြန်မြန်သွားရတာတော့ အမှတ်တရပဲ"

နာယကဆရာတော်ဘဒ္ဒန္တကဝိနက ကလေးတွေရဲ့ အနာဂတ်အတွက် ထူးချွန်သူတွေကို ပညာဆုံးခန်းတိုင်အောင် သင်ကြားပေးမှာဖြစ်ပြီး ပညာမထူးချွန်တဲ့ ကလေးတွေကိုလည်း အသက်မွေးဝမ်းကျောင်းပညာတစ်ခုခု ရတဲ့အထိ ပြုစုပျိုးထောင်သွားမယ်လို့ မိန့်ပါတယ်။

orphans.jpg
မှန်ကင်း မိဘမဲ့ဂေဟာနဲ့ ပရဟိတကျောင်း (အမှတ် - ၂) မှာ ခိုလှုံနေကြသည့် ကလေးငယ်နှစ်ဦး စာရေးနေကြသည်ကို တွေ့ရစဉ်။ (Photo: RFA)

ပရဟိတကျောင်းမှာ လိုအပ်ချက်တွေ ရှိနေပေမယ့်လည်း ပြင်ပမှာရော လူမှုကွန်ရက် ပေါ်မှာပါ သီးသန့် အလှူခံတာမရှိဘဲ ဒကာ၊ ဒကာမတွေရဲ့ ဆရာတော်ထံ လှူဒါန်းငွေနဲ့ပဲ ရပ်တည်ဖြေရှင်းနေတယ်လို့ ဆရာတော်က ရှင်းပြပါတယ်။

ပရဟိတ အများအကျိုးကို ဆောင်ရွက်တဲ့အခါ အတ္တဟိတ မိမိရဲ့ဆန္ဒတွေလည်း ပြည့်စုံလာလိမ့်မယ်လို့ ဆရာတော် က ယုံကြည်မျှော်လင့်ထားပါတယ်။

"အဲဒီတော့ ဦးပဉ္စင်းက ပရဟိတလုပ်တဲ့အခါ သူများနဲ့တော့ မတူဘူး။ ဦးပဉ္စင်းသည် လမ်းထွက်ပြီးတော့ အလှူမခံဘူး။ ရပ်ကွက်တွေ ထွက်ပြီးတော့ အလှူမခံဘူး။ အင်တာနက်စာမျက်နှာပေါ်မှာ အလှူမခံဘူး။ ဦးပဉ္စင်းရဲ့ Facebook အကောင့်ရှိတယ် Ukawy ဦးကဝိဆိုပြီးတော့။ အဲအကောင့်မှာလည်းပဲ အလှူခံတဲ့စာ တစ်ကြောင်းမှ မရှိစေရဘူး။ ဦးပဉ္စင်းကျောင်းခြံထဲဝင်လာရင် အလှူခံတဲ့စာ၊ နှိုးဆော်စာတွေ မရှိစေရဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာ စကားပုံရှိတယ်၊ မျောက်ပြပြီးတော့ ဆန်တောင်းတယ် ဆိုတာ။ အဲဒီတော့ ဒီကလေးသူငယ်တွေကို အယောင်ပြပြီးတော့ အလှူခံတယ်လို့ထင်မှာ ဦးပဉ္စင်းက သိပ်ကြောက်တယ်။ အဲဒါနဲ့ ငါသည် ပရဟိတ အများ၏အကျိုးကို ဆောင်ရွက် နေတယ်၊ အတ္တဟိတ ငါ့ရဲ့ဆန္ဒတွေ ပြည့်စုံလာလိမ့်မယ်၊ အဲလိုပဲ ဦးပဉ္စင်းက ယုံကြည် ထားတယ်"

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာမှာလည်း မှန်ကင်း မိဘမဲ့ဂေဟာနဲ့ ပရဟိတကျောင်း (အမှတ်- ၁) ကို ဖွင့်လှစ်ထားပြီး အလယ်တန်းနဲ့ အထက်တန်းအရွယ် မိဘမဲ့ကလေး ၂၀ ကျော်ကို ဆရာတော်က ကျွေးမွေး စောင့်ရှောက်ရုံမက ပညာသင်ကြားပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။